နော်ဝေဘုရင်လာပြီးနောက် ဂေါဝိန်မြစ်ဆိပ်နေ ဖယ်ရှားခံကျူးကျော်များ
နေအိမ်ပြန်လည်တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Written by မျိုးသန့်
မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ကျူးကျော်နေထိုင်နေသူများကို ဈေးနှုန်းသင့်တင့်သော တိုက်ခန်း များ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး အငှားစနစ်ဖြင့် နေခွင့်ပြုရန် စီစဉ်နေကြောင်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း က ပြောသည်။
“တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံပြီး ဆိပ်ကမ်းမှာ ကျူးကျော်နေ ထိုင်သူတွေအတွက် တန်ဖိုးသင့်တင့်မျှတတဲ့ တိုက်ခန်း များ ဆောက်လုပ်ပေးဖို့ စီစဉ်နေတယ်။ အငှားစနစ်နဲ့ ဆောင်ရွက်ပေးသွား မှာဖြစ် တယ်”ဟု မြို့တော်ဝန်က ပြောသည်။
မန္တလေးသို့ နော်ဝေဘုရင်နှင့် ဘုရင်မ လာရောက်လည်ပတ်စဉ်က သန့်ရှင်းစွာ ကြိုဆိုနိုင်ရေးအတွက် မြို့တော်စည်ပင်က ဧရာဝတီမြစ်၊ ဂေါဝိန်ဆိပ်ကမ်းကျူးကျော် နေထိုင်သူများ၏ တဲအိမ်ပေါင်း၁၀၀ ကျော် ကို ငါးရက်ကြာ ယာယီဖယ်ရှားရှင်းလင်းခဲ့ ပြီးနောက်ပိုင်း စီစဉ်ပေးခြင်းဖြစ်သည်။
“ဘုရင်လာမယ်။ ဒါကြောင့် တဲတွေဖယ်ပေးရမယ်လို့ ပြောတယ်။ ပြေပြေလည် လည်ပြောတဲ့အတွက် ဖယ်ပေးလိုက်တယ်။ လမ်းအရှေ့ ဘက်ခြမ်းကို ပြောင်းနေမလို့ လုပ်ပေမယ့် အဲဒီဘက်က လက်မခံတာကြောင့် ဖြစ်သလိုအိပ်ခဲ့ရတယ်။ အခုအိမ် ပြန်ဆောက်နေပြီ။ တာဝန်ရှိသူတွေက ငွေကြေးတော့မပေးဘူး။ တိုက် ခန်းငှားပေးမယ်လို့ ပြောပေမယ့် ဘယ်လိုစည်းကမ်းချက်တွေ သတ်မှတ်မယ်ဆိုတာ မသိသေးဘူး” ဟု ဆိပ်ကမ်းတွင် ၁၅ နှစ်ကျော်နေ ထိုင်လာသူ မစန်းမာဦးက ပြောသည်။
ဆိပ်ကမ်းဘေးတွင် ကျူးကျော်နေထိုင်သူများသည် ရေယာဉ်ကုန်တင်ကုန်ချလုပ်ငန်း၌ အလုပ်ကြမ်းများကို နေ့စားဖြင့် ဝင်ရောက် လုပ်ကိုင် နေကြပြီး တစ်ရက်လျှင် ကျပ် ၅,၀၀၀ ခန့် ရရှိသည်။
အဆိုပါ ငွေကြေးအနေအထားမှာလည်း မိသားစုစရိတ်၊ ကလေးကျောင်းထားစရိတ်များ အဆင်ပြေသည့် သူမှာ မရှိသလောက် နည်းကြောင်း၊ ထို့ကြောင့် အိမ်ငှားစနစ်ဖြင့် လုပ်ဆောင်ပေးလျှင်လည်း ငှားရမ်းသည့် စရိတ်မတတ်နိုင်သဖြင့် အဆင်ပြေမည် မဟုတ်ကြောင်း ဆိပ်ကမ်းဘေး နေထိုင်သူများက ပြောသည်။
မြစ်ကမ်းဘေး ကျူးကျော်နေထိုင်သူများကို ရတနာပုံမြို့သစ်သို့ မြေနေရာချ ထားပေးခဲ့ပြီးနောက် ၎င်းတို့တွင် ဝမ်းရေးအတွက် ရှာဖွေနေရသော အလုပ်အကိုင်မှာ ဆိပ်ကမ်းဝန်းကျင်တွင်သာ ရှိသောကြောင့် လက်ရှိ နေရာသို့ ပြန်လည်ရွှေ့ပြောင်းလာကြပြီး ယခုကဲ့သို့ အရေအတွက် များပြားလာရခြင်းဖြစ်သည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကျူးကျော်နေထိုင်သူများ ဆိပ်ကမ်းဝန်းကျင်တွင် များပြားမှုမရှိစေရန် ရွှေ့ပြောင်းလုပ်သားများ အတွက် ၂၀၁၅ ခုနှစ်တွင် တိုက်ခန်းများ ဆောက်လုပ်ပေးသွားရန် စီစဉ်ခြင်းဖြစ်ပြီး ဈေးနှုန်းသင့်တင့်သော နှုန်းထားတစ်ရပ်ဖြင့် ငှားရမ်းပေးသွားမည်ဟု ဆိုသည်။
မန္တလေးမြို့၊ ဆိပ်ကမ်းဝန်းကျင်တွင် နော်ဝေဘုရင်နှင့် မိဖုရားပြန်လည်ထွက်ခွာသွားပြီးနောက် ကျူးကျော်တဲများ ပြန်လည်တည်ဆောက်ရာ တွင် ယခင်ထက်ပိုသော ကျူးကျော်တဲများ ပါဝင်လာသောကြောင့် အရေအတွက်အားဖြင့် ပိုမိုများပြားလာသည်ဟု ကျူးကျော်နေထိုင် သူများထံမှ သိရသည်။
Mizzima
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/34592-2014-12-12-00-56-43
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 11, 2014
မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းဘေးနေသည့် ကျူးကျော်များကို တိုက်ခန်းဆောက်ပေးမည်
မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းဘေးနေသည့် ကျူးကျော်များကို တိုက်ခန်းဆောက်ပေးမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 11, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 11, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment