NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယွန်းအုပ်ကို လေလံတင်ခဲ့ရာ သိန်း ၂၆၀ ရရှိခဲ့ကြောင်း သိရသည်။
NLD ပညာရေး ကွန်ရက် (၄)နှစ် ပြည့်ရဲ့ ရန်ပုံငွေ ဂီတပွဲတော် ဒုတိယနေ့တွင် လေလံတင် ဈေးနှုန်း ခေါ်ယူ ခဲ့ရာ နောက်ဆုံးသိန်း ၂၆၀ ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း NLD ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၁၂ ရက်က News Watch သို့ ပြောသည်။
“လေလံက သိန်း ၂၆၀ နဲ့ ကိုတိုး အောင်ကျော်ဇော ရုပ်ရှင်ထုတ်လုပ်ရေးက ရသွားတယ်။ လေလံက ဒီတခုတည်းပဲ။ လေလံက (၁)ရက်ထဲရတော့ ပထမနေ့ မှာ လေလံမလုပ်ဖြစ်လိုက်ဘူး။ SkyNet က Live လွှင့်ပေးတယ်”ဟု ၎င်းက ပြောသည်။
ယခု NLD ပညာရေးကွန်ရက် (၄)နှစ်ပြည့် ရန်ပုံငွေဂီတပွဲတော်မှရရှိသော ငွေများကို အမေ့အိမ်ပညာဒါန NLD ပညာရေးကွန်ရက်မှ ကျောင်းသား၊ ဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်သင်တန်းများ ပေးရန် နယ်စပ်ဒေသများတွင် ပဋိပက္ခဖြစ် နေသောနေရာများအတွက် ကူညီရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ပညာရေး မြှင့်တင်မှု ဆောင်ရွက်ရန်နှင့် ပညာသင်ထောက်ပံ့ကြေးများပေးရန် အသုံးပြုသွား မည်ဖြစ်ပြီး ၂ ရက်တိုင်တိုင် ကျင်းပသော ရန်ပုံငွေဂီတပွဲတော်မှ ကျပ်သိန်းတထောင်ကျော် ရရှိကာ ကုန်ကျစရိတ်မှာ သိန်း ၅၀၀ ၀န်းကျင်ရှိကြောင်း ၎င်းက ပြောသည်။
ယမန်နှစ်က ကျင်းပခဲ့သော NLD ပညာရေးကွန်ရက် (၃)နှစ်ပြည့် ရန်ပုံငွေဂီတပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးခဲ့သော ဆွယ်တာအင်္ကျီ ၂ ထည် လေလံတင်ခဲ့ရာ ကျပ်သိန်းတထောင် ကျော်ရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်များ တွင် နှစ်စဉ်တက်ရောက်အားပေးကြသော ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် အစိုးရတာဝန်ရှိသူများ ယခုကျင်းပသောပွဲကို ကိုယ်တိုင်လာရောက်တက်ရောက်နိုင်ခြင်းမရှိသော်လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
No comments:
Post a Comment