စိတ်ပညာ သုတေသန မဂ္ဂဇင်း Psychology Today ၏ အဆိုအရ လူသားများ ပျော်ရွှင်မှု၏
(၄၀) ရာခိုင်နှုန်း ထိသည် လူသားများ လွှမ်းမိုးပြုပြင် ချယ်လှယ်နိုင်သော
အပိုင်း ဖြစ်ကြောင်း သိရသည်။ လူသားများ ပျော်ခြင်း မပျော် ခြင်းကို ပြင်ပ
ကိစ္စများက လွှမ်းမိုးမှု ရှိသည် မှန်သော်လည်း ထိုကိစ္စများ အပေါ် ခံယူသည့်
လူသား၏ စိတ်ဓာတ် ကလည်း ထိုလူကို ပျော်စေ စိတ်ညစ်စေဟူ၍ ကွဲပြား သွားတတ်သည်။
အောက်တွင် စိတ်ခံယူပုံ လွဲမှား၍ မပျော်ရွှင်နိုင်သူတို့တွင်
တွေ့ရသည့် လက္ခဏာ (၇) ချက်ကို တင်ပြသွားပါမည်။ ထိုလက္ခဏာများ မိမိတွင်
ရှိနေလား စစ်ဆေးကြည့်ပါ။ ရှိနေသည် ဆိုလျှင် ဖယ်ရှားပစ်ဖို့ ပြင်ဆင်ပါ။
၁။ ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟုသာ အမြဲ ခံယူထားသူ။
ပျော်ရွှင်သော လူများသည် ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟု နားလည်သည်။
သို့သော် တစ်ပြိုင်တည်းမှာပင် အခက်အခဲကို စူးစမ်းသည့် မျက်လုံးဖြင့်
ကြည့်ကာ ပေါ့ပါး သွက်လက်သော စိတ်ဖြင့် ခုန်ပျံ ထွက်ရမည်ဟုလည်း
ခံယူထားသူများ ဖြစ်သည်။ အခက်အခဲ အကျပ်အတည်းထဲသို့ သူတို့ မည်သို့
ကျရောက်ခဲ့ကြောင်း စူးစမ်းကာ ခုန်ထွက်နိုင်မည့် အခွင့်အရေး ကိုလည်း
ရုန်းကန် ကြိုးပမ်းရင်း သတိမပြတ် စောင့်ကြည့် နေသူများ ဖြစ်သည်။
ပြဿနာ မပြေလည်မချင်း လက်မလျှော့ဘဲ ကြိုးပမ်းတတ်သည် မှာလည်း
ပျော်ရွှင်သော လူသားများသာ ဖြစ်သည်။ ဘ၀ဟူသည် ခရီးကြမ်း ဖြစ်သော်လည်း
အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့် ခရီးကြမ်းသာ ဖြစ်သည်ဟု ပျော်ရွှင်သူများက
ခံယူကြသည်။
မပျော်ရွှင်သော လူသားများ ကားဘ၀ကို အရှုံးသမား
အမြင်နဲ့သာ ကြည့်ကြသည်။ သူတို့ပေါ် ကျလာသည့် ဒုက္ခတွေကိုသာ စုပ်တသပ်သပ်နဲ့
ကြေကွဲ နေတတ်ကြသည်။ အခက်အခဲကြားက လွတ်အောင် ဘယ်လို ရုန်းရမလဲ
လမ်းကြောင်းမရှာ၊ ခုန်ထွက်ဖို့ မကြိုးစားဘဲ ဘ၀ဆိုတာ ကြမ်းတမ်း သည်ဟုသာ
ရေရွတ်ကာ ၀မ်းနည်းအား ပျက်နေတတ်ကြသည်။
၂။ လူတွေဆိုတာ မယုံရဘူးဟု ခံယူချက်ရှိသူ။
လူတွေကို သတိထားရမည် မှန်သော်လည်း လူတွေ အားလုံးသည် မယုံကြည်ရ ဟူသော
အစွန်းတစ်ဖက်ထိ ရောက်သွားဖို့ မသင့်။ ပျော်ရွှင်သူများသည် သတိထားသင့်
သူများကို သတိထားသော်လည်း လူအများစုကြီးကိုကား ယုံကြည် စိတ်ချ ပျော်ရွှင်စွာ
ပေါင်းသင်းသူများ ဖြစ်သည်။ ပျော်ရွှင်သူများသည် လူတွေမှာ ရှိသည့်
ကောင်းကွက်များကို ရွေးကြည့်ကာ ကျေနပ်ပီတိ ဖြစ်တတ်ကြသည်။ ကြုံလာ
ဆုံလာရသူများကို ပွင့်လင်း နွေးထွေးစွာ ဆက်ဆံတတ်ကြသည်။ သူတို့နား
ရောက်သည်နှင့် ချစ်ခင်ခြင်း ၀န်းကျင်ထဲ ရောက်သွားသလို ခံစားရသည်။ မိတ်သစ်
ဆွေသစ်များကို ပွင့်လင်းသော နှလုံးသားဖြင့် ဆီးကြိုတတ်ကြသည်။
မပျော်ရွှင် နိုင်သူများကား လူအများစုကို မသင်္ကာ မျက်လုံးဖြင့် စိမ်းကားစွာ
ကြည့်သည်။ လူစိမ်းတိုင်းကို မယုံရသူများ အဖြစ်သာ သဘောထားသည်။
ထိုအကျင့်ဆိုးသည် မိမိဝန်းကျင်မှာ ရှိထားပြီး သားလူများ လျော့သွားအောင်
လုပ်သလို၊ မရသေးသော မိတ်သစ်များ တိုးလာမည့် အရေးကိုလည်း ဖျက်ဆီး
ပစ်တော့သည်။
၃။ အဆိုးများ၊ အပျက်များကိုချည်း ရှာနေတတ်သူ။
မပျော်ရွှင်နိုင်သူများသည် ကမ္ဘာကြီးမှာ ဘာမှားနေ၊ လွဲနေလဲ ကိုသာ
တစ်ချိန်လုံး စောင့်ကြည့် နေတတ်ကြသည်။ မှန်နေတာများကို မျက်နှာ
လွှဲနေတတ်သည်။ အမှန်ကို မည်မျှပြောပြော လက်မခံချင်ကြ။ လုံးဝ မှန်နေသည့်
ကိစ္စဆိုလျှင်ပင် “မှန်တော့ မှန်တာပေါ့၊ ဒါပေမယ့်..” ဆိုတာမျိုးနဲ့ အဆိုး
တစ်ခုခု မရရအောင် ရှာဖွေပြောရမှ ကျေနပ်ကြသည်။
ပျော်ရွှင်သူများကား မိမိဝန်းကျင်မှာ ဖြစ်ပျက်နေသမျှကို သတိမူပြီး
ကြည့်တတ်သည်။ အဆိုးကိုလည်း သင့်တင့်စွာ နှလုံးသွင်းတတ်သလို၊ အကောင်းကိုလည်း
ရအောင် ရှာဖွေကြည့်ကာ ပီတိ ဖြစ်တတ်ကြသည်။
၎။ တစ်ချိန်လုံး ကိုယ့် ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်ကြည့်ကာ ကိုယ့်ထက်သာ သူကို မနာလို ဖြစ်တတ်သူ။
မပျော်ရွှင်နိုင် သူများသည် ကံကောင်းသူများကို မြင်လျှင် ထိုသူများ၏
ကံကောင်းသည် သူတို့ထံမှ ခိုးယူသွားခြင်း ဖြစ်သည်ဟု ခံယူတတ်ကြသည်။
မိမိထက်သာ သူများကို မနာလို ၀န်တိုစိတ်ဖြင့်သာ အသက်
ရှင်သန်ကြသည်။ပျော်ရွှင်သူများမူကား ကံကောင်းသူများ၊ မိမိထက်သာ သူများကို
မြင်လျှင် ထိုသူများထံက ဘာအတု ယူနိုင်မည်နည်းဟု အကောင်းဘက်က ကြည့်တတ်
ကြသည်။ ပျော်ရွှင်မှု ဟူသည်သူများ ဆီကလည်း ခိုးယူလို့ မရသလို၊ မိမိထံ
ကလည်းသူများ ခိုးယူလို့ မရနိုင်ကြောင်း ပျော်ရွှင်သူများ ခံယူ ထားတတ်ကြသည်။
ပျော်ရွှင်သူများက အဆုံးမဖြစ်သော ဖြစ်နိုင်စွမ်းများ အပေါ်
ယုံကြည်မှုရှိသည်။ အခြားသူ တစ်ယောက် ကောင်းစား ခြင်းကြောင့် မိမိအတွက်
ထပ်ကောင်းစားရန် အခွင့်အလမ်း မကျန်တော့ ဆိုတာမျိုး ဘယ်တော့မှ မတွေး။
၅။ ဘ၀ကို ထိန်းချုပ်ဖို့ ကြိုးစားသူ။
ကိုယ့် ကိုယ့်ကို ထိန်းချုပ်စီမံကာ ရည်မှန်းချက် ပန်းတိုင်
ပေါက်မြောက်အောင် ကြိုးပမ်းခြင်းနဲ့ ဘ၀ကို ထိန်းချုပ်ထားဖို့
ကြိုးပမ်းခြင်း ကြားမှာ သိသိသာသာ ကွာခြားမှုရှိသည်။ ပျော်ရွှင်သူများသည်
နေ့စဉ် ရည်မှန်းချက် ပန်းတိုင်များကို အရောက် လှမ်းကြသည်။
တစ်ချိန်တည်းမှာပင် မိမိသည် ဘ၀ကို ထိန်းချုပ်နိုင်စွမ်း နည်းပါးလှကြောင်း
ကိုလည်း နားလည်ကာ မှန်းထားသလို ဖြစ်မလာသည့် အခါများတွင် လည်းများစွာ
ထိခိုက် ခံစားခြင်း မရှိဘဲလဲ ကျနေရာမှ ရည်မှန်းချက် ပန်းတိုင်
လမ်းကြောင်းပေါ်သို့ ပြန်တက်လျှောက်ကာ ဆက်လှမ်းသည်။
မပျော်ရွှင်သူများကား ရလဒ် အားလုံးကို သူတို့စိတ်ကြိုက် ဖြစ် လိုသည်။
မလွန်ဆန်နိုင်သော ၀န်းကျင် သက်ရောက်မှုများအတိုင်း မိမိလိုက်ပါ
လှုပ်ရှားနေရသည့် အဖြစ်ကို သတိထားမိခြင်း မရှိကြ။ လိုချင်သော ရလဒ် ရရေးကိုသာ
အာရုံစိုက်နေကြရာ ဘ၀က ခြေထိုး ခံလိုက်သည်နှင့် ဒလိမ့်ကောက်ကွေး ဖြစ်ကြ
ရတော့သည်။ ဘ၀ဟူသည် ခရီးကြမ်းကြီး ဟူသော မပျော်နိုင်သူတို့၏ ခံယူချက်လည်း
ပိုခိုင်မာသွားရသည်။
ပျော်ရွှင်သူများမူကား ဒလိမ့်
ကောက်ကွေး ဖြစ်သွားသည့်တိုင် ရည်မှန်းချက် ပန်းတိုင်ကို မျက်ခြေမပြတ်။
ဘ၀ကိုလည်း စိတ်မပျက်။ ပြန်ထပြီး လျှောက်စရာရှိတာ စိတ်ရှင်းရှင်းနဲ့
လျှောက်ကြသည်။
၆။ အနာဂတ်ကို စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေနဲ့ ကြည့်တတ်သူ။
လူသား၏ နားနှစ်ဘက်ကြားမှာ ပူပင်စရာတွေ ထည့်ဖို့ နေရာကျယ်ကြီး
ရှိသည်။ သိပ်ကို ကျယ်သည်။ ပူပင်စရာ ဆိုလို့ကတော့ ထည့်ချင်သလောက်ထည့်
ဆန့်သည် ဆိုတာမျိုး။ မပျော်ရွှင်နိုင် သူများသည် ဘာမှားလဲကိုသာ ဂရုစိုက်
ကြည့်ကြသည်။ ဘာမှန်လဲကို မေ့ထားတတ်ကြသည်။
ပျော်ရွှင်သူများကား သူတို့ရှေ့ အနာဂတ်ကြီး သာယာစွာ ခင်းကျင်းလာမည်ကို
ယုံကြည်ကြသည်။ မပျော်ရွှင်သူများသည် ခေါင်းထဲမှာ စိုးရိမ်ပူပန်မှု၊
ကြောက်ရွံ့မှုများနဲ့သာ ဖြည့်ထားကြသည်။ ပျော်ရွှင်သူများ သည်လည်း
ကြောက်ရွံ့ခြင်း၊ စိုးရိမ် ပူပန်ခြင်း တို့ကို ခံစားရသည်ပဲ ဖြစ်သည်။
သို့သော် ပျော်ရွှင်သူများသည် ကြောက်ရွံ့ခြင်း စိုးရိမ်ပူပန် ခြင်းတို့ကို
ခံစားသည့်တိုင် ထိုအရာများနှင့် အတူ နေထိုင်ခြင်းတော့ မပြု။
ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်းများ ကျဆင်း သွားအောင်လုပ်ဖို့
ဘာလုပ်နိုင်မလဲ ဆိုသော အဖြေကို ပျော်ရွှင်သူများက ရှာသည်။ ဘ၀သည်
ကြမ်းတမ်းသောကြောင့် ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်းများ ဟူသည် ရုန်းမလွတ်သော
ထောင်ချောက် ဖြစ်သည်ဟု မပျော်ရွှင်နိုင် သူများက စိတ်ပျက် အားလျှော့ကြသည်။
၇။ အတင်းတွေ တုပ်သူ၊ အမြဲ ညူစူနေသူ။
မပျော်ရွှင်သူများသည် အတိတ်မှာ နေထိုင်သူများ ဖြစ်သည်။ ဘယ်တုန်းက
ဘာတွေ ဒုက္ခရောက်ခဲ့သည်၊ ဘယ်တုန်းက ဘယ်လို အခက်အခဲ ကြုံခဲ့သည်များက သူတို့
ပြောစကားထဲမှာ အမြဲပြန်ပါ နေတတ်သည်။ သူတို့ အကြောင်း ပြောလို့ကုန်လျှင်
အခြား သူများအကြောင်း ပြောမည်။ အတင်း အဖျင်းများလည်း ပါမည်။
ပျော်ရွှင်သူများကား ပစ္စုပ္ပန်မှာ နေပြီး အနာဂတ် အတွက် အစီအစဉ်ချသူ ဖြစ်သည်။
လက်ရှိ လုပ်နေတာကို စိတ်ပျော်ရွှင် တက်ကြွနေသူ ဖြစ်သည်။ လက်ရှိ ရထားတာ
အတွက် ရောင့်ရဲ ကျေနပ်သည်။ အနာဂတ် အတွက် အိပ်မက်ပြီး ကျေနပ် ပျော်ရွှင်သည်။
ပြီးပြည့်စုံသူဟူ၍ မရှိ။ လူတိုင်းအဆိုး ရေအိုင်ထဲမှာ တစ်ချိန်မဟုတ်
တစ်ချိန် ကူးကြရသည်ပဲ ဖြစ်သည်။ သို့သော် ပျော်ရွှင်သူများက ရေကန်ထဲက
ရုန်းတက်နိုင်ဖို့ ကြိုးစားကြသည်။ မပျော်ရွှင်သူများက ဘ၀က ကြမ်းသည်ဟု
ဝမ်းနည်းကာ ရေနစ်ကြသည်။
ပျော်ရွှင်သူ တစ်ယောက်ဖြစ်ဖို့
အရာရာမှာ ပြီးပြည့်စုံနေဖို့ မလို။ ပျော်ရွှင်စေသော အပြုအမူများ စိတ်နေ
စိတ်ထားများ နေ့စဉ်ထားရှိ ကျင့်သုံးသွားဖို့သာ လိုသည်။
Ref: 7 Qualities Of People Who Are Chronically Unhappy (elitedaily.com)
http://www.messengernewsjournal.com/news/Health/detail.php?id=30817
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 31, 2015
မပျော်နိုင်သူတို့ရဲ့ လက္ခဏာ (၇) ချက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 31, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment