Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 19, 2014
အားလုံးသိသော လျှို့ဝှက်ချက် သို့မဟုတ် စီအိုင်အေ၏ လျှို့ဝှက် အကျဉ်းထောင်များ
« Back
ရဲလွင်အောင်
                 အမေရိကန်အထက်လွှတ်တော်၏ စီအိုင်အေဆိုင်ရာ အစီရင်ခံစာတွင် ထောက်လှမ်းရေးအဖွဲ့က အကြမ်းဖက်သမားဟု သံသယရှိသူများအား နှိပ်စက် ညှင်းပန်းခဲ့မှုများနှင့်ပတ်သက်ပြီး အပြည့်အစုံဖော်ပြထားသည်။ ထို့ပြင် အမေရိကန် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လျှို့ဝှက်ချက်များအား မည်ကဲ့သို့ သိုဝှက်ထားသည်နှင့် ဖွင့်ချပြသည် တို့ကိုလည်း အစီရင်ခံစာက သွယ်ဝိုက်သော နည်းဖြင့် ဖော်ပြခဲ့သည်။
                အထက် လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒီယန်ဖိုင်စတိုင်းသည် အထက် လွှတ်တော်၌ အင်္ဂါနေ့တွင် ရှင်းလင်း ပြောဆိုမှု တစ်ခုကို ပြုလုပ်ခဲ့သည်။ ကော်မတီမှာ စီအိုင်အေကို ထိန်းသိမ်း ကြပ်မတ်ရသော တာဝန်ရှိပြီး စီအိုင်အေ အရာရှိ များသည်လည်း ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကော်မတီသို့ သတင်းပို့ရန် တာဝန် ရှိခဲ့သည်။
                သို့သော် စီအိုင်အေ အရာရှိများသည် နှိပ်စက် ညှင်းပန်းမှုဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်ပြီး ၎င်းနှင့် အခြား ကော်မတီဝင်များအား အယူလွဲအောင် တမင် လုပ်ဆောင်ခဲ့ကြောင်း ဒီယန် ဖိုင်စတိုင်းက ပြောဆိုခဲ့သည်။ ဖိုင်စတိုင်း၏ ပြောဆိုမှုကို ယုံကြည်ရန် ခက်လှပါသည်။ တကယ် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းမှာ ပိုမို ရှုပ်ထွေးလှပါသည်။
                အိမ်ဖြူရှိ အခြား သူများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ဘုရှ်အား စီအိုင်အေ အရာရှိများက အမေရိကန် ပြည်ထောင်စု ပြင်ပရှိ အနက်ရောင် နယ်မြေများ သို့မဟုတ် လျှို့ဝှက် အကျဉ်းထောင်များနှင့် ပတ်သက်ပြီး အသိပေးခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းကြောင့် ဘုရှ်မှာ ၎င်းအကျဉ်းထောင်များ နေရာကို ဖော်ထုတ်ရန် တာဝန် မရှိတော့ချေ။
                 ဘုရှ်မှာ ဇာတ်လမ်း အပြည့်အစုံကို မသိလျင် မသိမည်။ သို့သော် ၀ါရှင်တန်ရှိ အခြား သူများကဲ့သို့ပင် ဇာတ်လမ်း၏ ကျောရိုးကိုတော့ သိမည်မှာ အမှန်ပင်ဖြစ်သည်။
                စက်တင်ဘာ (၁၁) ကမ္ဘာ့ကုန်သွယ်ရေး  မျှော်စင်ညီနောင် တိုက်ခိုက် ခံခဲ့ရပြီးနောက် အိမ်ဖြူ အရာရှိများသည် အလားတူ တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားမည်ကို အလွန်အမင်း စိုးရိမ်ခဲ့ကြောင်း စီအိုင်အေ၏ ဥပဒေရေးရာ အရာရှိချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဂျွန်ရစ်ဇိုက ပြောဆိုခဲ့သည်။                                  
                အကြောက်တရား ရှိနေသောကြောင့် ရစ်ဇိုနှင့် အခြား စီအိုင်အေ အရာရှိများသည် ဌာန၏ သမိုင်း တစ်လျောက် မပြုလုပ် ခဲ့ဖူးသည့် နှိပ်စက် ညှင်းပန်းမှု နည်းလမ်းများကို ကျင့်သုံးရန်  တိုက်တွန်းမှုများနှင့် ကြုံခဲ့ရသည်။
                ယင်းကြောင့် ရစ်ဇိုသည် နှိပ်စက် ညှင်းပန်းမှု နည်းလမ်းများ ဥပဒေများနှင့် အကျုံးဝင်ရေး အတွက် ကြိုးပမ်းခဲ့သည်။ ရှေ့နေ ဖြစ်သဖြင့် စာဖြင့် ရေးသား မှတ်တမ်း တင်ခဲ့သည်။ ၂၀၀၂  မှ  ၂၀၀၅  ခုနှစ် အတွင်း တရားရေး ဌာနရှိ ဥပဒေ အကြံပေးရေး ရုံးမှ ရှေ့နေများသည် နှိပ်စက် ညှင်းပန်းမှုများ နှင့် ပတ်သက်ပြီး မှတ်တမ်းများ ပြုလုပ်ခဲ့သည်။ ယင်းကြောင့် စီအိုင်အေ ကျင့်သုံးခဲ့သော နည်းလမ်းများမှာ စိတ်မနှံ့သူ တစ်ဦးက လုပ်ဆောင်ခဲ့ခြင်း မဟုတ်၊ အာဏာရှင် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်း မဟုတ်၊ တရားဝင် မူဝါဒအရ သမ္မတ ကိုယ်စား လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။
