Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

အကြိမ်ကြိမ် အထင်မြင်လွဲမှားခံရတဲ့ သီတဂူ ဆရာတော်ဘုရားကြီး


Written by  စည်သူအောင်မြင့်

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ဟာ သီတဂူဆရာတော် ကြီးအနေနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ်သာ တာဝန်ထမ်းဆောင် နေပြီး အခြားဘယ်ဘာသာရေး အသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေမှာမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်း မရှိဘူးဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဆရာတော်ကြီးက ဘာလို့ ခုလို ထုတ်ပြန်ရတာလဲ၊ ဒါဟာ အထင်အမြင်လွဲ ခံရမှုတွေနဲ့ ဆက်စပ်နေမလား၊ အရင်တုန်းကရော ဆရာတော်ကြီးအနေနဲ့ ဘာတွေ အထင်မြင် လွဲခံခဲ့ရဖူးသလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုလို ကြေညာချက်ထုတ်ရတာနဲ့ ပတ်သက်ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့က အရှင်ကောဝိဒသီရိက သူ့အနေနဲ့ အကြောင်းရင်းကို မသိကြောင်း၊ ဆရာတော်ကြီးက ဖုန်းနဲ့ညွှန်ကြားတဲ့ အတွက် ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်း ဆဲဗင်းဒေးဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဖြစ်နိုင်ဖွယ် အရှိဆုံးကတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးရဲ့ ဒု-ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခြင်းမရှိဘူးဆိုတာကို ရှင်းလင်းလိုခြင်း ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီလို ယူဆနိုင်စရာ အကြောင်းတွေကလည်း ရှိနေပါတယ်။ ဆရာတော်ကြီး ခုလို ကြေညာချက် ထုတ်တာဟာ အီရန်နိုင်ငံကို ဘာသာရေးဆိုင်ရာ အစည်းအဝေးတစ်ခုသွားတက်ပြီး ပြန်လာချိန်နဲ့လည်း တိုက်ဆိုင်နေသလို သိပ်မကြာ သေးခင်တုန်းက လက်ရှိ သမ္မတ ဦးသိန်းစိန်ကိုပဲ သမ္မတ ဆက်လုပ်စေချင်တယ် ဆိုပြီး ဆရာတော်က မိန့်ကြားခဲ့တယ်ဆိုတဲ့ အထင်အမြင်လွဲမှုသတင်း ပျံ့နှံ့ပြီး ချိန်နဲ့လည်း တိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ကို ကြည့်ရင် ဗဟိုအနေနဲ့ တိုင်းပြည်မှာ အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေ (၄)ခု ပြဋ္ဌာန်းနိုင်ရေး လုပ်ကိုင် နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို ကြည့်လိုက်ရင်လည်း ဗဟိုဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း၊ မြို့နယ် မဘသ အဖွဲ့တွေကို စနစ်တကျ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတာမျိုး မရှိပါဘူး။ အောက်ခြေ အဖွဲ့အစည်းအဆင့်ဆင့် ကိုယ့်ဘာသာကိုယ် ကြေညာချက်ထုတ်၊ ကိုယ့်ဘာသာကိုယ် လုပ်ကိုင်ဆောင် ရွက်တာတွေဟာ မဗသ ဗဟိုရဲ့ သဘောမဟုတ်၊ ကိုယ့်သဘော ကိုယ်ဆောင်တဲ့အကြောင်း ကြေညာ ထားတဲ့ အဖွဲ့မျိုးလည်းဖြစ်ပါတယ်။

ဒါကြောင့် တချို့အောက်ခြေ ပြည်နယ်နဲ့ မြို့နယ် အဖွဲ့အစည်းတွေဟာ “အူရီးဒူးဖုန်း မကိုင်ရေး” လိုမျိုး ဘာသာခြား မုန်းတီး ရေးတွေ လုပ်ပါတယ်။ တချို့အဖွဲ့အစည်းတွေကတော့ မီဒီယာသမားတွေ၊ NGO အဖွဲ့က လူပုဂ္ဂိုလ်တွေကို နာမည်တပ်ပြီး “အမျိုးသား သစ္စာဖောက်” အဖြစ် ကြေညာတာမျိုးတွေလည်း လုပ်ပါတယ်။ အချို့အဖွဲ့ တွေကတော့ ဘာသာခြား မုဒိန်းမှု စုံစမ်းတာတွေ၊ ဖော်ထုတ်ရေးသားတာတွေလို အမုန်းတရား ဖြန့်ဖြူးရေး လုပ်ပါတယ်။ တချို့အဖွဲ့ရဲ့ အဖွဲ့ဝင်တွေကတော့ လွတ်လပ်စွာဟောပြောခွင့် ပိတ်ပင်တဲ့ လှုပ်ရှားမှုမျိုးကိုလည်း လုပ်ပါတယ်။ ဒီလို လုပ်ရပ်တွေဟာ ဗဟိုအဖွဲ့ကြီးရဲ့ ညွှန်ကြားချက်နဲ့ လုပ်တာမဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း၊ မြို့နယ်တွေကလုပ်တာ ဖြစ်တဲ့တိုင် မဘသ ခေါင်းစဉ် အောက်က လုပ်ကိုင်နေတာမို့ နိုင်ငံတကာ ခရီးစဉ်တွေအတွင်း ဆရာတော်ကြီးကို မေးမြန်းတာခံရမှာ မလွဲပါဘူး။ တစ်ဆက်တည်း ဆရာတော် ဘုရားကြီးသာ အဲဒီအဖွဲ့ကြီးရဲ့ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသူဆိုရင် မဘသ အဖွဲ့ကြီး အတွက်၊ ဗုဒ္ဓဘာသာအတွက် ပိုပြီး မျက်နှာပူမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ အခု ကြေ ညာချက်မျိုး ထုတ်ရတာဖြစ်နိုင်ပါတယ်။ တကယ်တော့ ဆရာတော်ဘုရားကြီးဟာ ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာ ရဲ့ စစ်မှန်တဲ့ တရားတော်တွေကို ကမ္ဘာအနှံ့ လိုက်လံဖြန့်ဖြူး သာသနာပြုနေတဲ့ သာသနာ့အာဇာနည် ရဟန်းတစ်ပါး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ အထင်အမြင် လွဲမှားမှုကလည်း ခုလိုပါ။ ဆရာတော်ကြီး အီရန်နိုင်ငံ ကို မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ သတင်းစာဆရာ တချို့ ရဲ့ မေးမြန်းမှုကို ဖြေကြားတော်မူခဲ့ပါတယ်။ အဲဒီမှာ သတင်းစာဆရာတစ်ယောက်က ၂၀၁၅ မှာ ဘယ်လိုပုဂ်္ဂိုလ်မျိုးဖြစ်ရင် ကောင်းမလဲဆိုတဲ့ မေးခွန်း မေးပါတယ်။ ဆရာတော်ဘုရားက မြန်မာနိုင်ငံသမိုင်းကို ရှည်ရှည်ဝေးဝေး ရှင်းပြပြီး တိုင်းပြည်ကို အုပ်ချုပ် တဲ့အစိုးရတွေ တည်ငြိမ်စေချင်တယ် ဆိုတဲ့အကြောင်း၊ ဟောတစ်ယောက် ဟောတစ်ယောက် ပြောင်းနေ ရင်၊ နောက်လာတဲ့လူကလည်း ရှေ့က လုပ်သွားတာတွေကို ပြန်ပြန်ဖျက်နေရင် တည်ငြိမ်မှုလည်း မရ၊ ကောင်းလည်းမကောင်းတဲ့အကြောင်း ထောက်ပြပြီး လက်ရှိ သမ္မတဦးသိန်းစိန်ဟာ ငါးနှစ်သက်တမ်းပဲ ရှိဦးမယ်၊ ဘာမှ တည်ဆောက်ချိန် မရသေးဘူး၊ ဖြစ်နိုင်ရင် ၁၀ နှစ်လောက် အချိန်ပေးလိုက်၊ ၁၀ နှစ် နေလို့မှ မဟန်ရင် သွားပေါ့ဆိုပြီး မိန့်ပါတယ်။ အဲလိုမိန့်ရတာဟာ သမ္မတဦးသိန်းစိန်ကို ပြောတာမဟုတ်ဘဲ သူပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အစိုးရတစ်ဆက် ၁၀ နှစ်လောက် တည်တည်ငြိမ်ငြိမ် အုပ်ချုပ်ခွင့် ရစေချင် တဲ့သဘောမျိုး ပြောခဲ့တာပါ။

အဲဒီသတင်း တချို့မီဒီယာတွေက ဖော်ပြရာမှာ ဆရာတော်ဘုရားကြီးက အခြားလူတွေကို မထောက်ခံဘူး ဆိုတဲ့ သဘော ရေးသားဖော်ပြလို့ အထင်လွဲခံရတာ ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ၂၀၁၄ ဇန်န၀ါရီ ၁၅ ရက်က မန္တလေး မဟာအတုလဝေယံဘုံသာ (အတုမရှိ) ကျောင်းတော်ကြီးမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)ခေါ် ၀ံသပါလအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားနဲ့ ဂိုဏ်းပေါင်းစုံ သြ၀ါဒ ခံယူ ပွဲ၊ သံဃညီလာခံတော်ကြီး ကျင်းပစဉ်တုန်းက တစ်ကြိမ် ကြုံခဲ့ရပါသေးတယ်။ သံဃညီလာခံအတွင်းမှာ မန္တလေးမြို့ ထိန်လင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီ ဆရာတော် အရှင်ဣန္ဒပါလက လာမယ့် ၂၀၁၅ ဘယ်လိုလုပ်မလဲ မေးခဲ့ပြီး ဆရာတော်ကြီးက “အခု လက်ရှိသမ္မတ ဦးသိန်းစိန်ကိုပဲ ၂၀၁၅ မှာ မဲပေးပြီးတော့ သူဆက်ထိန်းသိမ်းသွားမယ်ဆိုရင် ဘုန်းကြီးတို့ကောင်းမယ်” လို့ မိန့်ခဲ့တယ်ဆိုတဲ့အကြောင်း သံဃာထုကို ကြားဖြတ်မိန့် ကြားပါတယ်။ အဲဒီသတင်း ပျံ့နှံ့သွားပြီး အုတ် အော်သောင်းတင်း ဖြစ်ကုန်ကြပါတယ်။ နောက်ပိုင်း ဆရာတော်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို မဲမထည့်နဲ့လို့ မဟောတဲ့အကြောင်း၊ “ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာ ကျုပ်ရှိ တယ်” ဆိုပြီး ပြတ်ပြတ်သားသား ပြန်ရှင်းခဲ့ရသလို မဘသအဖွဲ့ကလည်း အရှင်ဣန္ဒပါလပြောခဲ့တာ မမှန်ကန်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ပေးခဲ့ရဖူးပါတယ်။

အဲဒီလို အကြိမ်ကြိမ် အထင်အမြင်လွဲမှားတာ ခံခဲ့ရဖူးတာကြောင့် ဆရာတော် ဘုရားကြီးဟာ မဘသလို အဖွဲ့ကြီးမှာ ဘာတာဝန်မှ ယူမထားဘူးဆိုတဲ့ ကြေညာချက်မျိုး ထုတ်ပြန်တာဖြစ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-60/item/37092-2015-01-15-11-42-46

No comments:

Post a Comment