Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 26, 2015

ဂူးဂဲလ်ဘာသာပြန်ရဲ့ မြန်မာဘာသာပြန်ဆိုမှုမှာ မြန်မာ-အင်္ဂလိပ် ကျွမ်းကျင်သူတွေ ပါဝင်နိုင်မယ့် အစီအစဉ်


Google Translate တွင် မြန်မာဘာသာ ပြန်ဆိုမှု အရည်အသွေး တိုးတက်မှု ရှိစေရန် အင်္ဂလိပ်နှင့်မြန်မာ နှစ်ဘာသာကို ကျွမ်းကျင်စွာ ပြောနိုင်သူများ ပူးပေါင်း ပါဝင်နိုင်မည့် “Love Your Language” Translate-a-thon အစီအစဉ်ကို ရန်ကုန်မြို့တွင် Google မှ ပထမဆုံးအကြိမ် ကျင်းပမယ်လို့ သိရပါတယ်။

အဲ့ဒီ Translate-a-thon အစီအစဉ်ကို Google မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Innovation Lab ၌ ကျင်းပမှာ ဖြစ်တယ်လို့ Google ရဲ့ကုန်ပစ္စည်း မန်နေဂျာ ဒီဗွန်းလန်း (Divon Lan) က ပြောပါတယ်။

အဲ့ဒီပွဲမှာ အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာ ကျွမ်းကျင်သူ ဘယ်သူမဆို ပါဝင်နိုင်ပြီး Google Translate အတွက် ဘာသာပြန်ရန် ခက်ခဲနေတဲ့ အကြောင်းအရာတွေ စကားလုံးတွေကို အဓိကထား ကူညီ ဘာသာပြန်ဆိုကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာဘာသာစကားကို Google Translate နှင့် ဘာသာပြန်ဆိုရာတွင် အမှားအယွင်းများ ရှိနေရခြင်းမှာ အင်တာနက်တွင် မြန်မာဘာသာနှင့် ရေးသားထားသော အချက်အလက်များ အင်မတန် နည်းနေသေးခြင်းကြောင့် ဖြစ်သည်ဟု မစ္စတာ ဒီဗွန်းလန်းက ပြောပါတယ်။

မစ္စတာ ဒီဗွန်းလန်းက “စက်နဲ့ ဘာသာပြန်တဲ့အခါ စက်က ဘာသာစကားရဲ့ ပုံစံတွေကို အင်တာနက်မှာ ရှာလေ့လာ ပါတယ်။ မြန်မာဘာသာ ဆိုရင်လည်း မြန်မာဘာသာရဲ့ သဒ္ဒါပုံစံတွေ၊ အခေါ်အဝေါ်တွေကို မှတ်ပါတယ်။ နောက် အဲဒီကနေ ပြန်ဆိုချင်တဲ့ တခြားဘာသာစကားရဲ့ ပုံစံတွေကို မှတ်တယ်။ ပြီးတော့မှ အဲဒီနှစ်မျိုးရဲ့ ပုံစံကို ဆက်စပ်ပြီးတော့ အဖြစ်နိုင်ဆုံး ဘာသာပြန်မှုကို ပြန်ဆိုပေးတာပါ။ အဲဒါကြောင့် လူဘာသာပြန်သလောက်တော့ မှန်မှန်ကန်ကန် ထွက်မလာပါဘူး။ ဒါ့ကြောင့် ဘာသာပြန်ချင်တဲ့ ဘာသာစကားနဲ့ ရေးထားပြီး Google အတွက် ဘာသာစကား ပုံစံကို လေ့လာလို့ရတဲ့ အချက်အလက်တွေ အင်တာနက်မှာ နည်းနေလေလေ Google Translate ရဲ့ ဘာသာပြန်မှုမှာ ပြဿနာတွေ ရှိနေလေလေ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အင်တာနက်တွင် မြန်မာဘာသာနဲ့ ရေးသားထားသော အချက်အလက်များစွာ ရှိလာပါက Google Translate ရဲ့ စွမ်းဆောင်ရည် တက်လာပြီး တကမ္ဘာလုံးရှိ လေ့လာစရာ သတင်းအချက်အလက်တွေကို မြန်မာစာသို့ ဘာသာပြန်ဆို လေ့လာနိုင်ရုံမျှမက မြန်မာပြည်အကြောင်းကိုလည်း တကမ္ဘာလုံးက ကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့် ဘာသာပြန်ဆို လေ့လာနိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Google Translate တွင် မြန်မာစာသည် ယူနီကုပ်ဖြစ်ပြီး တကမ္ဘာလုံးတွင်လည်း ယူနီကုပ်သည် စံတခုအဖြစ် ရှိနေသော်လည်း မြန်မာနိုင်ငံတွင် အများစုက မြန်မာစာကို ဇော်ဂျီဖောင့်ဖြင့်သာ အသုံးပြုကြတဲ့အတွက် မြန်မာယူနီကုပ်ကို ပိုမိုတွင်ကျယ်လာအောင် ပြုလုပ်ပေးရန် လိုအပ်ကြောင်းလည်း မြန်မာစာအဖွဲ့မှ ဒေါက်တာ ဦးမြင့်ကြည်က ပြောပါတယ်။

ဒ့ါအပြင် သူက ဘာသာစကားဟာ ခေတ်နှင့်အညီ အမြဲ ပြောင်းလဲနေတဲ့အတွက် Google Translate ကို အသုံးပြုသူများက ဝိုင်းဝန်းကူညီပေးမှသာ Google Translate ရဲ့ ဘာသာပြန်ဆိုမှု အရည်အသွေး ပိုမို တိုးတက်လာမှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

“ဘာသာစကားဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် အဲဒီဘာသာစကားကို သုံးစွဲနေတဲ့သူတွေက ဝိုင်းဝန်း ကူညီပေးမယ်ဆိုရင် ဒီ Google Translate ဟာလည်း အမြဲတမ်း update ဖြစ်ပြီးတော့ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ကမ္ဘာပေါ်တွင် Google Translate ကို အသုံးပြုသူ သန်းပေါင်း ၅၀၀ ရှိနေပြီ ဖြစ်ပြီး Google မှ နေ့စဉ် ဘာသာပြန်ဆိုမှုပေါင်း ၁ ဘီလီယံ ခန့် ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

Google Translate သည် ဘာသာစကားပေါင်း ၉၀ အတွက် ဘာသာပြန် ဝန်ဆောင်မှု ပြုလုပ်ပေးနေပြီး မြန်မာဘာသာစကားဟာ နောက်ဆုံးပါဝင်လာတဲ့ ဘာသာစကားတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် google.com.mm ကို Google မှ ၂၀၁၃ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး အခုအခါ Gmail ကိုလည်း မြန်မာဘာသာနဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
.
http://blog.irrawaddy.org/2015/02/blog-post_34.html
.
Credit : The Irrawaddy (Burmese Version)

No comments:

Post a Comment