Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 28, 2015

ကောင်းခါးရွာတွင် မလှီးလိုက်ရသော မွေးနေ့ကိတ်မုန့်

စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး နေထိုင်ခဲ့ပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် ကောင်းခါးကျေးရွာရှိ နေအိမ်ကို ဇန်န၀ါရီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ−အောင်သစ်လွင်)
မြင့်မားလှသည့်တောင်ကြီးများကို ကွေ့ပတ်ဖောက်လုပ်ထားသော ကားလမ်းမကြီးက နမ့်တောင်းနှင့် ကောင်းခါးရွာကို ဖြတ်သန်းဖောက်လုပ်ထားသည်။ ထိုရွာများသည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့မှ ကားလမ်းခရီးဖြင့် သွားရောက်လျှင် မိနစ် ၂၀ ခန့်သာသာနေရာတွင် တည်ရှိသည်။
လမ်းဘေးဝဲယာကြံခင်းများကို ဖြတ်သန်းမောင်းနှင်လာသည့် ကားပေါ်တွင် ကလေးငယ်များနှင့် ကျောင်းဆရာမငယ်သုံးဦးတို့သည် ပျော်ရွှင်စွာလိုက်ပါလာခဲ့သည်။
ကောင်းခါးကျေးရွာရောက်တော့ အတူပါလာသည့် လုပ်ဖော်ကိုင်ဖက်ဆရာမနှစ်ဦးနှင့် ကလေးငယ်များကို နှုတ်ဆက်ရင်း ဆရာမဒေါ်ဘောမ်ဆွေက သား၏မွေးနေ့ပွဲအတွက် ကိတ်မုန့်မှာရန် ဆက်လက်ထွက်ခွာလာခဲ့သည်။
‘‘ကျွန်မကို ဘတ်ဒေးကိတ်အကြီးကြီးမှာခဲ့လို့ ဆရာမနှစ်ယောက်ကပြောတယ်’’ဟု ဆရာမဒေါ်ဘောမ်ဆွေကပြောသည်။

ဆရာမနှစ်ဦးနေခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့်အိမ်ကို ရဲတပ်ဖွဲ့ဝင်အချို့ ဇန်န၀ါရီ ၂၆ ရက်တွင် မှတ်တမ်းတင်နေစဉ် (ဓာတ်ပုံ - ထွန်းခိုင်)
သို့သော်လည်း နောက်နှစ်ရက်အကြာတွင် ကျင်းပမည့်မွေးနေ့ပွဲနှင့် ကိတ်မုန့်လှီးမည့် အစီအစဉ်ကို ရုတ်တရတ်ဖျက်သိမ်းလိုက်ရသည်။ ကောင်းခါးရွာသားများ စောင့်မျှော်နေသည့် မင်္ဂလာရှိသော မွေးနေ့ပွဲသည် အမင်္ဂလာဖြစ်သည့် အသုဘအခမ်းအနားအဖြစ် နေ့ချင်းညချင်းပြောင်းလဲသွားခဲ့သည်။
ထိုနေ့ညတွင်ပင် ကိတ်မုန့်အကြီးကြီးမှာရန် တောင်းဆိုခဲ့သည့် ဆရာမနှစ်ဦးစလုံး အဓမ္မပြုကျင့်ကာ အသတ်ခံခဲ့ကြရသည်။
အသက်(၂၀)သာသာအရွယ်ရှိသေးသည့် သူတို့နှစ်ဦးအသတ်ခံရမှုသည် ကောင်းခါးတစ်ရွာလုံးသာမက တစ်နိုင်ငံလုံးကို အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ အနည်းဆုံးလူသုံးဦးထက်မနည်း ပါဝင်ပတ်သက်နိုင်သည်ဟု ယူဆထားကြသည်။ အဆိုပါ အုပ်စုဖွဲ့လူသတ်၊ အဓမ္မပြုကျင့်မှုဖြစ်ပွားသည့် ရွာတွင် ထိုနေ့၌ပင် တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့တပ်မတော်စစ်ကြောင်း အခြေချခဲ့ခြင်းကြောင့် ဒေသခံများအကြား သံသယစိတ်များ တိုးပွားလာကာ အခြေအနေများလည်း ပိုမိုရှုပ်ထွေးလာခဲ့သည်။
