Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 14, 2014

ISIS တို့ထံမှ အဓိကမြို့ကြီး များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဆက်လက် အရှိန်မြင့်နေဦးမည့် အမေရိကန် တို့၏ လေကြောင်း တိုက်ခိုက်မှုများ






ကိုကိုဟန်

အီရတ်မြောက်ပိုင်း ရှိ ကာ့ဒ်တပ်ဖွဲ့ဝင် များသည် ISIS စစ်သွေးကြွ တို့၏ လက်တွင်းသို့ ကျရောက်လျက် ရှိသော ဇူးမားမြို့ကို ပြန်လည် သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။ ဤ အတောအတွင်း အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များက အီရတ်နှင့် ဆီးရီးယားရှိ ISIS စစ်သွေးကြွ တို့ကို လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄ဝ ပြုလုပ်ခဲ့သည်။ အမေရိကန်တို့က နိုဝင်ဘာ ၂ ရက်တွင် တူရကီနယ်စပ် အနီး ဆီးရီးယား နိုင်ငံ အတွင်းရှိ ကိုဘာနီမြို့တွင် လေကြောင်း တိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ရေနံ ထုတ်လုပ်ရာ ဒေသတွင် လေကြောင်း တိုက်ခိုက်မှု ခုနစ်ကြိမ် ပြုလုပ် ခဲ့သည်။

အီရတ် တောင်ဘက်ဖျား ရှိ ဘဂ္ဂဒက် မြို့တော်အနီး ဂျပ်ဖ်အယ်လ်ဆာခါ မြို့ကို ISIS စစ်သွေးကြွ တို့လက်မှ အီရတ် လုံခြုံရေး တပ်ဖွဲ့များက ပြန်လည် သိမ်းပိုက်ပြီး ရှီးယိုက်တို့၏ ဘုရားဖူး လမ်းကြောင်းကို ပြန်လည် ဖွင့်ပေးနိုင်ခဲ့သည်။ ဇွန်လ အတွင်းကပင် အီရတ်နှင့် ဆီးရီးယား တွင် ISIS စစ်သွေးကြွ တို့သည် နယ်မြေ အများစုကို သိမ်းပိုက် ထားခဲ့ရာ မြေပြင်တပ် များကို အမေရိကန် တို့၏ လေကြောင်း တိုက်ခိုက်မှုများ က စစ်ကူ ပေးခြင်းဖြင့် ISIS စစ်သွေးကြွ တို့ကို ထိုးစစ်များ ဆင်နိုင် ခဲ့သည်။

လက်ဘနွန်နိုင်ငံ အလယ်ပိုင်း ထရီပိုလီ မြို့တွင် ISIS စစ်သွေးကြွ တို့နှင့် ဆက်နွှယ်လျက် ရှိသော ဆွန်နီ စစ်သွေးကြွ များနှင့် အစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွား ခဲ့ရာ လက်ဘနွန် စစ်တပ်မှ ခြောက်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ရာ ကျေးရွာ တစ်ရွာတွင် ISIS စစ်သွေးကြွ သုံးဦး ကျဆုံးခဲ့သည်။ အီရတ်တွင် ကာ့ဒ်တို့၏ ပက်ရှ်မာဂါး တပ်ဖွဲ့များက အမေရိကန် တို့၏ လေကြောင်း အကူအညီဖြင့် မိုဆူးလ်မြို့ မြောက်ဘက် ၃၆ မိုင်အကွာရှိ ဇူးမားမြို့အလယ်ပိုင်းမှ ISIS စစ်သွေးကြွ တို့ကို မောင်းထုတ် နိုင်ခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာများကို သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ဇူးမားမြို့ကို ဇွန်လ ကတည်းက ISIS စစ်သွေးကြွ တို့က သိမ်းပိုက် ထားခဲ့ခြင်း ဖြစ်ကာ သြဂုတ်လတွင် ပက်ရှ်မာဂါး ကာ့ဒ်တပ်ဖွဲ့များကို ISIS စစ်သွေးကြွ တို့က မောင်းထုတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ ယင်း တိုက်စစ်ကြောင့် အမေရိကန် ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများ ခက်ခဲရခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ တို့သည် သြဂုတ်လ ကတည်းက ဆင်ဂျာမြို့ကို သိမ်းပိုက် ထားခဲ့ရာ ယာဇီဒီ ဘာသာရေးဂိုဏ်း မှ လူပေါင်း ထောင်နှင့်ချီ၍ ထွက်ပြေး ခဲ့ကြရသည်။ ဇူးမားမြို့ သည် အီရတ်နိုင်ငံ ကာ့ဒ်လူမျိုး တို့၏ ပက်ရှ် မာဂါး တပ်ဖွဲ့မှ အထွက် သြဂုတ်လ အစောပိုင်းတွင် ISIS စစ်သွေးကြွ တို့ ချီတက်သိမ်းပိုက် သွားခြင်းကြောင့် ဇူးမားမြို့ကို ပြန်လည် ရရှိရေး အတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ ကြသည်။

တစ်ဖန် ဇူးမားမြို့သည် မိုဆူးလ် ဆည်ကြီးနှင့် လည်း သိပ်မဝေးပေ။ ကာ့ဒ်တပ်ဖွဲ့ များက သြဂုတ်လလယ် တွင် ဇူးမားမြို့ကို ပြန်လည် ရရှိခဲ့သည်။ ဇူးမားမြို့သည် သူတစ်ပြန် ကိုယ်တစ်ပြန် ဖြစ်နေ၍ နားလည်ရန်ပင် ခက်တော့သည်။ သို့သော်လည်း ကာ့ဒ်လူမျိုး ခေါင်းဆောင်များက အမေရိကန် တို့၏ လေကြောင်းမှ ပြင်းထန်စွာ ကူညီတိုက်ခိုက် ခြင်းကြောင့် နောက်ဆုံးတွင် ဇူးမားမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာပေါင်း ၁၇ ရွာကိုပါ ရရှိခဲ့သည်။

ကာ့ဒ်တပ်ဖွဲ့များ၏ ထိုးစစ်ဆင် ချီတက်မှုကို နှေးကွေး စေသော အဓိက အကြောင်းရင်းမှာ ISIS စစ်သွေးကြွ တို့က မြေမြှုပ်မိုင်းများ၊ လူသတ် ထောင်ချောက် များ မြောက်မြား စွာ ပြုလုပ်ထား ခြင်းကြောင့် ဖြစ်ပြီး အသေအပျောက် ထိခိုက် ဒဏ်ရာရသူ များပြားခဲ့သည်။ ကာ့ဒ်တပ်ဖွဲ့ဝင် များသည် အဆိုပါမိုင်း နှင့် ထောင်ချောက် များကို သိသော်လည်း လုံးဝမမှုခဲ့ချေ။ ဇူးမားမြို့ အနီး ကားဗုံး တစ်ခုတည်း ပေါက်ကွဲမှုမှာ ပင် လူခုနစ်ဦး သေဆုံး ခဲ့သည်။

ယခုဆိုလျှင် သူတို့၏ နောက်ကျော ဘက်ကို လုံခြုံမှုရှိအောင် လုပ်ကြရ ပြန်သည်။ နောက် ရည်မှန်းချက်မှာ အနောက် တောင်ဘက် ကီလိုမီတာ ၅ဝ အကွာရှိ ဆင်ဂျာမြို့ ကို ပြန်လည် သိမ်းပိုက်ရေး ဖြစ်သည်။ ဆီးရီးယားနှင့် နယ်စပ် တစ်လျှောက်တွင် တိုက်ခိုက် ရသည်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။ မကြာသေးမီက ရှေ့တန်းသို့ သွားရောက် ကြည့်ရှုခဲ့သော ကာ့ဒ်လူမျိုးစု ခေါင်းဆောင် မာဆွတ်ဘာဇာနီ က တိုက်ပွဲမှာ သိပ်ပြင်းထန် လိမ့်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်း စစ်ဌာနချုပ်မှ ပြောကြား ရာတွင် အီရတ်၌ လေကြောင်း တိုက်ခိုက်မှု များကို မိုဆူးလ်ဆည် ဧရိယာ၊ ဖာလူဂျာမြို့ နှင့် ဘယ်ဂျီမြို့ များရှိ ISIS စစ်သွေးကြွ တပ်များ၊ အဆောက်အအုံ များ၊ တပ်စခန်းများ နှင့် အနီးအနားရှိ စစ်လေယာဉ် များကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း သိရသည်။ နောက်ထပ် တိုက်ခိုက်မှု များက တူရကီ - ဆီးရီးယား နယ်စပ် ကိုဘာနီမြို့ အနီးရှိ ISIS စစ်သွေးကြွ အမြောက်ကြီးကို ဖျက်ဆီးချေမှုန်း ခဲ့သည်။ ဘဂ္ဂဒက်မြို့တော် တောင်ဘက်ရှိ အဓိက ရှီးယိုက်တို့၏ လုံခြုံရေး အတွက် အဓိက ကျသော ဂျပ်ဖ်အယ်လ်ဆာခါ မြို့ရှိ ISIS စစ်သွေးကြွ တို့ကို အီရတ် အစိုးရတပ်များ ချေမှုန်းတိုက်ခိုက် ခဲ့သည်။ ဂျပ်ဖ်အယ်လ်ဆာဂါမြို့ ၌ ယခုဆိုလျှင် အီရတ်အစိုးရ နိုင်ငံတော် အလံများကို အစိုးရ ရုံးများတွင် လွှင့်ထူ ထားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာဒစ်မက်ဒလော က ရိုက်တာ သတင်းအေဂျင်စီ ကို ပြောကြားသည်။

