Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 18, 2014

ဦးသန့် အရေးအခင်း နောက်ကွယ်မှ ဇာတ်လမ်းများ - ကိုရင်မောင်

ဦးသန့် ကွယ်လွန်ခဲ့သည်မှာ ယခုအခါ နှစ် (၄၀)ရှိပြီ ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဦးသန့် အရေးခင်းသည် ပထမအကြိမ် ပြည်သူ့လွှတ်တော်မှ ရွေးချယ် တင်မြောက်ထားသော ဦးနေ၀င်း အစိုးရ အတွက် တတိယ အကြိမ်မြောက် အရေးခင်းကြီး ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ်တွင် အလုပ်သမား အရေးခင်းနှင့် ဦးသန့် အရေးအခင်းတို့ ဖြစ်ကြပါသည်။ ဦးသန့်သည် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ်သူ အာဏာရှင် ဦးနေ၀င်း၏ ပုဂ္ဂိုလ်ရေး အာဃာတကြီးမားမှုကြောင့် နိုင်ငံတော် အတွက် မလိုလားအပ်သော အရေးခင်းကြီး ပေါ်ပေါက်ခဲ့ရပါသည်။ ထို့အပြင် ကျောင်းသားများ၊ ရဟန်းရှင် ပြည်သူများတို့သည်လည်း ကျောင်းထုတ်ခံရ၊ အရေးယူခံရ အစရှိသည်ဖြင့် ဘ၀ တ၀က်တပျက်တွင် လှေလှော်ရင်း တက်ကျိုးခဲ့ရပါသည်။ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဆလိုင်း တင်မောင်ဦးသည် ယင်းအရေးအခင်းများတွင် ပါဝင်ခဲ့သည့် အတွက် ပထမဆုံး ကြိုးပေး ကွပ်မျက်ခြင်း ခံရသော ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ပါသည်။ ဆလိုင်း တင်မောင်ဦး ကြိုးပေးကွပ်မျက်ခြင်း ခံရသော (၃၆)နှစ်မြောက် အထိမ်းအမှတ်ပွဲကို တော်ဝင်နှင်းဆီ ခန်းမတွင် ကွယ်လွန်သူ ဆရာကြီး ဦးဝင်းတင် ဦးဆောင်၍ တ.က.သ အမှုဆောင်ဟောင်း ဦးလှရွှေ၊ ကိုမင်းကိုနိုင်၊ ကိုကျော်ကိုကို၊ ကိုတင်မောင်ဦး၏ ညီ အစရှိသည်တို့ဖြင့် ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြပါသည်။

