Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 7, 2015

စုပုံချစ်


Kyaw Soe Naing
စုပုံချစ်ဆိုတဲ့ မိန်းကလေးဟာ မွေးကတည်းက ကိုယ်အဂါင်္မပြည့်စုံရှာဘူး၊ ခြေထောက်တဘက်နဲ့ ရပ်ရတယ် ။ စာရေးရတယ် ။ ကွန်ပျူတာသုံးရတယ် ။
ဆယ်တန်းအောင်တော့ ဆေးကျောင်းအမှတ်မီတယ် ။ တလောက စကောလားရှစ်ရလို့ နိုင်ငံခြားမှာကျောင်းသွားတက်တယ် ။
အခုကျောင်းသားသပိတ်မှာ ဧရာဝတီစစ်ကြောင်းကနေ သူကိုယ်တိုင် တိုက်ပွဲဝင်နေတယ်..။
source kyaw swar myint
သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ပညာတော်သင်သွားရောက်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်ဟာ (Master of Policy Studies - MPS) မဟာဘွဲ့ ကို ထူးချွန်အောင်မြင်ရရှိခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
သူဟာ ဆစ်ဒနေမြို့က The University of New South Wales (UNSW) တက္ကသိုလ်မှာ တစ်နှစ်ခွဲကျော်အကြာ ပညာသင်ယူခဲ့ပြီး မေဂျာဘာသာရပ်နှစ်ခု ဂုဏ်ထူးရအောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို
ပြန်လည်ရောက်ရှိလာတဲ့ မစုပုံချစ်ကို မိဘနှစ်ပါးအပါအ၀င် မိသားစုဝင်တွေနဲ့ သူရဲ့သူငယ်ချင်းမိတ်ဆွေတွေက လာရောက်ကြိုဆိုခဲ့ကြပါတယ်။
မစုပုံချစ်ဟာ အကောင်းအတိုင်းရှိတဲ့ ဘယ်ဖက်ခြေထောက်ကိုအသုံးပြုပြီး စာရေးနိုင်တာဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့ပြီး သတင်းနှင့်နည်းပညာ အင်ဂျင်နီယာဘာသာရပ်အထူးပြုနဲ့ နည်းပညာတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။
မဟာဘွဲ့အတွက် နည်းပညာတက္ကသိုလ်ကို တက်ရောက်နေဆဲမှာ ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ပညာတော်သင်ဆုကို ရရှိခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံက မသန်စွမ်းသူတစ်ဦးအနေနဲ့ ပြည်ပ ပညာတော်သင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ခု
စိုက်ထူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
source 7 days daily
By Shwe Moe Hein
credit >>>Oo Zaw Min
လေးစားစွာပြန်လည်တင်ပြပေးသည်
k s n


မင်းကိုတော့ (ငါအပါအဝင်) အားလုံးကစုပုံပြီးချစ်တော့မှာပဲ စုပုံချစ်.....

ပြောရမယ်ဆို ပြန်ကြားရေးဝန်ကြီးဌာန MRTV-4 FREE TO AIR လိုင်းရဲ့ Let's Talk အစီအစဉ်ရဲ့ ကျေးဇူးနဲ့ ဒီကောင်မလေးကို စသိခဲ့တယ်။ (သူ့အကြောင်းက ဟိုးအရင်ထဲက ဂျာနယ်တွေမှာ ပါတယ်လို့ နောက်မှသိရ။) ဒီအစီစဉ်က အောင်မြင်ကျော်ကြားတဲ့သူတွေရဲ့ ရင်တွင်းခံစားချက်တွေ၊ ပြည်သူလူထုကို အကျိုးပြုခဲ့တဲ့သူတွေ အကြောင်းတင်ဆက်တာဖြစ်ပြီး ဒီကောင်မလေး အကြောင်းကိုတော့ ဂုဏ်ပြုမှတ်တန်း အနေနဲ့တင်ဆက်တာဖြစ်ကြောင်း အစီအစဉ် တင်ဆက်သူက ပြောပါတယ်။ ဒီကောင်မလေး ရဲ့ မလျှော့တဲ့ ဇွဲလုံ့လနဲ့ မသန်စွမ်းပေမဲ့လည်း အကောင်းဆုံးကြိုးစားပြီး၊ သူမရဲ့ ပညာအရေးအချင်းနဲ့ ကမ္ဘာ့အလည်မှာ မြန်မာဆိုပြီး အားလုံးဝိုင်းပြီး လေးစားရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူဆိုပြီး ဂုဏ်ပြုစကားနဲ့ စထားတယ်။ 