               စီအိုင်အေ အရာရှိများသည် ပွင့်လင်း မြင်သာမှု ရှိစွာ လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဝေဖန် ထားပြန်သည်။ အကြမ်းဖက်သမား အဖြစ် သံသယရှိသူ အဘူ ဇူဘေဒါအား ၂၀၀၂ ခုနှစ် နွေရာသီတွင် ပါကစ္စတန်၌ ဖမ်းမိခဲ့သော်လည်း စီအိုင်အေ အရာရှိများသည် အဘူဇူဘေဒါအား စစ်ကြော မေးမြန်းမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ကော်မတီသို့ တင်ပြမှု မပြုခဲ့ချေ။
                ယင်းနှစ် စက်တင်ဘာလတွင် စီအိုင်အေ အရာရှိများသည် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ကော်မတီ အဖွဲ့ဝင်များအား သတိ ပေးပို့ခဲ့သည်။ အနက်ရောင် နယ်မြေများသို့ သွားရောက် စစ်ဆေးလိုကြောင်း အဖွဲ့ဝင်များက တောင်းဆိုသည့် အခါတွင် စီအိုင်အေက ယင်းတောင်းဆိုမှုကို ပယ်ချခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
                စီအိုင်အေသည် ယင်းအချိန်က နိုင်ငံခြားရေး ၀န်ကြီး ကောလင်း ပိုဝယ်ကိုလည်း စစ်ကြောမှုများနှင့် ပတ်သက်ပြီး မတင်ပြခဲ့ကြောင်း ရှေ့နေရစ်ဇိုက ပြောဆိုခဲ့သည်။ သို့သော် စီအိုင်အေသည် ၀ါရှင်တန်ရှိ အရာရှိကြီးများ၊ ကော်မတီ အဖွဲ့ဝင်များ၊ ဂျာနယ်လစ်များအား အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ပြောဆို ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
                ယင်းအကြောင်း အရင်းများကြောင့် စစ်ကြော မေးမြန်းမှုဆိုင်ရာ အစီအစဉ်အား လျှို့ဝှက် ထားသည် ဆိုသည်ကို ယုံကြည်ရန် ခက်ခဲလှသည်။ စီအိုင်အေ အရာရှိများ၏ ပြောဆိုမှုကို အခြေခံပြီး ဂျာနယ်လစ် တချို့သည် အစီအစဉ်နှင့် ပတ်သက်၍ သတင်းများ ရေးသားခဲ့သည်။ အခြား ဂျာနယ်လစ်များမှာလည်း အစီအစဉ်ကို သိရှိခဲ့သော်လည်း အကြောင်းအရင်း တစ်ချို့ကြောင့် ရေးသားမှု မပြုခဲ့ကြ။
                ဘုရှ်အစိုးရ လက်ထက် အတွင်း တာဝန် ထမ်းဆောင်ခဲ့သော အရာရှိကြီးများသည် အစီအစဉ် နှင့် ပတ်သက်၍ သိရှိသော်လည်း ယင်းအချိန်က ရှုပ်ချ ပြောဆိုမှု မပြုခဲ့ကြပေ။
                စီအိုင်အေသည် ကော်မတီ အဖွဲ့ဝင်များအား အစီအစဉ်နှင့် ပတ်သက်ပြီး ကောက်ယူမှု လွဲအောင် လုပ်ဆောင် ခဲ့ကြောင်း ကော်မတီ ဥက္ကဋ္ဌက စွပ်စွဲထားသည်။
                ယင်းအချိန်က စီအိုင်အေ ညွှန်ချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် မိုက်ကယ် ဟေဒင်က ကော်မတီ အဖွဲ့ဝင် အားလုံးကို အသိပေးခဲ့ကြောင်း၊ ယင်းမှာ စီအိုင်အေ၏ အစီအစဉ်မဟုတ်၊ သမ္မတ၏ အစီအစဉ်လည်း မဟုတ်၊ အမေရိက၏ အစီအစဉ်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
                ယင်းအချိန်က စီအိုင်အေ ဘာတွေ လုပ်နေသည်ကို အိမ်ဖြူ၊ ကွန်ဂရက်စ်၊ ဂျာနယ်လစ်များ နှင့် ရှေ့နေများ သိရှိကြသည်။ တစ်နည်းဆိုလျင် ဟေဒင်၏ ပြောဆိုမှု မှန်ကန်သည်ဟု ဆိုရမည် ဖြစ်သည်။ ပြောရလျင် အစီအစဉ်သည် အဖွဲ့အစည်း တစ်ခုတည်းနှင့် မဆက်ဆိုင်၊ နိုင်ငံတစ်ခုလုံးနှင့်သာ သက်ဆိုင်ကြောင်း အစီရင်ခံစာ ဖော်ပြထားသည်။
Source:BBC
http://www.messengernewsjournal.com/news/Inter/detail.php?id=28325
No comments:
Post a Comment