Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

ကလေးလည်ပင်းမှ ဆွဲကြိုးကို ဖြတ်၍ ထွက်ပြေး



ရန်ကုန် ဖေဖော်ဝါရီ ၂

ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီက လှိုင်သာယာမြို့နယ် ပိတောက်မြိုင် ဈေး(မီးခွက်ဈေး) ဆိုက်ကား ဂိတ်အနီး ၌ မိခင်ဖြစ်သူ ဟင်းရွက် ၀ယ်နေစဉ် ချီထားသော နှစ်နှစ်ခွဲ အရွယ်သားငယ်၏ လည်ပင်းမှ ဆွဲကြိုးကို (၁၃နှစ်)အရွယ် မိန်းကလေး တစ်ဦးက ဖြတ်၍ ဈေးရုံ အတွင်း ဝင်ရောက်ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

''သားလေးရဲ့ လည်ပင်းမှာ လက်စွပ် ချိတ်ဆွဲထားတဲ့ ဆွဲကြိုးကို ဟင်းရွက် ရွေးနေတုန်း ဘယ်အချိန် ဖြုတ်သွားမှန်း မသိဘူး။ ဈေးဝယ်မလို့ ပုံစံနဲ့ ပိန်ပိန် ပါးပါး အင်္ကျီအပြာရောင်နဲ့ ကလေးမ အနားကို တိုးလာတာကိုတော့ သတိ ထားမိလိုက်တယ်။ ပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး ပြေးလိုက်တော့ ဈေးတောင်ဘက် အပေါက်နားကို ဝင်ပြေးဖို့ လုပ်နေပြီ။ ဝိုင်းလိုက်တဲ့အခါ မှာ ငါးစိမ်းတန်းထဲဝင်ပြေးပြီး ပျောက် သွားတယ်။ ကလေးဆွဲကြိုးနဲ့ လက်စွပ်က နှစ်သိန်းနီးပါးတန်တယ်။ လူလယ် ကောင်ဈေးနားမှာ ဒီလိုဖြစ်တယ်ဆို တော့ ကျွန်မတော့ ကြောက်သွားပြီ'' ဟု သားငယ်လည်ပင်းမှ ဆွဲကြိုးပါသွား၍ မိခင် မမိုးသူဇာက ပြောသည်။

''ဈေးထဲမှာ ခါးပိုက်နှိုက်တယ် ဆိုရင် မိတာများပါတယ်။ ကလေးမလေး ဖြတ်ပြေးသွားတာတော့ တွေ့တယ်။ အော်တာကိုမကြားမိကြဘူး။ သိတဲ့ အချိန်မှာ ငါးစိမ်းတန်းထဲ ဝင်ပြေးသွား ပြီ။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ခိုးတာ၊ ခါးပိုက်နှိုက်တာကိုတော့ ဈေးသူ ဈေးသားတွေက လက်မခံပါဘူး'' ဟု ဆွဲကြိုးဖြတ်သူကို တွေ့မြင်လိုက်သော အသားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အရွယ်မရောက်သေးသော လူငယ် များဈေးဆိုင်၊ ထမင်းဆိုင်၊ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်တို့တွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသလို လမ်းပေါ်သွားလာနေသော လူငယ် များ လှိုင်သာယာတွင် တစ်နေ့ ထက်တစ်နေ့များလာလျက်ရှိပြီး ခိုးမှုနှင့် ဖောက်ထွင်းမှုတွင်လည်း လူငယ်များ ပြစ်မှုကျူးလွန်လျက်ရှိရာ တစ်ပတ်လျှင် နှစ်မှု မြို့မရဲစခန်းသို့ တိုင်ကြားလေ့ ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment