Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 8, 2014

ကွယ်လွန်သူ ပန်းချီဆရာတို့၏ လက်ရာမွန် မြန်မာ့ရနံ့ပန်းချီးပြပွဲ The Yangon Gallery တွင်ပြသ




မြန်မာ့ရနံ့ အမည်ရှိ ပန်းချီပြပွဲကို ရန်ကုန်မြို့ ၊ အလုံလမ်း ၊ ပြည်သူ့ ဥယျာဉ် နှင့် ပြည်သူ့ရင်ပြင် ရှိ နက္ခတ်တာရာ ပြခန်းအနီး The Yangon Gallery ပြခန်း၌ ယမန်နေ့ နံနက်ပိုင်း မှစ၍ ပြသလျက် ရှိကြောင်း သိရသည်။

ယင်း ပြပွဲတွင် ကွယ်လွန် သွားပြီဖြစ်သည့် ပန်းချီ ဆရာကြီးများ ဖြစ်ကြသော ဆရာကြီး ဦးငွေကိုင် ၊ ဦးခင်မောင် (ဘဏ်) ၊ ဦးသာဒွန်း ၊ ဦးဘသက် ၊ ဗဂျီအောင်စိုး ၊ ပန်းချီ မောင်ငွေထွန်း ၊ ဦးပေါ်ဦးသက် ၊ ဦးကန်ညွန့် ၊ ဦးဉာဏ်ရှိန် ၊ ဦးဉာဏ်ဘွား ၊ ဦးခင်မောင်ရင် ၊ ပန်းချီ ၀သုန် ၊ ဦးကျော်လေး ၊ ဘိုကလေး ကျော်လှိုင် ၊ ဦးမောင်မောင်သစ် ၊ ဆရာစော စသည့် နာမည်ကျော် ပန်းချီဆရာ ၁၆ ဦး၏ အနုပညာ ပြောင်မြောက်ပြီး ကြည့်ရှုသူ တို့အား ရသအပြည့် ပေးစွမ်းနိုင်သည့် ပန်းချီကားပေါင်း ၉ဝ ကျော်ကို ပြသထားကာ ယင်း ပန်းချီကား များအနက် ၂၁ ကားကို ရောင်းချ သွားမည် ဖြစ်သည်။

ရောင်းချမည့် ပန်းချီကား များမှာ ၁၉၆၁ ခုနှစ်တွင် ရေးဆွဲထားသည့် ရေဆေးပန်းချီကား အပါအဝင် ပန်းချီကား ရှစ်ကား၊ ဆရာ ဦးကံညွန့်၏ ဆီဆေး နှစ်ကား၊ ဆရာဦးငွေကိုင် ၏ ဆီဆေး တစ်ကား၊ ၁၉၅၄ ခုနှစ်တွင် ဆရာ ဦးဉာဏ်ဘွား ရေးဆွဲခဲ့သည့် ရေဆေး နှစ်ကား၊ ဆရာဦးသာဒွန်း ၏ ဆီဆေး တစ်ကား၊ ဆရာ ဦးကျော်လေး ၏ ရေဆေးနှင့် ဆီဆေးပန်းချီကား ခြောက်ကား၊ ဆရာ ဦးဘသက် ၏ ဆီဆေး တစ်ကား တို့ဖြစ်ပြီး ရောင်းဈေးမှာ အမေရိကန် ဒေါ်လာ ၁၂ဝဝ မှ ၂၅ဝဝဝ ဈေးနှုန်းအထိ ရှိသည့် ပန်းချီကားများ ပါဝင်ကြောင်း သိရသည်။

''ဒီပြပွဲမှာ ပြသထားတဲ့ ပန်းချီကား တွေကို ရေးဆွဲသူတွေဟာ အားလုံး ဆုံးသွားကြ ပါပြီ။ သူတို့ရဲ့ လက်ရာမြောက် လှတဲ့ ပန်းချီကား တွေကို ပန်းချီ ဝါသနာရှင် တစ်ဦးဖြစ်တဲ့ ဦးသိန်းဝင်း က စုဆောင်းပြီး ပြသတဲ့ ပွဲလေး ဖြစ်ပါတယ်။ ရေဆေး၊ ဆီဆေး၊ ခဲခြစ် လက်ရာတွေကို ယခင်ခေတ် အတိုင်း မြင်တွေ့ကြ ရပေမဲ့ ဒီဘက်ခေတ်က အခရိုင်းလစ် တော့ မပါပါဘူး။ ဒီ ပန်းချီကားတွေ ကလည်း ရှားပါးပစ္စည်းတွေ ဖြစ်ပါတယ်။ ဆရာကြီး ဦးငွေကိုင် ရေးဆွဲတဲ့ မြတ်စွာဘုရား တရား ဟောနေတဲ့ ကားဆိုရင် အခုခေတ် ပန်းချီဆရာတွေ မရေးတော့ပါဘူး။ ဒါတွေဟာ တကယ့် အမွေအနှစ် တွေပါ။ ဒါတွေ အကုန်လုံးကို ကြည့်ရှုခွင့် ရအောင် ရည်ရွယ် ပြသခြင်း ဖြစ်လို့ မြန်မာ့ရနံ့လို့ အမည်ပေး ထားတာ ဖြစ်ပါတယ် ... '' ဟု The Yangon Gallery မှ တာဝန်ရှိသူ မလင်းဝတ်မှုံ က ပြောကြားသည်။

ပြပွဲကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်ထိ သုံးရက်တိုင် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီထိ ပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း သိရသည်။

ဝန်းရံခ

#PyiChitThar

No comments:

Post a Comment