အယ်လ်ဆာခါ ကို သိမ်းပိုက် ရရှိခြင်းဖြင့် အနီးအနား အန်ဘာပြည်နယ် ရှိ ISIS စစ်သွေးကြွ တို့ကို အီရတ်တပ်ဖွဲ့ များက ဆက်လက် တိုက်ခိုက် နိုင်ခဲ့သည်။ အဆိုပါ ISIS စစ်သွေးကြွ တို့ကို နယ်စပ်မှ အောင်မြင်စွာ မောင်းထုတ် နိုင်ခဲ့သည့် အတွက် ISIS စစ်သွေးကြွ တို့အနေဖြင့် နယ်စပ်နှစ်ဖက် စလုံးတွင် လှုပ်ရှားရန် လွန်စွာမှပင် ခက်ခဲ သွားနိုင်သည်။ ထို့အတူ ဆီးရီးယားနိုင်ငံ ဘက်နယ်စပ်မှ ကာ့ဒ်လူမျိုး တပ်ဖွဲ့များထံမှ အကူအညီ ရရှိ ခဲ့ခြင်းကြောင့် နယ်စပ်ကို ဖြတ်လျက် ပူးပေါင်း ဆောင်ရွက်နိုင် သည့် လက္ခဏာ အသစ်တစ်ရပ် ကြောင့်လည်း ဖြစ်သည်။

အီရတ်နိုင်ငံရှိ ကာ့ဒ်လူမျိုး ပက်ရှ်မာဂါး တိုက်ခိုက်ရေး သမားများသည် အဆိုပါ တိုက်ပွဲတွင် ရာဘီယာ နယ်စပ် ဖြတ်ကျော်ခြင်းကို ထိန်းချုပ် ထားလိုက်နိုင်ပြီ ဟု အီရတ်နိုင်ငံ ကာ့ဒ်လူမျိုး နိုင်ငံရေးဘက် မှ သတင်း ရရှိသည်။ ယင်းသည် အရေးကြီးဆုံး မဟာဗျူဟာ အချက်အချာ ကျသည့် နယ်စပ် ဖြတ်ကျော်သော နေရာဖြစ်ကြောင်း သိရသည်။ ဆွန်နီ တိုင်းရင်းသား တိုက်ခိုက်ရေး သမားများမှာ တိုက်ပွဲတွင် ISIS စစ်သွေးကြွ တို့အား တိုက်ခိုက်ရာ၌ ပါဝင်ခဲ့ ခြင်းသည် အရေးပါသော တိုးတက်မှု ဖြစ်ကြောင်း သက်သေ ပြလိုက်ခြင်း ဖြစ်သည်။ အီရတ်နိုင်ငံ အနောက် မြောက်ပိုင်းတွင် နေထိုင်လျက် ရှိကြသော တိုင်းရင်းသားများ အနက် လူဦးရေ အများဆုံးထဲတွင် အပါအဝင် ဖြစ်သော သြဇာ ကြီးမားသည့် ဆွန်နီ ဘာသာဝင် ရှမ်းမား တိုင်းရင်းသား များသည် ကာ့ဒ်လူမျိုး တပ်ဖွဲ့များနှင့် အတူ လက်တွဲကာ ISIS စစ်သွေးကြွ တို့ကို တိုက်ခိုက် ခဲ့ခြင်းမှာလည်း အလွန် အရေးပါသော အချက်ဖြစ်သည်။

သို့ဖြစ်၍ အီရတ်နိုင်ငံ တွင် ISIS စစ်သွေးကြွ တို့အား အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့ များက လေကြောင်းမှ ပူးပေါင်း ပါဝင် တိုက်ခိုက်မှုများ၊ အီရတ်တပ်ဖွဲ့ များနှင့် တိုင်းရင်းသား တပ်ဖွဲ့များ ပူးပေါင်း၍ မြေပြင်မှ တိုက်ခိုက် နိုင်ခဲ့သောကြောင့် တိုက်ပွဲ တိုင်းတွင် ISIS စစ်သွေးကြွ တို့ နောက်ဆုတ်ပြေး နေကြ ရသည်။ ထို့ကြောင့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အစိုးရ လေကြောင်း တိုက်ခိုက်မှု များကို ဆက်လက် အရှိန်မြှင့်၍ လုပ်ဆောင်လျက် ရှိကြောင်း တင်ပြလိုက်ရ ပါသည်။ ။

#PyiChitThar

No comments:

Post a Comment