Wednesday, March 18, 2015
ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်အစိုးရက ဦးဆောင်လျက် အခြေခံဥပဒေသစ် ရေးဆွဲနေသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းက ဆက်လက်ငြင်းခုန် နေပါက လက်ရှိရေးဆွဲနေမှုကို ရပ်ပစ်ကာ အစက ပြန်ဆွဲလိုက်မည်ဟု ဝန်ကြီးချုပ် ဗိုလ်ချုပ် ပရာယွတ်ချန်အိုချာက ပြောကြားလိုက်ကြောင်း Bangkok Post သတင်းစာက ရေးသားထားသည်။
လူထုဆန္ဒခံယူပွဲ အလျင်အမြန် ပြုလုပ်ပါရန် တောင်းဆိုနေမှုများ ကိုလည်း ပယ်ချလိုက်ပြီး အခြေခံဥပဒေသည် အစောပိုင်းအဆင့်များတွင်သာ ရှိနေသေးပြီး မပြီးသေးဟု ဗိုလ်ချုပ်ပရာယွတ်က ဆိုထားသေးသည်။
အခြေခံရမည့် မူကြမ်းများအပေါ် ငြင်းခုန်မှုများ ဆက်လက်ဖြစ်ပွားနေပါက ရှေ့ဆက်ရမည့် လမ်းကြောင်းကို ပြန်လည် စဉ်းစားရမည်ဟု ဗိုလ်ချုပ်ပရာယွတ်က ဆိုသည်။
“ကျွန်တော်တို့မှာ
ရွေးစရာနှစ်ခု ရှိပါတယ်။ အားလုံးသဘောတူလိုက်ပြီး ဘုရင့်နန်းတော်ရဲ့
အတည်ပြုချက်ကို ရယူဖို့ဖြစ်ပြီး နောက်တစ်ခုက လွှင့်ပစ်လိုက်ပြီးတော့ အသစ်က
ပြန်ရေးတာပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် စစ်ခေါင်းဆောင်က ဆိုသည်။
ကြားဖြတ် အခြေခံဥပဒေအရ မူကြမ်းများကို ဝိုင်းဝန်းပယ်ချလိုက်ပါက အသစ်တစ်ခု ထပ်ဆွဲရန်အတွက် ရေးဆွဲရေးကော်မရှင်ကို ထပ်မံဖွဲ့စည်းရမည်ဖြစ်သည်။ မူကြမ်းတွင် ငြင်းခုန်နေကြခြင်းမှာ ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက် ထားခြင်း မဟုတ်ဘဲလျက် အမတ်များမှတဆင့် အရွေးခံရနိုင်ခြင်းနှင့် နိုင်ငံရေးပါတီများကို အားနည်းအောင် လုပ်ဆောင်ထားခြင်း စသည်တို့ကို ဖြစ်သည်။
မူကြမ်းနှင့် ပတ်သက်၍ မည်သည့် အချိန်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မည်ကို ဗိုလ်ချုပ်ပရာယွတ်က ငြင်းဆန်ထားပြီး ဆုံးဖြတ်ချက်ချရန် စောသေးသည်ဟု ပြောကြားထားသည်။
အခြေခံရမည့် မူများသည် စတင် လုပ်ဆောင်နေဆဲ အဆင့်တွင်သာ ရှိသေးပြီး သင့်တော်သည့် အချိန် ရောက်မှသာ ဆန္ဒခံယူပွဲကိစ္စကို စဉ်စားမည်ဟု ဗိုလ်ချုပ်ပရာယွတ်က ဆိုထားသည်။
“ဆန္ဒခံယူပွဲကို လုပ်ချင်လည်း လုပ်မယ်။ လုပ်ချင်မှလည်း လုပ်မယ်။ အားလုံးကို ထည့်သွင်း စဉ်းစားပြီးတဲ့အခါမှ ကျွန်တော်ဆုံးဖြတ်မယ်။ အကြမ်းက ယခုထက်ထိ မပြီးသေးခင်မှာ ကျွန်တော် တို့က ဆန္ဒခံယူပွဲကိစ္စကို ပြောနေကြတယ်” ဟု ၎င်းက ပြစ်တင်ပြောကြားခဲ့သည်။
ဆန္ဒခံယူပွဲ လုပ်ဆောင်မယ့် ကာလမှာ ထိုင်းနိုင်ငံရေးအခြေအနေ အပေါ်လည်း မူတည်ကြောင်း အဆိုပါ စစ်ခေါင်းဆောင်က ဆိုသည်။
The Voice Weekly

No comments:
Post a Comment