ပထမတော့ အစီအစဉ် တင်ဆက်တဲ့ဘဲက နဲနဲ များတယ်လို့ထင်လိုက်မိတယ်။ ကိုယ့်လူမျိုး တစ်ယောက် တခုခု အောင်မြင်ပြီဆို ကျွန်တော်တို့လူမျိုးကလည်း အရမ်းဂုဏ်ယူတတ် တာရယ်၊ လွှင့်တဲ့ချယ်နယ်ရဲ့ ပရောပါဂမ်းနားတွေလွှင့်လေ့ရှိတဲ့ သမိုင်းရယ်ကြောင့်လည်း ပါမယ်ထင်တယ်။ ဒီဘဲက ဆက်ပြောတယ်။ ဒီကောင်မလေးက ပညာရပ်ပိုင်းဆိုင်ရာဆုတွေအပြင် တခြားသောဆုပေါင်းမြောက်များစွာကို ရရှိထားတယ်ဆိုပြီး ပြောပါတယ်။ သူပြောသွားတာတွေ ချရေးရမယ်ဆို

၂၀၀၁ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားမှာ စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု 
၂၀၀၁/၂ ကမ္ဘာ့လူဦးရေနေ့ အပြည်ပြည်ဆိုင်ရာ ပိုစတာပြိုင်ပွဲမှာ ဗဟိုအဆင့် ဂုဏ်ပြုဆု 
၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲမှာအထင်ပေါ်ဆုံး ကျောင်းသူဆု 
၂၀၀၄ခုနှစ်မှာ ဆယ်စုနှစ် ထူးချွန်ဆုကျောင်းသူ
၂၀၀၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ မှာ ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု ရခဲ့တယ်တဲ့။

ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်ရခဲ့တဲ့ အပြင် ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာလည်း သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် (စကော်လားရှစ်နဲ့) သြစတြေးလျမှာ ပညာသင်ကြားနေတယ်လို့ မိတ်ဆက်ပေးထားပါတယ်။ ပြီးတော့ အစီအစဉ်တင်ဆက်တဲ့ဘဲက ဒီကောင်မလေးရဲ့ ဘဝရပ်တည်မှု၊ ရင်တွင်းခံစားချက်တွေ၊ သူ သင်ယူခဲ့ရတဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေ၊ ဒါတွေကို အကောင်းဆုံးအသုံးချပြီး ဒီကောင်မလေးဘယ်လို 
ဆောင်ရွက်မယ်ဆိုတာတွေကို နိုင်ငံပိုင် တီဗီစတေရှင်က ဒီအစီအစဉ်မှာမှတ်တမ်းတင်ခွင့်ပြုဖို့ ခွင့် တောင်းရင်းနဲ့ ကောင်မလေးရဲ့ အင်တာဗျူးကို စထားပါတယ်။ 

ဒီကောင်မလေးသာ ခင်ဗျားတို့ ကျွန်တော်တို့လို ကိုယ်လက်အဂါင်္စုံစုံလင်လင်နဲ့ ပုံမှန်လူတစ်ယောက်ဆိုရင်တော့ သူရရှိခဲ့တဲ့ ဆုတွေ၊ အောင်မြင်မှုတွေက ပုံမှန် လူတော်တစ်ယောက်ဆိုတာနဲ့ လုံလောက်တယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန်တော်တို့ ပုံမှန်တွေ့ရတတ်တဲ့ စာတော်တဲ့လူ တစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီကောင်မလေးက မွေးရာပါ လက်နှစ်ဖက်က မသန်ဘူး။ ပါတယ်ဆိုရုံလေးပဲ ပုံထဲမှာ ပါတဲ့အတိုင်း။ခြေတဖက်ကလည်း မသန်တာလားမသိ ခြေတုတတ်ထားရတယ်။ ကျွန်တော်တို့ နေ့တဓူဝလုပ်နေတဲ့ အလုပ်မှန်သမျှနီးပါးကို ဘယ်ဖက်ခြေထောက်နဲ့ပဲ လုပ်ခဲ့ရတဲ့လူ။ ပုံမှန် (မချမ်းသာတဲ့) မိသားစုထဲကနေ ဒီခြေတဖက်နဲ့ စာရေးပြီး ဒီဘွဲ့တွေ၊ ဒီလို အခြေအနေတွေကို ရထားတာ တစ်ခုထဲနဲ့တင် အခုလို နိုင်ငံပိုင်တီဗီမှာ လွင့်ဖို့သင့်တယ်လို့ ကျွန်တော် သဘောတူမိသွားပါတယ်။ လူတွေ အရမ်းအတူယူဖို့ ကောင်းတာက သူတစ်ယောက်ထဲ မဟုတ်ပဲ သူ့မိဘလည်း ပါတယ်ဆိုတာ ဒီအစီအစဉ်မှာ တွေ့နိုင်တယ်။ 

