မနေ့က ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၁၅ဝ စလုံး သေဆုံးခဲ့ရတဲ့ Germanwings ပိုင် Airbus A320 ဂျက်လေယာဥ် ပျက်ကျခဲ့တဲ့ နေရာနားမှာ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်ခေါင်းဆောင်တွေဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သွားရောက်ခဲ့ကြပါတယ်။
ဂျာမနီဝန်ကြီးချုပ် Angela Merkel၊ ပြင်သစ်သမ္မတ Francois Hollande နဲ့ စပိန်ဝန်ကြီးချုပ် Mariano Rajoy တို့ဟာ လေယာဥ်ပျက်ကို ရှာဖွေစစ်ဆေးနေသူတွေ စခန်းချရာ Seyne-les-Alpes မှာ ကယ်ဆယ်ကူညီရေး လုပ်သားတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ကြတာပါ။
အဲဒီနေရာဟာ အင်္ဂါနေ့က စပိန်နိုင်ငံ Barcelona ကနေ ဂျာမနီနိုင်ငံ Dusseldorf ကိုအသွား လေယာဥ်စထွက်ပြီး တနာရီလောက်အကြာမှာ ပျက်ကျခဲ့တဲ့ နေရာနဲ့ သိပ်မဝေးပါဘူး။
ကူညီရေးလုပ်သားတွေဟာ ပြင်သစ်နိုင်ငံ Alps တောင်တန်းက လေယာဥ်ပျက်ကျခဲ့တဲ့ နေရာမှာရှိတဲ့ တောင်စောင်းတွေ၊ လျိုမြောင်တွေထဲမှာ အလောင်းတွေနဲ့ လေယာဥ်ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောနိုင်မယ့် ဒုတိယမြောက် black box ကို ရှာဖွေနေကြပါတယ်။ လေယာဥ်ပျက်ကျပြီး နာရီအတော်အကြာမှာ လေယာဥ်မောင်းခန်းထဲက တပိုင်းတစပျက်စီးနေတဲ့ အသံဖမ်းစက်ဖြစ်တဲ့ ပထမ black box ကို ရှာတွေ့ခဲ့ပြီး ပျက်မကျခင် လေယာဥ်မှူး ဘာတွေပြောခဲ့တယ်ဆိုတာ သိနိုင်ဖို့ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ပေးပို့ စစ်ဆေးနေပါတယ်။
Germanwings လေယာဥ်အမှတ် 9525 ပေါ်မှာ လိုက်ပါသွားသူတွေဟာ နိုင်ငံပေါင်း ၁၈ နိုင်ငံကဖြစ်ပြီး ဂျာမနီနိုင်ငံသား ရ၂ ဦးနဲ့ စပိန်နိုင်ငံသား ၃၅ ဦးထက်မနဲ ပါဝင်ပါတယ်။ ဒါ့အပြင် ဂျာမန် အော်ပရာ တေးသံရှင် ၂ ဦးနဲ့ ကျောင်းခရီးစဥ်အပြီး ပြန်လာကြတဲ့ ဆယ်ကျော်သက် ဂျာမန် ကျောင်းသူ ကျောင်းသား ၁၆ ယောက်လည်း ပါလာကြတာပါ။
စျေးသက်သက်သာသာနဲ့ ပြေးဆွဲတဲ့ Germanwings လေကြောင်းပိုင် Lufthansa ကုမ္ပဏီကတော့ ဒီလေယာဥ်ပျက်ကျမှုကို အခုချိန်မှာ မတော်တဆမှုအဖြစ် သတ်မှတ်ထားပေမဲ့ အကြမ်းဖက်မှု ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် အထောက်အထားတွေကိုလည်း သတိနဲ့ စစ်ဆေးနေတယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူကတော့ အကြမ်းဖက်မှုနဲ့ ကနဦးဆက်စပ်မှု တစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။ Germanwings ရဲ့ ဗုဒ္ဓဟူးနေ့ လေကြောင်းခရီးစဥ် အတော်များများကို လေယာဥ်ဝန်ထမ်းတွေရဲ့ ပန်ကြားမှုကြောင့် ဖျက်သိမ်းထားပြီး လေယာဥ်ပျက်ကျမှုအတွက် တုန်လှုပ် ဝမ်းနည်းရပါကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 25, 2015
လေယာဥ်ပျက်ကျရာအနီး ဥရောပခေါင်းဆောင်တွေ သွားရောက်
လေယာဥ်ပျက်ကျရာအနီး ဥရောပခေါင်းဆောင်တွေ သွားရောက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment