Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 26, 2015

အိမ်သုံးရေသန့်စက် အသုံးပြု ရောင်းချသည့် ရေသန့်တချို့ အရည်အသွေး အာမခံချက်မရှိ

မိသားစုသုံးရန် အတွက် ရည်ရွယ်ထုတ်လုပ်သော အိမ်သုံးရေသန့်စက်များကို အသုံးပြု၍ ဈေးကွက်အတွင်း စီးပွားဖြစ် ပြန်လည်ဖြန့်ဖြုးရောင်းချနေသည့် ရေသန့်တချို့သည် အရည်အသွေး အာမခံချက် မရှိကြောင်း သိရသည်။

ထိုသို့ ရေသန့်ထုတ်လုပ် ရောင်းချမှုများကို အထူးသဖြင့် နယ်မြို့များတွင် တွေ့ရှိရကြောင်း၊ ရောင်းချသည့် ရေသန့်ကိုလည်း အိမ် သုံး ရေသန့်စက် တံဆိပ်အမည်ဖြင့်သာ ဖြန့်ဖြူးရောင်းချ နေသည်ကို တွေ့ရှိရသဖြင့် အရည်အသွေး အာမခံချက်မရှိသော သောက် ရေသန့်များ စာရင်း၌ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) က ထည့်သွင်း ကြေညာထားသည်။

FDA ၏ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ကြေညာသော စာရင်းတွင် ပါရှိသည့် ရေသန့်တံဆိပ်တချို့သည် ရေသန့် အရည်အသွေး ပြည့်မီခြင်း ရှိမရှိနှင့် ပိုးမွှားပါဝင်ခြင်း ရှိမရှိကို စစ်ဆေး၍ ကြေညာခြင်းမျိုး မဟုတ်ကြောင်း၊ FDA ၏ စိစစ်ထောက်ခံချက် ရယူခြင်း မရှိဘဲ ထုတ်လုပ်ထားသည့်အတွက် အရည်အသွေး အာမခံချက် မရှိဟု ကြေညာခြင်း ဖြစ်ကြောင်း FDA ညွှန်ကြားရေးမှူး ဒေါက် တာ ထွန်းဇော်က ပြောပြသည်။

“ဇူလီယန် (Zhulian) ဆိုတဲ့ တံဆိပ်နဲ့ အိမ်သုံးရေသန့်စက် ရောင်းနေတာ ရှိတယ်။ အဲဒီ တံဆိပ်ရေသန့်စက်ကို ဝယ်ပြီး ဇူလီယန် သောက်ရေသန့် တံဆိပ်ဆိုပြီးတော့ ထုတ်ရောင်းတာမျိုး ဖြစ်ပါတယ်။ ကျနော်တို့က စက်ရဲ့ တံဆိပ်နာမည်ကို လုံးဝစိတ်မဝင်စားဘူး။ တံဆိပ်တပ်ပြီး ရောင်းနေတဲ့ သောက်ရေသန့်တွေကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာ ထွန်းဇော်က ဧရာဝတီကို ပြော သည်။

FDA က ထုတ်ပြန်ခဲ့သော ရေသန့်တံဆိပ် အများစု၏လိပ်စာများမှာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် စသည့်ဒေသများ မှ ဖြစ်ပြီး ယင်းတံဆိပ်များအနက် ဧရာဝတီနှင့် တနင်္သာရီတိုင်းရှိ မြို့နယ် ၁၃ ခုတွင် ဖြန့်ဖြူးလျက်ရှိသော ဇူလီယန်(Zhulian) တံဆိပ်သည် အိမ်သုံးရေသန့်စက် ကုမ္ပဏီအမည် ဖြစ်ကြောင်း FDA နှင့် ဇူလီယန် ရေသန့်စက် အရောင်း အေဂျင်စီများက ပြောဆို သည်။

ဇူလီယန် ကုမ္ပဏီ အရောင်းအေဂျင်စီ တဦးဖြစ်သော ဦးသန်းထွဋ္ဋ်က“Zhulian ကုမ္ပဏီကထုတ်တဲ့ ရေသန့်စက်ဟာ စီးပွားဖြစ်သုံးဖို့ ထုတ်ထားတာ မဟုတ်ဘဲ မိသားစုသုံး အတွက်ပဲ ထုတ်ထားတာပါ။ ဒီရေသန့်စက် တလုံးဟာ ကျပ် ၁၀ သိန်း ကျော်လောက် ရှိတဲ့ အတွက် အိမ်တိုင်း မသုံးနိုင်ဘူး။ ဒီရေသန့်စက်က ထွက်တဲ့ ရေက ကျန်းမာရေးအတွက် ကောင်းမွန်တာ ဖြစ်တဲ့အတွက် ဝယ်နိုင်တဲ့ သူတွေက ဝယ်ပြီးတော့ စီးပွားဖြစ် ပုံစံမျိုး ပြန်ဖြန့်တာမျိုး ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

အသုံးများသော စီးပွားဖြစ် ရေသန့်စက်များသည် စက်အမျိုးအစားနှင့် သန့်စင်နိုင်သည့် ရေပမာဏပေါ် မူတည်ပြီး ကျပ် သိန်း ၁၀၀ ခန့်မှ သိန်း ၅၀၀ ဝန်းကျင်အထိရှိကြောင်း၊ အိမ်သုံး ရေသန့်စက်များသည် ကျပ် ၅ သိန်းမှ ၁၀ သိန်း ဝန်းကျင်သာ ရှိခြင်းကြောင့် တချို့စီးပွားဖြစ် လုပ်ကိုင်သူများက ဈေးပိုသက်သာသော အိမ်သုံးရေသန့်စက်များကို ဝယ်ယူ၍ FDA ၏ အရည်အသွေး ထောက်ခံ ချက်ကို ရယူခြင်း မရှိဘဲ ရေသန့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုများ ရှိနေကြောင်း ရေသန့်လုပ်ငန်းရှင် တချို့ကလည်း ပြောပြသည်။

မြန်မာနိုင်ငံတွင် FDA က တရားဝင် ခွင့်ပြုထားသော ရေသန့် အမျိုးအစားပေါင်း ၆၉၇ ခု ရှိကြောင်း၊ FDA ၏ ထောက်ခံချက် မရှိဘဲ ဖြန့်ဖြူးရောင်းချနေသော ရေသန့်များကို ထပ်မံစိစစ် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
http://burma.irrawaddy.org/news/2015/02/25/71714.html

No comments:

Post a Comment