CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 20, 2014
အလွဲသုံးစားမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံရသူ နာမည်ကြီး အဆိုတော်၏ မိခင် ကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ထပ်မံ တရားစွဲဆိုခံရဖွယ် ရှိနေသေး
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
နာမည်ကျော် အဆိုတော်တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ဆွေဆွေအုန်းကို ကျပ်သိန်း ၃၀၀ ဖိုးခန့် အလွှဲသုံးစား အသုံးပြုမှုဖြင့် ဒဂုံဆိပ်ကမ်း မြို့နယ်တရားရုံးက ဒီဇင်ဘာလ ၁၀ ရက်တွင် ပြစ်မှုကြီးအမှတ် ၂၆/၁၄၊ ပြစ်မှုပုဒ်မ ၄၀၆ ဖြင့် အလုပ်နှင့် ပြစ်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ခြင်းအပေါ် ပြစ်မှုနှင့်ပြစ်ဒဏ်ချမှတ်မှု တရားမျှတမှု မရှိသည့် အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြစ်ဒဏ်တိုးမြှင့်ပေးရန် တင်ပြ လုပ်ဆောင် သွား မည် ဖြစ်ကြောင်း တရားလိုဖြစ်သူ ဒေါ်ခင်ခင်စိန်က ဒီဇင်ဘာလ ၁၇ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြော သည်။
၂၀၁၃ ခုနှစ် ဧပြီလက တရားလိုဖြစ်သူ ဒေါ်ခင်ခင်စိန်က ၎င်းပိုင်ဆိုင်သည့် ကျွန်းပါကေးတုံးပေါင်း ၃၅၁၀၀ အား နေရာ အခက်အခဲ ရှိသည့်အတွက် ဒေါ်ဆွေဆွေအုန်းပိုင် Cupid ပရိဘောဂစက်ရုံ၌ ခေတ္တအပ်နှံထားခဲ့ပြီး အဆိုပါ ကျွန်းပါကေးများကို ဒေါ်ဆွေဆွေအုန်းက အလွဲသုံးစား ပြုလုပ်၍ ရောင်းစားခဲ့သည်ဟုဆိုကာ တရားစွဲဆိုရာမှ အမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျွန်းပါကေးတုံးပေါင်း ၃၅၁၀၀ တန်ဖိုးငွေကျပ် သိန်း ၃၀၀ခန့်ကို အလွဲသုံးစားပြုမှုဖြင့် ပစ္စည်းပိုင်ရှင် ဒေါ်ခင်ခင်စိန်က တရားလိုပြုလုပ်၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြို့မ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ရာ ဇန်န၀ါရီလ ၂၁ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက လက်ခံ ကြားနာခဲ့ပြီး ၁၁ လကြာမြင့်ပြီး နောက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ အမှုဖွင့် မတိုင်ကြားမီ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တရားလိုဖြစ်သူ ဒေါ်ခင်ခင်စိန် အပါအ၀င် အခြားငွေကြေး လိမ်လည်ခံရသူ ၂၉ ဦးခန့်က အလွဲသုံးစား ပြုလုပ်ခံရသည့် ငွေကြေးတန်ဖိုးများနှင့် လက်မှတ်များ ရေးထိုးပြီး ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေထံ ပေးပို့တိုင်ကြားခဲ့ကြောင်း၊ သို့ရာတွင် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ကြောင်း အဆိုပါအမှုတွင် အကျိုးတူခံစားခွင့် ရရှိရန်အတွက် စုပေါင်း ရှယ်ယာ ထည့်ဝင် ထားသည့် အစုငွေကျပ်သိန်း ၂၀၀၀ ကိုလည်း ဒေါ်ဆွေဆွေအုန်းက အလွဲသုံးစား ပြုလုပ်ထားခြင်းကြောင့် ထပ်မံတရားစွဲဆို သွားရန် ပြင်ဆင်ထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားသည်။
““ရှယ်ယာသိန်း ၂၀၀၀ ကိစ္စက မပြီးပြတ်သေးပါဘူး။ ကျွန်မရဲ့ ရှေ့နေဦးရောဘတ်စန်းအောင်နဲ့ တိုင်ပင်ပြီး အဲဒါကို ထပ်လုပ်သွားမှာပါ။ အရင်က သူနဲ့ယုံကြည် စိတ်ချလို့ အတူတွဲလုပ်ကြတဲ့ စမ်းချောင်း၊ လှိုင်၊ မရမ်းကုန်း ဘက်က လူတွေကလည်း စမ်းချောင်းမြို့နယ် တရားရုံးမှာ စွဲထားတာ ၅ မှု၊ ၆ မှုလောက် ရှိတယ်ဆိုတာတော့ သိထားတယ်။ သူအလွဲသုံးစား လုပ်တာကို အမှုဖွင်တာ သိန်းပေါင်း ၆၀၀၀၀ ကျော်လောက်ရှိတယ်”” ဟု ဒေါ်ခင်ခင်စိန် က မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တရားလိုဒေါ်ခင်ခင်စိန်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးရောဘတ် စန်းအောင် က““သိန်း ၃၀၀ ကိစ္စမှာ ထောင်ဒဏ်က တစ်နှစ်ခွဲဆိုတော့ ပြစ်မှုနဲ့ ပြစ်ဒဏ်က မမျှတဘူးလို့ ယူဆတယ်။ တကယ် ကျူးလွန်တဲ့ သူကို တကယ်အရေးယူဖို့ လိုအပ်တယ်။ လုံလောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လိုအပ်တယ်။ တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ဖို့အတွက် တရားရုံးစီရင်ချက် မိတ္တူ မရသေး ဘူးပေါ့။ အဲဒီတော့ တင်ဖို့က နည်းနည်း ကြန့်ကြာနေတာပေါ့။ တရားလို ဒေါ်ခင်ခင်စိန်က ကျပ်သိန်း ၂၀၀၀ အမှုအတွက် ဒေါ်ဆွေဆွေအုန်းအပေါ် သီးခြားအမှု ဖွင့်လှစ်နိုင်ဖို့အတွက် ဆောင်ရွက်မယ်လို့တော့ သိထားပါတယ်””ဟု ပြောသည်။
ယခုကဲ့သို့ ဒေါ်ဆွေဆွေအုန်းအား အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ခြင်းအပေါ် အယူခံ တက်ရန် အတွက် ပြင်ဆင်လျက် ရှိကြောင်းကိုလည်း တရားခံ၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးခင်ဇော်(မရမ်းကုန်း) က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယင်းကဲ့သို့ ကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော် အလွဲသုံးစား လုပ်ခံရသူများတွင် တရားရုံးချုပ်(ငြိမ်း) တရား သူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများပင် ပါဝင်ကြောင်းကို မြန်မာသံတော်ဆင့် အတွဲ(၂)အမှတ် ၄၆ တွင် ရေးသား ဖော်ပြခဲ့ပြီး ဖြစ်သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန-
အလွဲသုံးစားမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံရသူ နာမည်ကြီး အဆိုတော်၏ မိခင် ကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ထပ်မံ တရားစွဲဆိုခံရဖွယ် ရှိနေသေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 20, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 20, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment