Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

နားထောင်ပေးကြရဲ့လား


Written by မောင်ခေတ်

  ကိုဂျိုးသည် သားအငယ်ဆုံးဖြစ်ပြီး၊ အစ်ကိုနှစ်ယောက် အစ်မတစ်ယောက်ရှိသည်။ အငယ်ဆုံးသားဖြစ်သဖြင့် မိဘများ အသည်းစွဲအချစ်ခံရ သူလည်းဖြစ်သည်။ အစ်ကိုနှစ်ယောက်တွင် တစ်ဦးက အင်ဂျင်နီယာ၊ တစ်ဦးက တက္ကသိုလ်ဆရာ၊ အစ်မက ဆရာဝန်ဖြစ်သဖြင့် အားလုံးပညာ တော်ကြသည်ဟုပြောရမည်။ ကိုဂျိုးကို တစ်အိမ်လုံးက အလိုလိုက်ထားသဖြင့် လူဆိုးလေးတစ်ယောက်ဖြစ်နေရသည်။ ကျောင်းတွင် ပြဿနာရှာ၊ ရပ်ကွက်တွင်း ပြဿနာရှာနှင့် လူဆိုးလေးတစ်ယောက်ဖြစ်နေသော်လည်း မိဘများက ချစ်ရှာ သည်။ ကျောင်းတွင်လည်း ပြဿနာကောင်၊ စာမေးပွဲအကြိမ်ကြိမ်ရှုံး၊ ကျောင်းအုပ်ကြီးရုံးခန်းသို့ မကြာခဏ ရောက်သဖြင့် တစ်ကျောင်းလုံးကလည်း ကိုဂျိုးဆိုလျှင် မသိသူမရှိ။ ကျောင်းမှ ပညာရည်မှတ်တမ်းတွင်လည်း အဆင့် C နှင့် D ကမတက်။ သားဖြစ်သူ ဖြစ်ချင်တိုင်းဖြစ်နေသည်ကို မိဘနှင့် ညီအစ်ကိုမောင်နှစ်မများက စိတ်မချမ်းသာကြသော်လည်း ချစ်လွန်းသဖြင့် အရိပ်တကြည့် ကြည့် အလိုလိုက်ထားကြသည်။ တစ်နေ့တွင် ဘုရားကျောင်းမှပြန်လာသည့် မိဘများကို ဆရာမတစ်ဦးကနှုတ်ဆက်လိုက်ပြီး "သားက သိပ်တော်တာပဲ၊ မယုံနိုင်လောက်အောင်ပဲ" ဟုပြောလိုက်လေသည်။ မိဘများက လူမှားနေပြီထင်သဖြင့် သေသေချာချာမေးကြည့်မှ ကိုဂျိုး၏ အတန်းပိုင်ဆရာမဖြစ်နေကြောင်း သိလိုက် ရသည်။ နောက်တစ်နေ့တွင် အိမ်သို့ ပညာရည်မှတ်တမ်းရောက်လာသည်။ ကိုဂျိုးပညာရည်မှတ်တမ်းတွင် အဆင့် A ရသည့် ဘာသာလေးခု၊ အဆင့် B ရသည့်ဘာသာက သုံးခုဖြစ်နေကြောင်း တွေ့လိုက်ရသည်။ မိဘများက မယုံကြည်နိုင်သဖြင့် ကျောင်းသို့လိုက်သွားကာ ကျောင်းအုပ်ဆရာကြီးနှင့်တွေ့ဆုံပြီး အကျိုး အကြောင်း မေးမြန်းစုံစမ်းရသည်။ ကျောင်းအုပ်ကြီးက "ဟုတ်တယ်ဗျ၊ သူပြောင်းလဲသွားပြီ။ သူ့ကိုပြင်လိုက်တဲ့သူကတော့ ကျွန်တော့်သမီးပဲ။ သူက မသန်စွမ်းသူတွေ ကျောင်းမှာ စာသင်ပေးနေရတဲ့ ဆရာမလေ။ ခု ကျောင်းပိတ်တုန်းပြန်လာရင်းက မောင်ဂျိုးကိုတွေ့တော့ သူပြုပြင်ပေးမယ်ဆိုပြီး၊ လမ်းကြောင်းတည့်ပေးလိုက်တာ" ဟုပြောလိုက်သည်။ ထို့နောက် ကျောင်းအုပ် ဆရာကြီးက ပြောပြောဆိုဆိုနှင့် "သမီးရေ" ဟုလှမ်းခေါ်လိုက်ပြီး ကိစ္စရှိသဖြင့် တောင်းပန်ပြီး အပြင်သို့ ထွက်သွားသည်။ ကျောင်းရုံးခန်းအတွင်းသို့ ဆရာမလေးက ခေါင်းကလေးငုံ့ကာ ဝင်လာသည်။ ဆရာမလေးသည် ကိုဂျိုးမိဘများ ရှေ့တွင် သိမ်မွေ့စွာထိုင်ရင်း စာရွက်တစ်ရွက်ယူကာ စာတစ်ကြောင်းချရေးလိုက်သည်။ "ကျွန်မနာမည် မနှင်းဆီပါ။ စကားမပြောနိုင်ပါ။ သိလိုသည်များကို စာရေးပြောခွင့်ပြုပါ" ဟူ၍ဖြစ်သည်။ ဖခင်ဖြစ်သူက မိခင်ဘက်သို့လှည့်ပြီး "ဆရာမလေးက စကားမပြောတတ်ဖူးပဲ" ဟုပြောလိုက်သည်။ အနီးတွင်ထိုင်နေသော ကိုဂျိုးက "ဆရာမလေးက မပြောတတ်ပေမယ့် နားထောင်ပေးတတ်တယ်ဖေဖေ။ သူ ကျွန်တော်ပြောတာမှန်သမျှ တစ်လုံးမကျန် နားထောင်ပေးတယ်။ ဖေဖေနဲ့ မေမေတို့လည်း ဆရာမလေးလို သားပြောသမျှ နားထောင် ပေးရင် သိပ်ကောင်းမှာပဲ" ဟုပြောလိုက်လေသည်။
 ၂၈.၄.၂၁၀၅
http://www.maukkha.org/index.php/book-store/essay-maukkha/7500-2015-04-29-02-13-21

No comments:

Post a Comment