ဦးသန့်ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့မှ ၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ မွေးချင်း ညီအကို (၄) ဦးရှိသည့်အနက် ဦးသန့်မှာ အကိုအကြီးဆုံး ဖြစ်ပြီး ၄င်း၏အောက်တွင် ဦးခန့်၊ ဦးသောင်းနှင့် ဦးတင်မောင် (၃)ဦးတို့ ရှိကြပါသည်။ အသက် (၂၆)နှစ်တွင် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ရာ သမီးကြီး အေးအေးသန့်နှင့် သားငယ် တင်မောင်သန့်တို့ မွေးဖွားခဲ့ပါသည်။ သားငယ် တင်မောင်သန့်မှာ ၁၉၆၂ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် ရွှေဂုံတိုင်မီးပ္ပိုင့် အနီးတွင် ဘတ်(စ်)ကားပေါ်မှ လိမ့်ကျသေဆုံးခဲ့ပါသည်။ ဦးသန့်သည် ၀န်ကြီးချုပ် ဦးနုနှင့် ကျောင်းဆရာ ဘ၀ကပင် အလွန်ရင်းနှီးကြသူများ ဖြစ်ကြ၍ နောက်ပိုင်း ၀န်ကြီးချုပ် ဦးနု လက်ထက်တွင် တာဝန်အမျိုးမျိုး ပေးခြင်းခံရပြီး ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။ ၁၉၆၀ ခုနှစ်တွင် ကုလသမဂ္ဂ ရန်ပုံငွေ တိုးပွားရေး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံရပါသည်။ ဦးသန့်သည် စစ်အေး တိုင်ပွဲ ကာလအတွင်းတွင် အမေရိကန် အုပ်စုနှင့် ဆိုဗီယက် အုပ်စုတို့ကြားတွင် သင့်မြတ်စွာ နေထိုင်နိုင်သောကြောင့် (၂)ဖက်စလုံး၏ ရိုသေလေးစားခြင်းကို ခံရသူတစ်ဦး ဖြစ်ပါသည်။ ၄င်းအပြင် ဦးသန့်သည် အင်္ဂလိပ်လို ရေးသား ပြောဆိုရာတွင် အလွန်ကောင်းသူ တစ်ဦး ဖြစ်ပါသည်။ ဦးသန့်သည် သူများ ပြောသည်များကို စိတ်ရှည်စွာ နားထောင်တတ်ပြီး မိမိပြောသော အခါတွင် ရှင်းလင်းစွာဖြင့် တိုတိုတုတ်တုတ် ပြောတတ်ပါသည်။ ဦးသန့်သည် ကုလသမဂ္ဂ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီး အားလုံး၏ ချစ်ခင် လေးစားမှုကိုလည်း ခံယူရသူ တစ်ဦး ဖြစ်ပါသည်။ ဦးသန့်၏ ဥပဓိရုပ်ရည်မှာလည်း နှစ်လိုဖွယ်ကောင်းသည့် အတွက် လူချစ်လူခင် ပေါများခြင်း ဖြစ်ပါသည်။ ဤသည်မှာ ၄င်းအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးရရှိရန် အထောက်အကူ ပြုထားသော အချက် ဖြစ်ပါသည်။

၁၉၆၁ ကွန်ဂို အရေးအခင်းတွင် လေယာဉ်ပျက်ကျ၍ ရုတ်တရက် ကွယ်လွန်သွားသော ဒက်ဟမ္မားရှိုး၏ နေရာတွင် ယာယီ အတွင်းရေးမှူးချုပ် အဖြစ် ခေတ္တ၀င်ရောက် တာဝန်ထမ်းဆောင်ပြီး ၁၉၆၁၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကုလသမဂ္ဂ၏ တရားဝင် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို အများသဘောတူ ရွေးချယ် တင်မြောက်ခြင်း ခံရပါသည်။ ဦးသန့်သည် ၄င်းတာဝန် ထမ်းဆောင်သော ကာလတွင် ကမ္ဘာကြီးအား တတိယ ကမ္ဘာစစ်ဘေးမှလည်း ကယ်တင်နိုင်ခဲ့ပါသည်။ ၄င်းအရေးအခင်းမှာ ကျူးဘားဒုံးပျံ အရေးခင်း ဖြစ်ပါသည်။ အမေရိကန်နှင့် ရုရှားတို့ ထိပ်တိုက်တွေ့မည့် နျူကလီးယား စစ်ပွဲမှ ဦးသန့်၏ ကြားဝင်ဖြေဖြန်မှုကြောင့် ဆိုဗီယက် နိုင်ငံမှ ၀န်ကြီးချုပ် ကရူးရှက်သည် ၄င်း၏ ရေလမ်း သဘောင်္များဖြင့် ကျုးဘားမှ ဒုံးပျံများကို ပြန်လည် ရုတ်သိမ်းသွားခဲ့ပါသည်။ ထိုစဉ်က အမေရိကန် သမ္မတမှာ ဂျွန်အက်(ဖ်) ကနေဒီ ဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို (၂) ကြိမ် ထမ်းဆောင်ပြီးနောက် ဦသန့်သည် အနားယူခဲ့ ပါသည်။ ဦးသန့်သည် ကမ္ဘာ့နိုင်ငံရေး ပြသာနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သော ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အကြီးအကဲများ ကမ္ဘာ့ပြည်သူများကပင် ချီးကျူးဂုဏ်ယူခြင်း ခံရပါသည်။ ကုလသမဂ္ဂ သမိုင်းတွင်လည်း မှတ်တမ်း၊ ကဗ္ဗည်းတင် ခံရသူဖြစ်ပါသည်။ ယခုလက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသော မစ္စတာ ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံသို့ လာစဉ် ဦးသန့်အား ချီးကျူး ဂုဏ်ပြုပြီး ဦးသန့်၏ ဂူဗိမာန်အားလည်း သွားရောက် ဂါရ၀ပြုခဲ့ပါသည်။

ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ရင်း ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်သူ၏ ဆန္ဒအရ မြန်မာနိုင်ငံတွင် ၄င်း၏ ရုပ်ကလာပ်အား ရန်ကုန်မြို့တွင် သင်္ဂြိုဟ်ရန် အတွက် ပြန်လည် သယ်ဆောင်လာရာ ထိုစဉ်က သမ္မတ ဦးနေ၀င်းမှ ကြံတော သုဿာန်တွင်သာ မြေနေရာ ပေးသည်ကို ကျောင်းသားများနှင့် ပြည်သူများက မကျေနပ်သောကြောင့် ဦးသန့် အရေးခင်းကြီး ပေါ်ပေါက်ခဲ့ရပါသည်။ အတွင်း သတင်းများအရ ဦးနေ၀င်းသည် ဦးသန့် အပေါ်တွင် အာဃာတတရား ထားရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာတွင် ထိုစဉ်က တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဖြစ်သော ဗိုလ်ချုပ်ကြီး နေ၀င်းမှ အလုံလမ်း သမ္မတ အိမ်တော်တွင် ကော်ဇောနီ ခင်းပြီး ညစာစားပွဲဖြင့် တစ်ခမ်းတစ်နား ကြိုဆိုဂုဏ်ပြု ဧည့်ခံခဲ့ပါသည်။ ၄င်းနောက် ဦးနု၏ ပြည်ပြေး အစိုးရ ပေါ်ပေါက်လာသော အခါတွင် ဦးသန့်သည် ဦးနုကို ကူညီသည်ဟုဆိုကာ မျက်မာန်တော် ရှခဲ့ပါသည်။ ဦးသန့် အလောင်းကို ရန်ကုန်သို့ သယ်လာသော ကာလတွင် ထိုစဉ်က ပြည်ထဲရေး ၀န်ကြီး ဖြစ်သော ဗိုလ်မှူးကြီး ကိုကိုမှ “ဗိုလ်ချုပ်-ဦးသန့် အတွက်ကို နေရာတစ်ခု ဖန်တီးပေးလိုက်ရင် ကောင်းမယ် မဟုတ်ရင် ဆူပူမှုဖြစ်လိမ့်မည်”ဟု တင်ပြသောအခါ ဦးနေ၀င်းမှ “ဆူလျှင် ချလိုက်မှာပေါ့ကွ”ဟု ပြောခဲ့ပါသည်။ ဤသည်မှာ အာဏာရှင်တို့၏ ၀သီအတိုင်း လက်နက်ဖြင့် အကြမ်းဖက်ရန် ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ အတိုချုပ်အားဖြင့် ပြောရလျှင် ကျောင်းသားများသည် ဦးသန့်၏ ရုပ်ကလာပ်အား ကျိုက္ကဆံကွင်းတွင် ပြည်သူတို့ အလေးပြုရန် ထားရှိပြီး ၄င်းမှ ဘွဲ့နှင်းသဘင်သို့ သယ်ဆောင်ကာ ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်း ဗိုလ်အောင်ကျော်ဂူ အနီးတွင် ဂူသွင်းခဲ့ပါသည်။