ဒီနေရာမှာ သူ့မိဘကို အရမ်းအမျှော်အမြှင်ကြီးတယ်လို့ ပြောချင်တယ်။ ကိုယ်လက်အဂါမစုံပဲ မွေးလာတဲ့ ကောင်မလေးကို စိတ်ဓတ်ခိုင်မာပြီး၊ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်အောင်၊ ကိုယ်ဘာမှပြင်လို့မရတဲ့ ဘဝကြီးကို အရှုံးမပေးပဲ ကြိုးစားအောင်၊ မရှက်အောင်၊ မကြောက်အောင်၊ လူတောတိုးအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် အပြင် သူတပါးကို နားလည်တတ်အောင်၊ အမြဲတမ်းအပြုံးနဲ့ ဆက်ဆံတတ်အောင်၊ ကိုယ့်ကို နားမလည်တဲ့ သူတွေကို ခွင့်လွတ်တတ်အောင် စတဲ့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရတဲ့ အကျင့်စရိုက်အတွေးအခေါ်တွေကို ကလေးဘဝထဲက ပေးခဲ့တယ်။ အရွယ်ရောက်လာတော့လည်း မရှိမဲ့ရှိမဲ့ ပိုက်စံလေးတွေနဲ့ သူတို့ သမီးရဲ့ ပညာရေးမှာ ရင်းနှီးမြှုတ်နှံခဲ့တယ်။ သွားရေးလာရေး အခက်အခဲက အစ မိသားစုတစုလုံး ဖေးဖေးမမနဲ့ လိုအပ်တာတွေ ထောက်ပံ့ပေးသလို၊ စာသင်ချင်လို့ ကျောင်းပညာရေးရော၊ အပြင်သင်တန်းတွေပါ ခုန်စွခုန်စွ သွားပြီးတတ်ခဲ့ရတဲ့ သူတို့ဘဝကို ကြားတော့ ကျွန်တော်မလေးစားပဲ မနေနိုင်ဘူး။ 

တီဗီ အစီအစဉ်ထဲမှာတော့ ကောင်မလေးက သူတတ်ခဲ့ရတဲ့ ကျောင်း၊ သူသင်ခဲ့ရတဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေကို စပြောပြတယ်။ကောင်မလေးက Australian development award စကော်လာရှစ်နဲ့ University of New South Wales မှာ မူဝါဒပိုင်းဆိုင်ရာ မဟာတန်းတတ်ပြီး မာစတာဘွဲ့ (Master of Policy Stuties - MPS) ရခဲ့တယ်တဲ့။ နောက်သူသင်ရတဲ့ ဘာသာရပ်ပိုင်းဆိုင်ရာအကြောင်းတွေနဲ့ ခရတ်ဒစ်ရတဲ့ ဘာသာတွေအကြောင်းပြောပြတယ်။ ကောင်မလေးက သြစတြေးလျမှာ ပညာသင်ရတဲ့ သူ့အတွေ့အကြုံတွေပြောပြတယ်။ သူလို မသန်စွမ်းတွေ ပညာသင်ကြားရတာ လွယ်ကူရုံတင် မကဘူး၊ သွားရလာရ လွယ်ကူအောင် အစိုးရက ဆောင်ရွက်ပေးထားတာတွေ ပြောပြတယ်။ ရောက်ရောက်ခြင်းပဲ သူ့ကို ဝှီးချဲ တစ်ခုပေးထားကြောင်း၊ ဒီဝှီးချဲကို ကျောင်းပရဝဏ်တစ်ခုလုံး သွားလို့ရအောင် လမ်းတွေလုပ်ပေးထားကြောင်း၊ အပြင်သွားမယ်ဆိုလည်း ဘတ်(စ)ကားတွေမှာ ဝှီးချဲတတ်လို့ရအောင် ပြင်ဆင်ပေးထားကြောင်း၊ သူတို့ကိုဆို ကားဒရိုက်ဘာတွေက ဆင်းလာပြီး ကူပေးကြောင်း၊ လူတွေကလည်း သူတို့ကို ဦးစားပေးကြောင်း စတာတွေကို ပြောပြတယ်။ သူတို့လို့ ကိုယ့်နိုင်ငံသားလည်း မဟုတ်တဲ့ မသန်စွမ်းတွေကို ဒီလို ဩဇီက အစိုးရရော၊ နိုင်ငံသားတွေကပါ ကိုယ်ချင်းစာတရားနဲ့ ဦးစားပေး ဆက်ဆံခံရတာတွေကို ပြောပြတယ်။ 

ကောင်မလေးက သူမြန်မာပြည်မှာ ကျောင်းကားမရှိတုန်း ၆လ ရွေဂုန်တိုင်ကနေ Y.T.U ကို မထသ ၅၀ စီးခဲ့တဲ့ အကြောင်းတွေလည်းပြောပြတယ်။ သူဟာပုံမှန်လူလိုပဲ တိုးဝှေ့ပြီး စီးခဲ့ရတယ်တဲ့။ သူ့လို ခြေတဖက်မသန်၊ လက်မဖက်မရှိတဲ့ ကျောင်းသူလေးဟာ သူလိုကိုယ်လိုပဲ ဘတ်(စ်)ကား ကြပ်ကြပ်ထဲမှာ ကိုင်စရာ လက်မပါပဲ တိုးတက်၊ တိုးဆင်းခဲ့ရတဲ့ အကြောင်းတွေ ပြန်ပြောပြတယ်။ သူတို့လို့ မသန်စွမ်းတွေကို အစိုးရလို အဖွဲ့အစည်းတွေကလည်း ဖေးမမှုတွေမရှိခဲ့ သလို၊ သူမွေးရပ်မြေက လူမှုအသိုင်းအဝိုင်းက စာနာမှုတွေ မပေးခဲ့တာကို ပြောပြတယ်။ (အဲဒီအပိုင်းနားထောင်ပြီးတော့ မျက်ရည်ဝဲရတယ်။) ကောင်မလေးက နာလို့ပြောနေတဲ့ ပုံမပေါက်ဘူး။ လူတွေကို အပြစ်တင်နေတဲ့ပုံနဲ့ မပြောဘူး။ လူတွေ နှိုင်းယှဉ်လို့ ရအောင်၊ တခြားနေရာတွေမှာ လူတွေက ဒီလို စာနာတတ်ကြတယ်ဆိုတာ ပါးပါးလေး ပုတ်ပြသွားတာ။ (ကောင်မလေး သင်ရတဲ့ အထဲမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို သိရှိ နားလည်စေရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို လေ့လာရန်တို့ ပါဝင်ကြောင်း တခြားအင်တာဗျူးတစ်ခုမှာ ဖတ်ရတယ်။)

ကောင်မလေးက သူ့ရင်တွင်းခံစားချက်တွေကို ပြောပြရင်း၊ သူ သင်ယူခဲ့ရတဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေကို အကောင်းဆုံးအသုံးချပြသွားလိုက်တယ်လို့ ပဲမြင်တယ်။ နိုင်ငံပိုင် မီဒီယာကို အသုံးချပြီး မသန်စွမ်းတွေနဲ့ ပါတ်သတ်လို့ လူတွေ awareness ဖြစ်စေဖို့၊ စာနာတတ်ဖို့ ၊ ဒါဟာ ယဉ်ကျေးတယ်လို့ ခံယူချင်တဲ့ လူ့အဖွဲ့အစည်းမှာ ရှိသင့်တဲ့ အကျင့်စရိုက်တွေဆိုတာ ပညာပေးသွားတယ်လို့ ကျွန်တော်ကမြင်တယ်။ ကောင်မလေးက သူ့ပညာရေးအတွက် လူလူချင်းစာနာပြီး ကြားထဲက အလကား ရင်းနှီးမြုတ်နှံပေးလိုက်တဲ့ ဩစတေးလျအစိုးရကို ပညာရေးမှာ ရင်းနှီးမြုတ်နှံတာဟာ လူသားတွေကို ရေရှည်အကျိုးပြုမဲ့ ရင်းနှီးမြုတ်နှံမှုတစ်ခုလို့ သက်သေပြလိုက်သလိုပါပဲ။ အမှန်တော့ ကောင်မလေးက သူဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်ကြိုးစားရကြောင်းတွေ ရွှမ်းရွှမ်းဝေအောင် ပြောပြီး (လူတွေပြောပြောနေတဲ့ ပညာရှိနည်းနဲ့)၊ အစိုးရရော၊ လူ့အဖွဲ့စည်းရဲ့ အားနည်းချက်တွေကို မထောက်ပြပဲ ဖြေသွားလို့ ရတယ်။ ဒါပေမဲ့ ဒီကောင်မလေးက သာမန်လူတွေထက် ခေါင်းပိုကြီးတယ်။ အစိုးရပါမက လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက် ရေရှည်အကျိုးပြုစေမဲ့ စကားကို အဓိကထားပြောသွားတယ်။ 

ကောင်မလေးက သူမိဘရဲ့ အားပေးမှုကြောင့် တော်ယုံတန်ယုံ အားမငယ်တတ်ဘူး။ အတန်းထဲမှာလည်း စာတော်တော့ ကျောင်းဂုဏ်ဆောင် ဖြစ်ခဲ့တယ်တဲ့။ အဲဒီအတွက် ကျောင်း ပွဲတွေမှာဆိုလည်းပါ ဟိုပါဒီပါပေါ့။ တနေ့ သူတို့ကျောင်းမှာ မာတီမီဒီယာခန်းဖွင့်မယ်ဆိုတော့ ကောင်မလေးက အရမ်းပါချင်တာပေါ့။ ဖွင့်ပွဲကြရင် လူကြီးတွေလာတဲ့ အခါ ကြိုဆိုရ၊ ရှင်းပြရတဲ့ အလုပ်မျိုးတွေလည်း လုပ်ချင်တာပေါ့။ ဒီတော့ မိဘဆရာ အသင်းမှာပါတဲ့ သူ့အဖေကို ဆရာကြီးကို ပြောခိုင်းပြီး သူပါရမယ်ပဲထင်ပြီး ပျော် နေတာပေါ့။ ဒါမျိုးက ကျောင်းမှာ စာတော်တဲ့ ကျောင်းသူကျောင်းသားတွေပဲ လုပ်ရတာဆိုတော့ သူပါမယ်လို့ ထင်နေတာပေါ့။ တကယ်တမ်း ဖွင့်ပွဲ့နေ့ကြတော့ ကောင်မလေးက ဝေလေလေနေရာကတောင် မပါရရှာဘူး။ သူ့ကိုလည်း ဖွင့်ပွဲကို မဖိတ်ဘူး။ ဒီလိုကျောင်းအတွက် မင်္ဂလာယူနေတဲ့ အချိန်မှာ ဒီလိုမျိုး အမင်္ဂလာ ထည့်စရာလားတဲ့။ အဲလိုပြောတဲ့လူတွေက ဘယ်ဘာသာကိုးကွယ်တဲ့ ဘာလူမျိုးတွေလည်းတော့ မသိဘူး။ ဒီစကားက တော်ယုံတန်ယုံ အားမငယ်တတ်တဲ့ ကောင်မလေးတောင် တော်တော်လေး ဝမ်းနည်းသွားရတယ်။ တကယ်တန်းဖွင့်ပွဲလုပ်တော့ ကောင်မလေးက မပါရဘူး။ သူတို့ ရပ်ကွက်ထဲက လူတွေကလည်း စာတော်တဲ့ ကောင်မလေး ပါမယ်ထင်လို့ လာမေးကြတယ်။ ယဉ်ကျေးပါတယ်လို့ဆိုတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး က ဘယ်သူကိုမှ ဒုက္ဒမပေးတဲ့ ဒုက္ခိတလေးကို အမင်္ဂလာတဲ့ ရက်ရက်စက်စက် ပြောရက်ကြတယ်။ ဒီအကြောင်းပြန်ပြောတဲ့ ကောင်မလေးနဲ့ သူ့အမေ မျက်ရည်ဝဲရတယ်။ ဒီအင်တာဗျူး နားထောင်နေတဲ့ ကျွန်တော်ကတော့ ချုံးပွဲချငိုမိတယ်။ ပြောရက်တယ်ဗျာ အမင်္ဂလာတဲ့။ 

ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ကောင်မလေးပုံကို ကျောင်းသားသပိတ် ဧရာဝတီစစ်ကြောင်းမှာ တတပ်တအားပါဝင်နေတာကို တွေ့လိုက်ရတော့ ကျွန်တော်တော်တော်လေး အံ့ဩသွားတယ်။ (ကျွန်တော်သာဆိုရင် ကျွန်တော့ကို အမင်္ဂလာလို့ သတ်မှတ်ပြီး နှိမ်ခဲ့တာကို လက်ခံပေးခဲ့တဲ့ လူ့အဖွဲ့အစည်းအတွက် ပြန်လုပ်ပေးချင်စိတ်ရှိချင်မှရှိတော့မှာ)။ အဲဒီအထဲမှာရော သူ့ကို အမင်္ဂလာလို့ ခေါ်မဲ့ လူတွေရှိကောင်းရှိနေနိုင်သေးတာပေါ့ဗျာ။ ဒါပေမဲ့ ကောင်မလေးရဲ့ နှလုံးသားက ကျွန်တော်တို့ထက်ကြီးတယ်။ သူ့အပေါ် နားမလည်နိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းကြီးမှာ သူ့လိုလူတွေ အနှိမ်မခံရစေဖို့၊ အားလုံးအတွက်မျှမျှတတနဲ့ လွတ်လပ်တဲ့ ပညာရေးရဖို့အတွက် သူ့တာဝန်ကို သူကျေပြတယ်။ သူဟာ အနောက်တိုင်း တက္ကသိုလ်ကြီးက ဘွဲ့တွေရပြီး သူလိုချင်တဲ့ ပန်းတိုင်ကို ရပြီးလည်း တကိုယ်ကောင်းမဆန်ခဲ့ဘူး။ 

အမှန်တော့ သဘာဝ တရားကြီး (ဒါမှမဟုတ် ခင်ဗျားတို့ပြောတဲ့ ဘုရားသခင်တွေနဲ့ ရှေးအတိတ်ကံတွေ) ဟာ ကောင်မလေးအပေါ် တရားခဲ့ပါတယ်။ သဘာဝတရားကြီးက ကောင်မလေးရဲ့ ဘယ်ဘက်လက်ကိုယူပြီး ကောင်မလေးကို ကျွန်တော်တို့ထက်ပိုကြီးတဲ့ ဦးနှောက်ကို ပေးခဲ့ပါတယ်။ ကောင်မလေးရဲ့ ညာဖက်လက်ကို သူ့ကိုမပေးပဲ ကျွန်တော်တို့ထတ်ပိုကြီးတဲ့ နှလုံးသားကို ပေးခဲ့ပါတယ်။ ဆာနေတဲ့ သူ့ခြေတစ်ဖက် အတွက်တော့
(ကောင်မလေးရဲ့ စေတနာကိုနားလည်ပြီး၊ သူ့မှာရှိတဲ့ ပညာရဲ့ တန်ဖိုးကို သိတဲ့ )လူတွေက ကောင်မလေးကို သူ့နာမည်လေးအတိုင်း စုပုံပြီး ချစ်နေအောင် သဘာဝတရားကြီးက ဖန်တီးပေးခဲတယ်လို့ပဲ တင်စားချင်တော့တယ်။ ။ 

မောင်ရင်ငဇေ

https://www.youtube.com/watch?v=W1eNUSQjgAU
https://www.youtube.com/watch?v=yhVoyHgz9-E
https://www.youtube.com/watch?v=eHQZsJe9aos

No comments:

Post a Comment