ကချင်ကျောင်းဆရာမငယ်နှစ်ဦးဖြစ်သည့် ဆရာမ မရန်လုရာနှင့် ဆရာမ ခေါန်နန်စင်တို့သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ စေလွှတ်မှုဖြင့် ကလေးများအား ပညာသင်ကြားပေးရန် ကောင်းခါးရွာသို့ ရောက်ရှိနေသည်မှာ ရှစ်လခန့်သာရှိသေးသည်။ ကောင်းခါးကျေးရွာတွင် အိမ်ခြေ  ၄၂ လုံးရှိပြီး လူဦးရေ ၁၅၀ နှင့် ၁၆၀ ကြားသာရှိသည်။
သူငယ်တန်းမှ ဒုတိယတန်းအထိ သင်ကြားပေးသည့် ကောင်းခါးကျေးရွာစာသင်ကျောင်းတွင် ဆရာမသုံးဦးဖြစ်သည့် ဒေါ်ဘောမ်ဆွေ၊ မရန်လုရာနှင့် ခေါန်နန်စင်တို့က ကလေးငယ်များအား စာသင်ကြားပေးကြရခြင်းဖြစ်သည်။
ကျောင်းတွင်စာသင်သည့် သက်တမ်းတစ်လျှောက်လုံး  သေဆုံးသွားသည့် ဆရာမနှစ်ဦးစလုံး ပြောပလောက်သည့် ပြဿနာများမရှိခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက် ဆရာမဒေါ်ဘောမ်ဆွေက ပြောသည်။
ဒေသခံများ၏ အဆိုအရ ငယ်ရွယ်သော်လည်း သဘောထားပြည့်ဝပြီး ဒေသခံများနှင့် လိုက်လျောညီထွေနေနိုင်ကြသည့် ဆရာမနှစ်ဦးသည် အသတ်မခံရမီ နာရီပိုင်းအလိုတွင် ၄င်းတို့နေထိုင်ရာ အဆောက်အအုံမှ ငါးမိနစ်ခန့်လမ်းလျှောက်သွားရသည့် ရွာဆယ်အိမ်မှူး၏သားဖြစ်သူ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့ကြောင်း မျက်မြင်များကပြောသည်။
‘‘သူတို့ပြောတာတော့ ပင်ပန်းလို့အိပ်ချင်နေပြီ။ လာခေါ်လို့လိုက်လာရတာလို့ ပြောတယ်’’ဟု မွေးနေ့ပွဲတွင် ဆရာမများနှင့်အတူရှိခဲ့သည့် မဒွဲကပြောသည်။
မွေးနေ့ပွဲကို ပျော်ရွင်စွာဆင်နွှဲအပြီး မဒွဲနှင့်ဆရာမနှစ်ဦးအပါအ၀င် အမျိုးသမီးခြောက်ဦးနှင့် ကလေးငယ်အချို့သည် မွေးနေ့ကျင်းပရာအိမ်မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း မဒွဲကဆိုသည်။ ထိုအချိန်အထိ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ဖြစ်ရပ်ဖြစ်လာလောက်သည့် မည်သည့်အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ကြောင်း မဒွဲကဆိုသည်။
‘‘မွေးနေ့မှာ ထမင်းစားကြတယ်။ အချိုရည်သောက်ကြတယ်။ ဘီယာတို့၊ အရက်တို့ သောက်တာတော့မရှိဘူး’’ဟု ဆရာမနှစ်ဦး မသေဆုံးမီ နောက်ဆုံးတွေ့ဆုံခဲ့သည့် မဒွဲကပြောသည်။
ဆရာမနှစ်ဦးနေထိုင်သည့် အိမ်နှင့် ခြေလှမ်း၂၀ ခန့်ဝေးကွာသည့် လမ်းခွဲတွင် လမ်းခွဲလိုက်ကြပြီးနောက် အိမ်သို့ ပြန်သွားခဲ့ကြောင်း မဒွဲကဆိုသည်။
ဆရာမနှစ်ဦးနေသည့်အိမ်သည် ကျောင်းနှင့်ရွာရှိအိမ်အချို့နှင့် လမ်းခြားထားသည့်နေရာတွင် တည်ရှိသည်။ ဆရာမနှစ်ဦး နေထိုင်သည့် အဆောင်သည် ဘုရားကျောင်းဝင်းအတွင်း တည်ရှိပြီး ဘေးပတ်လည်၌ ကြံခင်းများ ၀ိုင်းရံလျက်ရှိသည်။
အဆိုပါကြံခင်းများထဲတွင် ကောင်းခါးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ခေါန်မိုင်၏ နေအိမ်လည်းရှိသည်။ ဒေါ်ခေါန်မိုင်၏ နေအိမ်သည် ဆရာမများနေအိမ်မှ ကိုက် ၂၀ ခန့်အကွာအဝေးတွင် တည်ရှိခြင်းဖြစ်သည်။ ချမ်းအေးလှသည့် ရှမ်းပြည်နယ်ရှိ ဆောင်းတွင်းညဥ့်သန်းခေါင်ယံတွင် ဒေါ်ခေါန်မိုင်အား သူ၏အိမ်သားများက ရုတ်တရတ်လာနှိုးခဲ့သောကြောင့် အိမ်တွင်အိပ်မနေအားဘဲ အပြင်ထွက်ခဲ့ရသည်။
‘‘သမီးက အဒေါ့်ကိုနှိုးတယ်။ မိန်းကလေးတစ်ယောက် အော်လိုက်တဲ့ အသံကြားတယ်လို့။ တအားအော်သံတော့ မဟုတ်ဘူး။ ပါးစပ်ကိုပိတ်ထားပြီးမှ လည်ပင်းကိုညှစ်ထားပြီး ထွက်လာတဲ့အသံမျိုးနဲ့။ သေချာပြန်နားထောင်တော့ ဘာသံမှမကြားတော့ဘူး’’ဟု ဒေါ်ခေါန်မိုင်က ပြောသည်။
နားထဲကြားသည့်အသံများမှာ အမှန်တကယ်လား၊ ချောက်ချားမှုများလားဆိုသည့် သံသယများလွန်ဆွဲရင်း ဒေါ်ခေါန်မိုင်နှင့် အခြားနှစ်ဦးတို့သည် ကြံခင်းကိုဖြတ်ရင်း ဆရာမများကို သွားရောက်နှိုးခဲ့ကြောင်း ဒေါ်ခေါန်မိုင်ကပြောသည်။ အိမ်ထရံကိုပုတ်နှိုးခဲ့သော်လည်း အချိန်အတန်ကြာတုံ့ပြန်မှုမရှိပေ။ ထို့ကြောင့် ကြားရသည့် သံသယဖြစ်ဖွယ်အသံများမှာ ဆရာမများ၏နေအိမ်မှမဟုတ်ဟု ယူဆပြီးနေအိမ်သို့ ပြန်လှည့်လာခဲ့ကြောင်း ဒေါ်ခေါန်မိုင်ကပြောသည်။
ဒေါ်ခေါန်မိုင်၏အိမ်မှ ခြေလှမ်း ၁၀၀ ခန့်သွားပါက ကောင်းခါးရွာသူတစ်ဦးဖြစ်သည့် ဒေါ်နန့်ဆိုင်း၏အိမ်တည်ရှိသည်။ ဒေါ်ခေါန်မိုင်၊ ဒေါ်နန့်ဆိုင်းနှင့် ဆရာမများနေထိုင်သည့် အိမ်တို့မှာ ဖိုခုံလောက်ဆိုင်ပုံ တည်ရှိခြင်းဖြစ်သည်။
ဆရာမများသည် နေ့စဉ်ကျောင်းသွားတိုင်း ၎င်း၏နေအိမ်ရှေ့ မှ ဖြတ်သန်းသွားကြခြင်းဖြစ်ကြောင်း ဒေါ်နန့်ဆိုင်းကပြောသည်။ နောက်ထပ်အမှတ်သင်္ကေတတစ်ခုမှ ဆရာမများ နံနက်တိုင်း ထမင်းဟင်းချက်သည့် မီးခိုးများကို မြင်နေရခြင်းဖြစ်ကြောင်း ဒေါ်နန့်ဆိုင်းကပြောသည်။
ယခင်မြင်နေကျ မီးခိုးများနှင့် ကျောင်းသွားသည့် ဆရာမများကို ထိုနေ့(ဇန်န၀ါရီ၂၀)တွင် မမြင်ရခြင်းနှင့် ကျောင်းတွင် လူစုံနေပြီဖြစ်သော်လည်း ဆရာမနှစ်ဦး မရောက်လာသေးခြင်းမှာ ၎င်းအတွက် ထူးဆန်းမှုတစ်ခုဖြစ်ကြောင်း ဒေါ်နန့်ဆိုင်းကပြောသည်။
‘‘ဒီကလေးမနှစ်ယောက် အခုထိအိပ်နေတုန်းလားဆိုပြီး တံခါးကိုဖွင့်လိုက်တော့ အဲဒီအဖြစ်ကိုတွေ့တယ်။ ကျွန်မလည်း အပြင်ကို ဘယ်လိုထွက်ပြေးမိမှန်းကို မသိတော့ဘူး။ အပြင်ရောက်တော့လည်း ရပ်တောင်မရပ်နိုင်တော့ဘူး’’ဟု ဒေါ်နန့်ဆိုင်းက ဇန်န၀ါရီ ၂၀ ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် မြင်တွေ့ခဲ့ရသော အတွေ့အကြုံအဖြစ်ဆိုးကြီး မြင်တွေ့လိုက်ရသော အခိုက်အတန့်ကို ပြန်လည်ပြောသည်။
ဒေါ်နန့်ဆိုင်း၏ အော်သံကြောင့် ရွာသားများဆရာမနှစ်ဦး၏ အိမ်ရှေ့ကွင်းပြင်ထဲ စုဝေးရောက်ရှိလာခဲ့ကြသည်။ အိမ်ထဲမှ ဆရာမနှစ်ဦးကတော့ ကျောင်းသားများ မျှော်နေသည့် ကျောင်းဆီသို့  ဘယ်တော့မှ မရောက်နိုင်တော့။
အိမ်ထဲရှိ ဆရာမနှစ်ဦးသည် သွေးအိုင်ထဲလဲနေကြကြောင်း ရွာသားများကပြောသည်။ တိုက်ခိုက်ထိုးနှက်မှုများ ခံထားရသည့် ဒဏ်ရာများကလည်း ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် တွေ့ ရှိခဲ့ရကြောင်း ဒေသခံများကဆိုသည်။ ထို့ထက် ဆိုးရွားသည်က ဆရာမများသည် အဓမ္မပြုကျင့်ခံခဲ့ရသည့် လက္ခဏာများ တွေ့ ရှိခဲ့ရခြင်းပင်ဖြစ်သည်။
အချိန်အနည်းငယ်အတွင်း အခင်းဖြစ်ပွားရာနေရာသို့ ကျေးရွာလူကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ အနီးအနားကျေးရွာများမှ လူအများ လာရောက်စုဝေးခဲ့ကြပြီး ရဲတပ်ဖွဲ့ထံ အကြောင်းလိုက်ကြသည်။ ဒေသခံများ အကြောင်းကြားပြီး အချိန်အတော်ကြာမှ ရဲတပ်ဖွဲ့ဝင်များ ရောက်လာခဲ့သည်။
ချက်ချင်းရောက်မလာသည့် အကြောင်းရင်းကလည်း လမ်းခရီးတစ်လျှောက် လက်နက်ကိုင်အဖွဲ့အများအပြားရှိနေပြီး မလုံခြုံသော ဒေသအခြေအနေကြောင့်ဟု ရဲတပ်ဖွဲ့ က ဆင်ခြေပေးကြောင်း ဒေသခံများကဆိုသည်။ အခင်းဖြစ်ပွားရာနေရာသို့ သွားရာလမ်းတစ်လျှောက်နှင့် အနီးတစ်ဝိုက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ရှိနိုင်သောကြောင့် လုံခြုံရေးအရ သတိထားသွားလာသင့်သည့် နေရာဖြစ်ကြောင်း အစိုးရ၀န်ထမ်းများနှင့် ဒေသခံများက သတ်မှတ်ထားကြသည်။
‘‘သူတို့ ပြောတာကတော့ ကြောက်လို့လို့ပြောတယ်။ ကြောက်လို့ တစ်ခါတည်း မလာရဲတာလို့ ပြောတယ်။ နောက်တော့ နမ့်တောင်းအုပ်ချုပ်ရေးမှူးက သွားခေါ်တယ်။ သွားခေါ်တော့ လိုက်လာတာပေါ့’’ဟု KBC ၏ မုံးမောင်းဇုန်နယ် အတွင်းရေးမှူးဆရာတော် ဦးဇော်ရာကပြောသည်။
အခင်းဖြစ်ပွားချိန် လာရောက်သည့် ရဲတပ်ဖွဲ့က တရားခံမည်သူမည်ဝါ စာရင်းမထုတ်ရသေးမီ ဒေသခံများက ၎င်းတို့၏သံသယ၀င်သူစာရင်းတွင် ကောင်းခါးရွာ၌ လာရောက်စခန်းချသည့် တပ်မတော်သားများအား သံသယဖြစ်စရာ အကောင်းဆုံး လူများစာရင်း၌ ထည့်သွင်းထားလိုက်သည်။ အကြောင်းက အခင်းမဖြစ်မီ ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းတွင် ကောင်းခါးရွာသို့ ခမရ (၅၀၃)တပ်မတော်စစ်ကြောင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ စစ်ကြောင်းရောက်ပြီး ၂၄ နာရီမပြည့်မီတွင် အခင်းဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
ထို့အပြင် အခင်းဖြစ်ပွားသည့် နံနက်က ရွာတွင် တပ်မတော်သားများ အ၀င်အထွက်ရှိခဲ့ကြောင်း ဒေသခံများက ယုံကြည်နေကြသည်။ အမည်မဖော်လိုသည့် ရွာသားအချို့၏အဆိုအရ တပ်မတော်အရာရှိငယ်အချို့က ဆရာမများ သေဆုံးမှုနှင့် ပတ်သက်၍ ၎င်းတို့အားစွပ်စွဲပါက ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်မှုများလည်း ရှိခဲ့ကြောင်း ဆိုသည်။ ယင်းအချက်များကြောင့် ဒေသခံအချို့က သံသယရှိသူစာရင်းထဲတွင် တပ်မတော်သားများကိုပါ ထည့်သွင်းခဲ့ကြခြင်းဖြစ်သည်။
‘‘မျိုးရိုးစဉ်ဆက် ဒီတောင်ပေါ်ဒေသမှာ ဘိုးဘေးတွေလက်ထက်ကတည်းက နေလာခဲ့ကြတယ်။ ဒီထက် တောခေါင်တဲ့နေရာမှာ နေခဲ့ကြတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုးမဖြစ်မျိုးက ရှိကိုမရှိခဲ့ဘူးတာ။ ဒီလိုအချိန်မှ၊ ဒီအဖွဲ့ရောက်လာတဲ့အခါကျမှ ဒီအဖြစ်အပျက်တွေဖြစ်လာတော့ ကြောက်လည်းကြောက်၊ ထိတ်လန့်တာလည်း ပြောပြမတတ်အောင်ပေါ့’’ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
ဒေသခံများဘက်က သံသယများရှိခဲ့သည့် တပ်မတော်သားများကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲနှင့် တပ်ဘက်က အရာရှိများက ပြောသည်။ သို့သော်လည်း ၎င်းတို့၏အမည်နှင့် စုံစမ်းစစ်ဆေးမှု အတိုင်းအတာ မည်မျှလုပ်ဆောင်နေသည်ကို ပြောကြားရန်ငြင်းဆိုကြသည်။
အဆိုပါအမှုကို မူဆယ်ခရိုင်ရဲမှူးကိုယ်တိုင်ဦးစီး၍ စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူ၏ လက်တွင်တွေ့ရသော ဆံပင်နမူနာနှင့် တိုက်ဆိုင်စစ်ဆေးရန် ခမရ (၅၀၃)မှ တပ်မတော်သား ၂၈ ယောက်နှင့် ဒေသခံရွာသား ၁၀ ဦးကို စစ်ဆေးနေကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။
အခင်းဖြစ်ပြီး နောက်တစ်နေ့နံနက်တွင် စစ်ကားအချို့ ရွာမှ ထွက်သွားသည်ကို တွေ့မြင်ရကြောင်း ဒေသခံရွာသားများကပြော၍ တာဝန်ရှိသူသို့ မေးမြန်းရာ ထွက်သွားသူများအားလုံးကို ပြန်ခေါ်စစ်ဆေးနေကြောင်း ပြောသည်။ ရွာမှထွက်သွားသည်ဆိုသော ကားပေါ်တွင် လိုက်ပါသွားသည့် တပ်မတော်သားသုံးဦးကို မူဆယ်ရဲစခန်းက စစ်ဆေးခဲ့ပြီးပြီဟုဆိုသည်။
ဆံပင်နမူနာများကို မျိုးရိုးဗီဇနည်းဖြင့် စစ်ဆေးနေသော အစီအစဉ်အပါအ၀င် သံသယရှိသူများကို တာဝန်ရှိသူများက စစ်ဆေးနေမှုအားလုံးကို အခင်းဖြစ်ပွားပြီး ခုနစ်ရက်ကြာသည်အထိ သတင်းမထုတ်ပြန်သေးပေ။ တရားခံ မည်သူမှန်းမသိမီ သတင်းထုတ်ပြန်ပါက တရားခံထွက်ပြေးသွားမည်စိုးသည့်အတွက် ဖြစ်စဉ်အားလုံးကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများကဆိုသည်။
ဆရာမနှစ်ဦး အသတ်ခံခဲ့ရသည်မှာ တစ်ပတ်ကြာပြီဖြစ်သော်လည်း လက်သည်တရားခံ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်နိုင်ခြင်းမရှိသေးပေ။ ဆရာမများသေဆုံးပြီးနောက် ၀မ်းနည်းတသဖြစ်သူများထဲတွင် ကောင်းခါးရွာမှ ကျောင်းသားများလည်း ထိပ်ဆုံးကပါဝင်ခဲ့သည်။
‘‘ကလေးတွေက ငိုတာပေါ့။ သူတို့က ဆရာမတွေ ဆုံးသွားပြီဆိုတော့ ကျောင်းမတက်ရတော့ဘူး၊ စာမသင်ရတော့ဘူးဆိုပြီး ထင်ကြတာပေါ့။ သူတို့ပညာ ဆုံးသွားပြီဆိုပြီး ၀မ်းနည်းကြတာပေါ့’’ဟု ဆရာမဒေါ်ဘောမ်ဆွေကပြောသည်။
အဖြစ်ဆိုးနှင့် ကြုံခဲ့ကြရသည့် ဆရာမများနေရာ အစားထိုးလာရောက်ရဲသည့် ဆရာမများ ရှိ၊ မရှိနှင့် ကလေးများ၏ ပညာရေးအနာဂတ်များ မည်သို့ရှိမည်က မသေချာတော့။ သို့သော်လည်း ဒေသခံအားလုံး၏ စိတ်ထဲတွင်တော့ သေချာစေချင်သည့် အကြောင်းတစ်ခုကတော့ ရှိခဲ့ကြသည်။
ထိုအရာက ‘‘ကျွန်မတို့ ညီမလေး အခုလိုဖြစ်သွားတာ ဘယ်သူလဲဆိုတဲ့ တရားခံ၊ တကယ့်တရားခံ အတိအကျကို ရချင်တယ်။ ဒါမျိုးနဲ့လည်း ပြီးမသွားစေချင်ဘူး။ တကယ့်အစစ်အမှန် တရားခံအစစ်ကိုပဲ လိုချင်ပါတယ်’’ဟု သေဆုံးသွားသည့် ဆရာမ မရန်လုရာ၏ အစ်မဖြစ်သူ မရန်ဆန်လုံကပြောသည်။

http://7daydaily.com/story/30407#.VMkU_i49THQ

ကောင်းခါးကျေးရွာရှိ ဆရာမနှစ်ဦး လုပ်အားပေးခဲ့သည့် စာသင်ကျောင်း (ဓာတ်ပုံ − ထွန်းခိုင်)

ဆရာမနှစ်ဦးအတွက် ရက်လည်ဆုတောင်းပွဲသို့ တက်ရောက်လာသော ဒေသခံများ (ဓာတ်ပုံ − ထွန်းခိုင်)

No comments:

Post a Comment