Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 8, 2014

အကောင်းမြင်စိတ် မလွန်ကဲရန် အိုဘားမားကို ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောကြား

နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားစဉ်။ ယုယု/မြန်မာတိုင်း(မ်)နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားစဉ်။ ယုယု/မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များအပေါ် အကောင်းမြင်စိတ် မလွန်ကဲရန်
မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ ကျင်းပမည့် အစည်းအဝေးသို့ လာရောက် တက်ရောက်မည့်
အမေရိကန် သမ္မတအိုဘားမား အပါအ၀င် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များကို ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်သည်။
"အကောင်းမြင်စိတ် မလွန်ကဲဖို့ဘဲ။ အကောင်းမြင်လွန်းတာဟာ ကျွန်မတို့ကို ကူညီရာ
မရောက်ဘူး"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ
၅ ရက်နေ့ ရန်ကုန်မြို့ ပါတီရုံးချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် နိုဝင်ဘာလ ၁၂ ရက် နှင့် ၁၃ ရက်တွင် အာဆီယံ - အမေရိကန်
ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများကို ပထမဦးဆုံး အိမ်ရှင်နိုင်ငံအဖြစ်
လက်ခံကျင်းပမည် ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ အိုဘာမားနှင့် ကမ္ဘာ့ နိုင်ငံအချို့မှ
ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
သမ္မတ အိုဘားမားသည် ယခု ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများအပြင် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံရန် စီစဉ်ထားပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့
လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် ဆွေးနွေးမည့် အကြောင်းအရာများ အသေးစိတ်ကို လက်ခံရရှိခြင်း
မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အိုဘားမားနှင့် တွေ့ဆုံရာတွင် သီးသန့် တောင်းဆိုမှုများ မရှိသော်လည်း နိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို သတိထား စောင့်ကြည့်ကာ အမှန်တကယ် လိုအပ်ချက်များကို
အကူအညီ ပေးစေလိုသည့် သဘောထားရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
"အမေရိကန်နဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ကူညီပေးဖို့ တကယ့်
စိတ်ရင်းစေတနာ ရှိတယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေကို
သေချာလေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အထောက်အပံ့ဖြစ်ဖို့၊ ဘာတွေလုပ်ဖို့
လိုအပ်လဲဆိုတာ သတိပြုစေချင်တယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ပြင် မကြာမီ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဟူသည့် လတ်တလော
ထွက်ပေါ်နေသည့် သတင်းနှင့် ပတ်သက်၍ ယင်းခရီးစဉ်မှာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
"တရုတ်နိုင်ငံကို သွားဖို့ခရီးစဉ်က သေချာ ဘာမှမစီစဉ်ရသေးပါဘူး။ တိတိကျကျ အစီအစဉ်လည်း
မရှိသေးတာကြောင့် အခုတော့ ဘာမှမဖြေရသေးပါဘူး။ ဒါပေမဲ့ တကယ်သွားမယ်ဆိုရင်
နိုင်ငံနှစ်နိုင်ငံအတွက် ကောင်းရာကောင်းကျိုးကိုပဲ ဆွေးနွေးမှာပါ"ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး
ကောင်းမွန်နေသည့် အချိန်တွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယနိုင်ငံ စသည့် အိမ်နီးချင်း
နိုင်ငံများနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းရန် လိုအပ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်က တွေ့ဆုံခဲ့သည့် ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်များ ဆွေးနွေးမှု၊
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပေါ်
ပါတီ၏ သဘောထားနှင့် လုပ်ဆောင်ချက်များကို ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ သတင်းစာ
ရှင်းလင်းပွဲတွင် ရှင်းလင်းခဲ့သည်။
ထို့ပြင် ပါတီအနေဖြင့် အတိတ်က ဖြစ်ရပ်များအပေါ် ကလဲ့စား ချေလိုသည့် စိတ်ဓာတ်များကို
ရှေ့တန်းမတင်ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ရှေ့တန်း တင်ဆောင်ရွက်မည်ဖြစ်ကြောင်း
ပြောသည်။
"တချို့က ပြောတယ်၊ မှတ်သွားအောင်လို့ အရေးယူလိုက်မှ၊ အပစ်ပေးလိုက်မှ နောင် ဒီလိုဟာမျိုး
တွေ မဖြစ်မှာဆိုတော့ ကျွန်မတို့ ကမ္ဘာကြီးမှာ ရာဇ၀တ်မှုတွေ၊ မတရားမှုတွေ ဖြစ်နေတာ၊
အရေးယူတဲ့ နိုင်ငံတွေမှာလည်း ဖြစ်နေတာပဲ။ ဒါပေမဲ့ ကျွန်မတို့ နိုင်ငံတစ်ခု တည်ငြိမ်ချင်တယ်၊
တိုးတက်ချင်တယ်ဆိုရင် အဓိက ဦးစားပေးရမယ့် ကိစ္စက ကျွန်မတို့အချင်းချင်း ပြေလည်ရေးပါပဲ။
အရင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ခဲ့တဲ့ ရန်သူတွေတောင်မှ အပစ်အခတ် ရပ်စဲရေး
ငြိမ်းချမ်းဖို့ ကြိုးစားနေတဲ့ အချိန်မှာ သဘောမတူတဲ့ အစုအဖွဲ့တွေ တစ်ယောက် နဲ့ တစ်ယောက်
ပုဂ္ဂိုလ်ရေးအရပဲ ဖြစ်ဖြစ်၊ မူဝါဒရေးရာပဲ ဖြစ်ဖြစ် တူညီတဲ့ သဘောထားမရှိတဲ့ အဖွဲ့အစည်းတွေဟာ
တူညီတဲ့ သဘောထား မဟုတ်ရင်တောင်မှ မတူညီတဲ့ သဘောထားတွေကို သဘောတူညီမှု
ယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
မြန်မာတိုင်း(မ်)

No comments:

Post a Comment