ဤသို့သော အခြေအနေတွင် ညသန်းခေါင်းယံ၌ စစ်ကြောင်းများသည် တက္ကသိုလ်အတွင်း ၀င်စီးပြီး ဦးသန့်၏ ရုပ်ကလာပ်အား ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ပြီး နေရာပေးခဲ့ပါသည်။ နိဂုံးချုပ်အားဖြင့် ပြောရလျှင် ဦးနေ၀င်းသည် ပြည်သူနှင့် ကျောင်းသားတို့၏ ဆန္ဒကို နောက်ဆုံးတွင် လိုက်လျောခဲ့ရပါသည်။ အမှန်မှာ မူလကပင် စီစဉ်ပေးလိုက်ပါက မည်သည့်ပြဿနာမှ မဖြစ်ပေါ်နိုင်ဘဲ အေးအေးချမ်းချမ်း ပြီးသွားမည် ဖြစ်ပါသည်။ သို့သော် အာဏာရှင်တို့၏ ဗီဇအတိုင်း မည်သည့် အရာကိုမျှ လူစုလူဝေးဖြင့် တောင်းဆိုသည်များကို လက်ခံရလျှင် ၄င်းတို့အတွက် သိက္ခာကျစရာဟု ထင်မြင်ယူဆပုံ ရပါသည်။ အထူးသဖြင့် ကျောင်းသားဆိုလျှင် ဦးနေ၀င်းသည် ပို၍အ မြင်မကြည်ပုံ ရပါသည်။ ၄င်းအာဏာသိမ်းပြီး ၁၉၆၂၊ ဇူလိုင်လ (၇) ရက်နေ့တွင် ကျောင်းသားများအား အကြမ်းဖက် နှိမ်နှင်းပြီးနောက် မြန်မာ့အသံမှနေ၍ ဓားဓားခြင်း၊ လှံလှံခြင်း ရင်ဆိုင်မည်ဟုဆိုသော အာဏာရှင်၏ အသံလွှင့်ချက်ကို မှတ်မိကြပါလိမ့်မည်။ ဦးနေ၀င်းသည် ဤအကြမ်းဖက် နှိမ်နှင်းမှုကို ၄င်းအာဏာ စွန့်သွားသည်အထိ အကောင်အထည် ဖော်ဆောင်ခဲ့သောကြောင့် သမိုင်းတွင် အမဲစက်ကြီးဖြင့် ကွယ်လွန်ခဲ့ရပါသည်။ ယခုလက်ရှိ အစိုးရသည် ပြည်သူ့လွှတ်တော်မှ ပြဌာန်းခဲ့သော အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားများ၏ ကန့်ကွက် ဆန္ဒပြမှုကို ရင်ဆိုင်နေရပါသည်။ သမ္မတကြီး ကိုယ်တိုင်ကပင်လျှင် ကျောင်းသား သမဂ္ဂသည် မရှိမဖြစ်သော အဖွဲ့အစည်း တစ်ခုအနေဖြင့် လိုအပ်ကြောင်း ပြောဆိုသွားသည်ကို ကြားသိရပါသည်။ သို့ဖြစ်သောကြောင့် ဤကိစ္စကြီးကိုလည်း အားလုံးသော ပုဂ္ဂိုလ်များ ညှိညှိနှိုင်နှိုင်းဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် မ.ဆ.လ ပါတီ၏ နောက်ဆုံး သမ္မတဖြစ်သော ဒေါက်တာ မောင်မောင်၏ ပျော်ပျော်ပါးပါး သမဂ္ဂကြီးကို အုတ်မြစ်ချ၍ ပြန်လည် တည်ဆောက်ကြပါစို့ဟု ဆိုသောစကားကိုလည်း မမေ့ကြပါရန် မှာကြားအပ်ပါသည်။ ယခု ကျောင်းသားများ တောင်းဆိုနေသော ပညာရေး အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် နိုင်ငံတော်၏ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းကို များစွာ လေးစားပါသည်။

ကိုရင်မောင်
http://www.tomorrow.com.mm/?q=articles/1248

No comments:

Post a Comment