Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 8, 2015

မြို့တော်ခမ်းမရှေ့ ဆန္ဒပြသူများကို ဖြိုခွင်းမှု ဥပဒေနှင့်အညီ ဖြေရှင်းခြင်းဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ တုန့်ပြန်


မတ်လ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် ဆန္ဒပြမှုကို ဖြိုခွင်းခြင်းသည် ဥပဒေနှင့်အညီဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့နှင့် တွေ့ဆုံစဉ် တုန့်ပြန်ပြောဆိုလိုက်သည်။
မတ်လ ၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခမ်းမတွင် ၈၈ မျိုးဆက်နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များ တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
“၎င်းင်းနေ့ဖြစ်စဉ်တွင် တာဝန်ရှိသူများမှ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်" ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ညွှန်းဆိုခဲ့သည့် ပုဒ်မ ၁၂၇ တွင် ဒု-ရဲအုပ်အောက် အဆင့်မနိမ့်သည့် ရဲအရှိသည် "တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေး တစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောက်ယှက်ဖျက်ဆီးရန်ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းင်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်" ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၁၂၈ တွင်မူ "မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်" ဟု ပြဋ္ဌာန်းထားသည်။
သို့သော်ယင်းနေ့ဖြစ်စဉ်တွင် လက်နက်ကိုင်မဟုတ်ဘဲ လက်ပတ်နီဝတ်ဆင်ထားသည့် အမျိုးသားများက ဆန္ဒပြနေသည့် အမျိုးသမီးများကို ဖမ်းဆီးချုပ်နှောင် ကားပေါ်ဆွဲတင်သွားခဲ့မှုသည် ဥပဒေနှင့် မညီကြောင်း သုံးသပ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး ဝေဖန်မှုများ ရှိလာချိန်တွင် ဦးမြင့်ဆွေက ဖြေရှင်းချက် ပေးခြင်းဖြစ်သည်။
သို့သော် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကမူ အဆိုပါ လုပ်ဆောင်ချက်သည် "လိုရာဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ် လက်မခံကြောင်း၊ ထိုသို့ အကြမ်းဖက် ဖြေရှင်းခဲ့သည့်အတွက် မိန်းကလေးများ ကာယိနြေ္ဒ ပျက်စေခဲ့ကြောင်း" ပြန်လည် ပြောဆိုခဲ့သည်ဟု ယင်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦမြင့်ဆွေနှင့် အစိုးရအဖွဲ့ဝင်များ ပါဝင်သည့် ဆွေးနွေးပွဲသို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင် ၊ ကိုဇော်မင်းနှင့် မမီးမီးတို့ တက်ရောက်ခဲ့သည်။
( မဇ္ဈိမ)

No comments:

Post a Comment