Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 2, 2014

သရီးဒီများ ဖန်တီးရှင်


‘‘မိကျောင်း ကိုက်နေမယ်’’ ပါးစပ် အကျယ်ကြီး ဟထားသည့် မိကျောင်းကို ကြည့်ကာ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုမိကျောင်း၏ ပါးစပ်ကိုပင်ကိုင်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနေကြသူများကတော့ အမျိုးသမီးအသံကို မကြားသလိုပင်။  ယင်းမိကျောင်းကြီးက အပန်းဖြေ ကစားကွင်းအတွင်း အမှတ်တရ ဓာတ်ပုံရိုက်ရန် ရေးဆွဲထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမ ဆုံး သရီးဒီပလက်ဖောင်း ပုံဖော်မှုတစ်ခုကို ပုသိမ်မြို့တွင်ပြုလုပ်ခဲ့ရာ လူအများစိတ်ဝင်စားခဲ့ကြသည်။ လူမှုကွန်ရက်စာမျက်နှာများတွင်သာ ရင်းနှီးနေရသည့် သရီးဒီပုံဖော်မှုကို ကိုယ်တိုင်မျက်မြင် တွေ့နိုင်သည့်ပြင် အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးနိုင်သောကြောင့် စိတ်ဝင်စားမှုပိုမိုခဲ့ခြင်းဖြစ်သည်။

အဆိုပါသရီးဒီပုံများကို ပုံဖော်သူမှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်အချိန်ကတည်းက ရုပ်ရှင်ပို စတာ ပန်းချီရေးဆွဲနေသူတစ်ဦး ဖြစ်သည်။ သရီးဒီနှင့်ပတ်သက်၍ အင်တာနက်မှ ပုံများကိုအမြင်နှင့် သာ လေ့လာခဲ့ရပြီး အဆိုပါကဲ့သို့ ပုံများရရန် ကိုယ်တိုင်ကြိုးစားခဲ့ရ သည်ဟု မြန်မာနိုင်ငံတွင် ပထမ ဆုံး သရီးဒီ Street Art ရေးဆွဲသူကိုသက်နောင်က ၎င်း၏ အတွေ့အ ကြုံကို ပြောပြသည်။

‘‘သရီးဒီကို နိုင်ငံတကာမှာ လည်း ဆွဲနေကြတာဆိုတော့ သဘောကျနေတာကြာပြီ။ ကိုယ် တိုင်သရီးဒီရေးခွင့်ရပြီး ရေးဖို့အပ် တဲ့အချိန်တော်တော်လေးတော့ ၀မ်းသာခဲ့တယ်။ ဒါပေမဲ့ အိမ်ရောက်မှ တော်တော် စိတ်ညစ်သွားတယ်။ လုပ်ကြည့်တာ လုပ်လို့မရဘူး။ ချိုင့်ကြီးလည်း မဖြစ်ဘူး။အပေါက်ကြီးလည်း မဖြစ်ဘူး။နောက်ဆုံးကျ ချိုင့်ဆွဲမယ်ဆို အပြင်မှာ တကယ်တူးကြည့်တယ်။ နောက်ပြီး အပေါ်စီးက၊ ဘေးကကင်မရာနဲ့ ရိုက်တယ်။ ဘာကြောင့်သရီးဒီ ဖြစ်တာလဲ အဖြေရှာကြည့်ခဲ့ရတာ။ အဲဒီလိုလေ့လာခဲ့ရတာလေးရက်လောက်ကြာတယ်’’ဟု ၎င်း၏ ပထမဆုံးအတွေ့အကြုံကို ရယ်မောရင်းပြောပြသည်။

အသက် (၁၇) နှစ်အရွယ်က တည်းက ပုသိမ်မြို့ရှိ ရုပ်ရှင်ရုံ နှစ် ရုံ၌ ရုပ်ရှင်ပိုစတာများရေးဆွဲခဲ့ ပြီး ဗီနိုင်းများခေတ်စားလာသည့် အချိန်တွင်မူ ရုပ်ရှင်ပိုစတာခေတ် မရှိသောကြောင့် ပန်းချီရေးဆွဲခြင်း၊ အင်္ကျီတံဆိပ်ရိုက်သည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ပန်းချီနဲ့ ရေးချက်တွေက သိပ်မကွာဘူး။ အဓိကက အလင်း၊အမှောင်နဲ့ Shape က အရေးကြီး တယ်။ အဲဒါကို နိုင်နိုင်နင်းနင်းရေး နိုင်ရင်ရတယ်။ အဲဒါဆိုရင် ပုလင်း ဆိုလည်း ထောင်တက်လာ မှာပဲ။ ခပ်ရှည်ရှည်မျောမျောလေးတော့ရေးရတယ်။ လူဆိုလည်း မျက်နှာ ကတစ်ပေလောက်ဆိုရင် သုံးပေ လေးပေလောက်အထိ ဆွဲဆန့်ရ တယ်’’ဟု ၎င်း၏ အတွေ့အကြုံကိုပြောပြသည်။

သို့မှသာ ဓာတ်ပုံများရိုက်ကူး သည့်အချိန်တွင် ရုပ်လုံးများကြွပြီး အသက်ဝင်လာမည်ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့ရှိ အပန်းဖြေ ဥယျာဉ်အတွင်း၌ ပထမဆုံးရေးဆွဲ ခဲ့ပြီးနောက် ကလေးကစားကွင်း တစ်ခုတွင်လည်း သရီးဒီပုံများရေးဆွဲပေးရန်လက်ခံထားကြောင်း  ကိုသက်နောင်က ပြောသည်။

ရေးဆွဲထားသည့် သရီးဒီပုံ များနှင့် အမှတ်တရဓာတ်ပုံရိုက် ကူးကြရာတွင် ရေရှည်တည်တံ့မှု ရှိစေရန် ထိန်းသိမ်းမှုအသိအား နည်းနေသေးသည်ဟု ၎င်းက ဆို သည်။

‘‘လူတွေက သဲတွေကပ်နေ တဲ့ ဖိနပ်တွေနဲ့ တက်တယ်။ မတက်သင့်တဲ့နေရာကို တက်တယ်။ မရိုက်သင့်တဲ့နေရာမှာ ရိုက်တယ်။ ချောက်ကမ်းပါးပုံရေးထားတာဆို နှုတ်ခမ်းစပ်မှာ မရိုက်ရဘူး။ ချောက်ဆိုတာက အမှောင်ကိုရေးထား တာ။ အဲဒါကို အဲဒီနေရာမှာ ရိုက် တော့ရမှာမဟုတ်ဘူး။ ဘယ်နေရာမှာ ရိုက်ရင်ဘယ်လိုရမယ်ဆိုတာ ကို မသိသေးဘူး။ သရီးဒီနဲ့ပတ် သက်ပြီး စိမ်းနေတဲ့ သဘောရှိ တယ်’’ဟု ပြောသည်။

ပုသိမ်မြို့တွင် ရေးဆွဲခဲ့သည့် သရီးဒီမှာ ထိန်းသိမ်းမှုအားနည်း သည့်အပြင် ဆွဲသည့်နေရာမှာလည်း ချက်ချင်းလုပ်၊ ချက်ချင်းရေးဆွဲခဲ့ ခြင်းကြောင့် ဆေးများပျက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

‘‘ရေးတဲ့ဆေးမှာက ပလတ်စ တစ်ကုတ်တင်းပါတယ်ဆိုတော့ ခြောက်သွားရင် ပလတ်စတစ်လိုအချပ်လိုက်ဖြစ်တာ။ အဲဒါကိုအောက်က ရေထွက်လာတော့တွန်းထုတ်သလိုဖြစ်တာ ဆေးပျက်တာတော့ မဟုတ်ဘူး’’ဟု ပြောသည်။

အလုပ်အပ်သည့်အပေါ် မူ တည်၍ ရေးဆွဲရမည့်နေရာ ပတ် ၀န်းကျင်နှင့် လိုက်ဖက်မှုရှိစေရန် ဖန်တီးမှုများကို စဉ်းစားဖြစ်ပြီး အ လုပ်ရှင်နှင့် ညှိနှိုင်းကာရေးဆွဲဖြစ် ကြောင်း ကိုသက်နောင်က ပြော သည်။

‘‘အဓိကကဆုံချက်ပဲ။ သရီးဒီဆိုတာ တစ်နေရာကပဲကြည့်ရတာ။ အဲဒီနေရာကပဲကြည့်မှ သရီးဒီဖြစ် တာ။ တခြားနေရာက ကြည့်ရင်မရ ဘူး။ တစ်တောင်လောက် လွဲရင် တောင်မရဘူး။ ဆွဲတဲ့နေရာမှာ လည်း လိုင်းတွေအပေါ်မှာ အခြေခံတာဆိုတော့ နည်းနည်းလေး တောင် လွဲလို့မရဘူး။ တိုက်တွေ ဘာတွေဆွဲရင် ပိုဆိုးတယ်။ နည်း နည်းလေးလွဲတာနဲ့ စောင်းသွား တာပဲ’’ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ကရ၀ိက်ဥယျာဉ် ကမ္ဘာအ တွင်း ရေးဆွဲရာတွင် အရှည်ပေ ၇၀၊ အကျယ် ခြောက်ပေခန့်ရှိသော နေရာ၌ရေးဆွဲခြင်းဖြစ်သော ကြောင့် စမ်းချောင်းပုံစံရေးဆွဲခဲ့ ခြင်းဖြစ်ပြီး ဓာတ်ပုံများရိုက်ကူးနိုင်ရန် တံတား၊ ကျောက်တုံး၊ အကောင်ငယ်လေးများနှင့် မိကျောင်းပုံများ ထည့်၍ ရေးဆွဲထားကြောင်း အနားသတ်ကျောက်တုံးများကို ဆေး ခြယ်နေရင်းက ပြောပြသည်။

ကျောက်တုံးများကို ဓာတ်ပုံ ရိုက်သူများ အဆင်ပြေစေမည့် အ ရွယ်အစားဖြင့် စမ်းချောင်း၏ အ လယ်တွင် ရေးဆွဲထားပြီး မိကျောင်းများအနီးတွင်လည်း ထိုင်၍ ဓာတ်ပုံရိုက်ကူးရန် ကျောက်တုံးပုံများ ရေးဆွဲထားသည်။

‘‘ရေးတဲ့နေရာတိုင်းမှာ အမိုး မရှိတော့ တော်တော်ပင်ပန်းတယ်။နေတအားပူတော့ စိတ်အနှောင့် အယှက်ဖြစ်တယ်။ တချို့နေရာ တွေမှာဆို လူတွေဝိုင်းကြည့်နေရ တော့ ပန်းချီဆရာတစ်ယောက် အနေနဲ့ စိတ်အနှောင့်အယှက် တော့ ဖြစ်တယ်။ မလွတ်လပ်သလိုခံစားရတယ်။ အမိုးအကာလေးနဲ့ ရေးရရင်တော့ စိတ်တိုင်းကျရေး လို့ရတယ်’’ဟု ၎င်း၏ အတွေ့အ ကြုံကို ပြောပြသည်။

နေပူသောကြောင့် ဆေးခြယ် သည့်အပိုင်းတွင် အခက်အခဲရှိ ကြောင်း ပုသိမ်မြို့၌ရေးဆွဲစဉ်က ကြည့်ရှုသူများသောကြောင့် ရေးဆွဲခြင်းကို ခေတ္တရပ်နားခဲ့ရ ကြောင်း ၎င်းကဆိုသည်။

‘‘သရီးဒီနဲ့ပတ်သက်ပြီး တော်တော်များများတော့ ဖြစ်ထွန်းလာ စေချင်တယ်။ မြန်မာနိုင်ငံမှာက နေရာရှားတော့ လုပ်ငန်းရှင်တွေ လောက်ပဲ လုပ်နိုင်မယ်လို့ ထင် တယ်။ ကိုယ်တိုင်လုပ်ဖို့ကတော့ မလွယ်ဘူး’’ဟု ကိုသက်နောင်က ပြောသည်။

အချိန်ကာလအနည်းငယ်အ တွင်း မြန်မာနိုင်ငံ၏ နေရာအနှံ့အ ပြားတွင် သရီးဒီပုံများ များပြားလာ နိုင်မည်ဟုတ်၊ မဟုတ်ကို မည်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ သို့ သော်လည်း လက်ရှိအချိန်တွင်မူ သရီးဒီဖန်တီးမှုများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ရက် စာမျက်နှာများ၌  တင်ထားသည့်ပုံများကိုကြည့်ရှု၍ အားကျနေသူ များအတွက် ကိုယ်တိုင်သရီးဒီပုံ များနှင့် ရိုက်ကူးနိုင်တော့မည် ဖြစ် သည်။  ။

Credit: 7 day daily

No comments:

Post a Comment