Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 30, 2014

အမေရိကန်သမ္မတ၏စားတော်ကဲ မြန်မာနိုင်ငံသို့ သွားရောက်လေ့လာ




အမေရိကန်သမ္မတ အိမ်ဖြူတော် စားတော်ကဲမှူး ဆမ် ကတ်စ်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ယနေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့တွင် ရောက်ရှိကာ တိုင်းရင်းသား စားသောက်ဖွယ်များကို လေ့လာနေပါသည်။ ဆမ် ကတ်စ်သည် အမေရိကန်-မြန်မာ ကပြားအမျိုးသမီးနှင့် ပြီးခဲ့သော ဩဂုတ်လက လက်ထပ်ထားသူ ဖြစ်သည်။
အသက် ၃၄ နှစ်ရှိ ဆမ် ကတ်စ်သည် သမ္မတအိမ်ဖြူတော် စားတော်ကဲမှူး တာဝန်အပြင်၊ သမ္မတ အိုဘားမား၏ ‘လှုပ်ရှားကြစို့ (Let’s Move)’ အစီအစဉ် အမှုဆောင်ဒါရိုက်တာနှင့် အမေရိကန် ပြည်ထောင်စု အာဟာရဆိုင်ရာ မူဝါဒ အကြီးတန်း မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်တာဝန်များကိုလည်း ထမ်းဆောင်နေသူ ဖြစ်သည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေသော ဆမ် ကတ်စ်သည် မြန်မာဈေးတခုထဲတွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို လက်တွေ့လေ့လာကြည့်ရှုခြင်း၊ တိုင်းရင်းသား စားသောက်ဖွယ်များ ချက်ပြုတ်ပြင်ဆင်ပုံကို လေ့လာ စားသောက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ မြန်မာစားသောက်ဖွယ်များကို လေ့လာနေသော်လည်း ဆမ် ကတ်စ်သည် သမ္မတအိမ်ဖြူတော် စားတော်ကဲမှူးရာထူးမှ တရားဝင် နုတ်ထွက်စာ တင်သွင်းခဲ့ပြီဖြစ်၍ ယခု ဒီဇင်ဘာ ၃၁ ရက်နေ့ထိသာ တာဝန်ထမ်းဆောင်မည် ဖြစ်၏။ ထို့ကြောင့်၊ မြန်မာစားသောက်ဖွယ်များကို လေ့လာချက်ပြုတ်ခြင်းသည် သမ္မတ အိုဘားမား မိသားစုအတွက် ဟင်းလျာစီမံရန် မဟုတ်ဟု ယူဆရသည်။
ဆမ် ကတ်စ်သည် ၆ နှစ်ကြာ အမှုထမ်းခဲ့သော စားတော်ကဲမှူးတာဝန်မှ နုတ်ထွက်သော်လည်း အာဟာရဆိုင်ရာ မူဝါဒ အကြီးတန်း အကြံပေးတာဝန်ကို ဆက်လက် ထမ်းဆောင်ကာ အမေရိကန်ကျောင်းများတွင် ကျွေးမွေးသော နေ့လယ်စာများ အာဟာရ ပြည့်ဝကောင်းမွန်အောင် ကြိုးပမ်းလုပ်ဆောင်မည်ဟု သိရသည်။
ဆမ် ကတ်စ်သည် သမ္မတ အိုဘားမားနှင့် ဂေါက်အတူ ရိုက်လေ့ရှိသော ရင်းနှီးခင်မင်သည့် မိတ်ဆွေတဦး ဖြစ်သည်သာမက သမ္မတကတော် မိရှယ်လ်၏ ကလေးသူငယ် ဝဖြိုးလွန်ကဲမှု လျှော့ချရေး၊ အာဟာရဖွံ့ဖြိုးရေး အစီအစဉ်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသော အဆင့်မြင့် အရာရှိကြီး တဦး ဖြစ်၏။
ထို့ကြောင့်လည်း၊ ဆမ် ကတ်စ်နှင့် မြန်မာကပြား အမျိုးသမီး အဲလက်စ် ဝက်ဂ်နာတို့၏ ဩဂုတ်လက နယူးယောက်မြို့တွင် ကျင်းပသော မင်္ဂလာဆောင်အခမ်းအနားသို့ သမ္မတ အိုဘားမား ဇနီးမောင်နှံ တက်ရောက်ခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စု သမ္မတကြီးတဦးက အချိန် ၆ နာရီပေး၍ တက်ရောက်ချီးမြှင့်သော မင်္ဂလာပွဲသည် တော်ရုံ ခင်မင်ရင်းနှီးမှု မဟုတ်ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
ဆမ်၏ ဇနီး အဲလက်စ် ဝက်ဂ်နာသည် MSNBC သတင်းမီဒီယာမှ ရုပ်သံစီစဉ်ထုတ်လွှင့်သူ ဖြစ်သည်။ သူမ၏ မိခင် ဒေါ်တင်ဆွေသန့်သည် မြန်မာနိုင်ငံမှ ရန်ကုန်သူ ဖြစ်၏။ ဖခင် ကားလ် ဝက်ဂ်နာသည် ထင်ရှားသော ဒီမိုကရက်ပါတီ ခေါင်းဆောင်တဦး ဖြစ်၍ ဘီလ် ကလင်တန်၏ သမ္မတရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပူးတွဲ ခေါင်းဆောင်ခဲ့သူ ဖြစ်ပါသည်။
ဆမ် ကတ်စ်သည် သမ္မတ အိုဘားမား၊ သမ္မတကတော် မိရှယ်လ်တို့ မိသားစုနှင့် အလွန်ခင်မင်ကျွမ်းဝင်လှသော်လည်း နယူးယောက်မြို့နေ ချစ်ဇနီးနှင့် အတူနေထိုင်ရန် အလုပ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ “လက်ထပ်လိုက်ပြီ ဆိုတာနဲ့ အတူတူနေဖို့ လိုအပ်တယ်လေ” ဟု ဆမ် ကတ်စ်က သတင်းဌာနများကို ထုတ်ဖော်ပြောဆိုသည်။
http://kabarthit.com/index.php?option=com_content&view=article&id=558:2014-12-30-01-34-43&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment