Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

သေဆုံးသူ ဟန်နာ့လက်ထဲက ဆံပင်အနီရောင်တွေဟာ လူသတ်မှုရဲ့ အဓိက သက်သေပါပဲဆိုတဲ့ လိပ်ကျွန်းလူသတ်မှု နောက်ဆက်တွဲ



ထိုင်းနိုင်ငံ၊ တောင်ပိုင်းက လိပ်ကျွန်းလူသတ်မှု အရေးအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်လေး နှစ်ယောက် လူသတ်သမားအဖြစ် စွပ်စွဲဖမ်းဆီးခံထားရမှုကို အပတ်စဉ် ရေးသား ဖြစ်လာခဲ့တာ ယခုအပတ်ပါဆိုလျှင် (၄) ပတ်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီအပတ်ရဲ့ ထူးခြားဖြစ်စဉ်တွေကတော့ စွပ်စွဲဖမ်းဆီးခံထားရသူ မောင်ဇော်လင်းဦးနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံသို့ ရောက်လာခဲ့ကြပြီး မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ဦးဆောင်တဲ့ မြန်မာသံရုံးက အထူးအဖွဲ.၀င်တွေရဲ့ အကူအညီပေးမှုတွေ နဲ့အတူ ကော့စမွေ အကျဉ်းထောင်မှာ သားနှစ်ယောက်ကို သွားတွေ့ခဲ့ကြပါတယ်။ အဲဒီလို သွားတွေ့ပြီးနောက် စွပ်စွဲဖမ်းဆီးခံ လူငယ်နှစ်ဦးမှ မိဘများနဲ့ မြန်မာ သံရုံးကိုယ်စားလှယ်တွေ၊ ထိုင်းရှေ့နေများ ကောင်စီက တာဝန်ရှိသူတွေ ရှေ့မှာ သူတို့မသတ်ကြောင်း၊ ထိုင်းရဲတွေက မတရားနိုပ်စက် ခြိမ်းခြောက်တဲ့ အတွက် ၀န်ခံခဲ့ရတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ထိုသို့အများရှေ့မှာ ပြောဆို ဖြောင့်ချက်ပေးမှုများ အတွက် မိဘတွေနဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းဥပဒေရုံးတို့ထံ တင်ပြ တိုင်ကြားခဲ့ကြပါတော့တယ်။ ထိုသို့ တိုင်ကြားတင်ပြမှုတွေနဲ့ စပ်လျဉ်းပြီး (၂၇-၁၀-၂၀၁၄) ရက်နေ့ နံနက် (၁၀)နာရီမှာ ဖမ်းဆီးထားသူ မြန်မာအလုပ်သမား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ရိုက်နှက်စစ်ဆေးခဲ့မှု ရှိ/မရှိ လာရောက်ရှင်းလင်းဖို့ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖိတ်ခေါ်ပေမယ့် ထိုင်းရဲတပ်ဖွဲဘက်က ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကို ဂရုမစိုက်ပဲ ရောက်မလာခဲ့ပါလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြလိုက်ပါတယ်။
ထိုင်းရဲတွေက လူ့အခွင့်အရေး ကော်မရှင်မှာ လာမရှင်းတဲ့အပေါ် ဆင်ခြေပေးရာမှာတော့ အမှုတွဲကို အစိုးရ ရှေ့နေလက်ထဲ အပ်နှံလိုက်ပြီး ဖြစ်တဲ့အတွက် အစိုးရ ရှေ့နေထံ ခွင့်ပြုချက်တောင်းခံရဦးမှာမို့ လာရောက်ရှင်းလင်းဖို့ အဆင်မသင့်သေးကြောင်း ရဲတပ်ဖွဲ့ အတိုင်ပင်ခံ ဒုရဲချုပ် ကော်ကစ်ဝုန်းဆွန်ချတ်က အောက်တိုဘာလ ၂၄ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ထိုင်းလူ့အခွင့်အရေး ကော်မရှင် ပြောခွင့်ရ ဒေါက်တာ နိရတ်ဖိထပ်ဝချရက သတင်းထောက်တွေကို ပြောပါတယ်လို့ DVB သတင်းဌာနရဲ့သတင်းမှာ ဖတ်ရှုရပါတယ်။
ထိုင်းလူ့အခွင့်အရေး ကော်မရှင် ပြောခွင့်ရ ဒေါက်တာ နိရတ် ဖိထပ်ဝချရက ရှင်းလင်း ပြောကြားရာမှာ “ဒီလုပ်ဆောင်ချက်ဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ အမှုတွဲကို သွားရောက်စွက်ဖက်တာ မဟုတ်ဘဲ ကော်မရှင်ရဲ့ ရာဇ၀တ်မှု ဥပဒေဆိုင်ရာ စစ်ဆေးရေးဌာနက တာဝန်ရှိတဲ့အတိုင်း အဘက်ဘက်က တရားမျှတမှု ရှိစေဖို့၊ တရားခံတွေကို ဖမ်းဆီးပုံနဲ့ တရားခံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ခံရခြင်း ရှိမရှိ စစ်ဆေးဖို့ ၀တ္တရားအရ ဆောင်ရွက်ရတာပါ။ နယ်မြေထဲမှာ သွားရောက် အမှုစစ်ဆေးခဲ့တဲ့ ရဲအရာရှိတွေ အနေနဲ့ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ကျရင် လူ့အခွင့်အရေး ကော်မရှင်ထံ လာရောက် ရှင်းလင်းပေးဖို့ ထပ်မံ ချိန်းဆိုလိုက်တယ်လို့ ဒေါက်တာ နိရတ် ဖိထပ်ဝပ်ချရက ထိုင်းသတင်းထောက်တွေကို အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းက ပြောသွားပါတယ်လို့ ပါရှိခဲ့ပါတယ်။
(၂၇.၁၀.၁၄) ညပိုင်း ဗန်ကောက်ပို့စ် သတင်းမှာတော့ ထိုင်းရဲတပ်ဖွဲ့တွေ တင်ပြထားတဲ့ မြန်မာလူငယ် နှစ်ယောက် လက်ဝယ်မိတဲ့ တယ်လီဖုန်းဟာ သေဆုံးသူ ဒေးဗစ်ဖုန်းကော ဟုတ်ရဲ့လားလို့ အင်္ဂလန် စုံထောက်တွေက  မေးခွန်း ထုတ်လိုက်ပါတယ်။ မြန်မာ လူငယ်နှစ်ယာက်ကို တရားရုံးစွဲတင်မဲ့ ကိစ္စအတွက်လည်း နောက်ထပ် ၁၂ရက် ထပ်အချိန်ယူမယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောကြောင်း၊ ဥပဒေ အကြံပေးအဖွဲ့ အနေနဲ့ ၀င်းနှင့်ဇော်ကို တရားစွဲ မစွဲ မဆုံး ဖြတ်သေးပေမယ့် နောက်ထပ် အချိန်ယူဖို့ လိုကြောင်းပဲ ပြောသွားခဲ့ပါတယ်။ အကြောင်းရင်က ဥပဒေ အကြံပေးအဖွဲ့က တောင်းဆိုထားတဲ့ စစ်ဆေးချက် အထောက်အထား တချို့ကို ထိုင်းရဲတွေက မပေးနိုင်သေးလို့ပဲ ဖြစ်တယ်။
ဆက်ပြီး ၀င်းနှင့် ဇော်ကို ရိုက်နှက်တဲ့ စကားပြန်ကိုလည်း ဥပဒေအကြံပေး အဖွဲ့က အရေးယူနိုင်ဖို့ ကိစ္စကိုလည်း နောက်ပိုင်းမှာ ထည့်သွင်းသွားမယ်လို့ သတင်းမှာ ဆိုပါတယ်။ ဖမ်းဆီးခံ လူငယ်တွေရဲ့ မိဘတွေ တင်ပြတောင်းဆိုထားတဲ့ ဥပဒေနဲ့အညီ တရားမျှတစွာ စစ်ဆေးဖို့ကိုလည်း ရှေ့နေရုံးကို ပေးပို့ထားပြီး ပြန်လည် စဉ်းစားသုံးသပ်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။
သတင်းရဲ့ နိဂုံးပိုင်းမှာ ဖော်ပြတာကတော့ လူသတ်တရားခံ အဖြစ် စွပ်စွဲပြီး တရားစွဲ တင်ပို့နိုင်သော အထောက်အထား အချက်အလက် မပြည့်စုံပါပဲ ၀င်းနှင့်ဇော်ကို ချုပ်ထားသည်မှာ ၂၄ရက် ရှိနေပြီ ဖြစ်သောကြောင့် ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ၄၈ရက်ပဲ ချုပ်ထားခွင့်ရှိကာ အဆိုပါ ရက်အတွင်း တရားရုံးသို့ ထိုင်းရဲတပ်ဖွဲ့မှ ဥပဒေ အထောက်အထား လိုအပ်ချက် မရှိပဲ ပြည့်စုံစွာ တင်ပြ တရားစွဲဆိုနိုင်ဖို့ လိုကြောင်းနှင့် မတင်ပြနိုင်ခဲ့ပါက ၀င်းနှင့်ဇော်တို့ကို ၄၈ရက်ပြည့်လျှင် သူတို့ လွတ်လာဖို့ ရှိပါတယ်ဟု သတင်းမှာ ဖော်ပြပါရှိပါတယ်။
လိပ်ကျွန်း လူသတ်မှု အရေးမှာ ထိုင်းမီဒီယာနဲ့ ထိုင်းပြည်သူတွေက လိပ်ကျွန်း သူကြီးသားနဲ့ သူရဲ့ညီနဲ့ သူ့ရဲ့နောက်ပါတွေကို ကျွန်းမာဖီးယားတွေလို့ ကင်ပွန်း တပ်နေကြပြီး သံသယ၀င်နေကြတဲ့ အပေါ် (၂၉-၁၀-၂၀၁၄) ရက်နေ့မှာတော့ ဘန်ကောက်ပို့စ် သတင်းစာမှာ မျိုးဗီဇ (DNA) စစ်ဆေးခံရန် ငြင်းဆိုထားသော AC အရက်ဘားပိုင်ရှင် ကျွန်းသူကြီးသား Warot Tuwichian (၃၀-၁၀-၂၀၁၄) ရက်နေ့မှာ DNA စစ်ဆေးခံယူတော့မည်လို့ ထိုင်းမီဒီယာတွေရှေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြောဆိုလိုက်ကြောင်း ပါရှိလာပါတယ်။ ကျွန်းသူကြီးသားကို အဓိက သံသယဖြစ်မှုက CCTVမှာ ပြေးလွှားနေတဲ့ အဖြူအမဲ ပုံရိပ်ဟာ သူနဲ့ အနီးစပ်ဆုံး တူညီနေပြီး ထိုအချိန်က သူက ဘန်ကောက်မှာ ကျောင်းတက်နေပါတယ် ကျွန်းမှာမရှိဘူးလို့ ငြင်းဆိုချက်ပေးခဲ့ပေမယ့် သူ့ကို အခင်းဖြစ်ပွားချိန်ညက တွေ့မြင်ခဲ့သူ တချို့လည်း ရှိနေတာတွေကြောင့် သံသယတွေ ပိုမိုဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီ သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်းအမျိုသား ရဲတပ်ဖွဲ့ ရဲချုပ် မစ္စတာ Somyot Pumpanmuang နှင့် ထိုင်းအာဏာပိုင် တချို့လည်း အတူရှိနေခဲ့ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် ACဘားဆိုင် ပိုင်ရှင် လိပ်ကျွန်းသူကြီး မစ္စတာ Woraphanက ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ရဲချုပ်နှင့် သွားရောက် တွေ့ဆုံပြီး ထိုင်းလူမှုကွန်ရက် စာမျက်နှာများက လိပ်ကျွန်း လူသတ်မှုတွင် ၄င်းတို့ မိသားစု ပါဝင် ပတ်သက်နေသည် ဟူသော စွပ်စွဲနေမှုများကို သံသယ ရှင်းလင်းစေရန် သားဖြစ်သူက DNA စစ်ဆေးပြမည် ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ တာဝန်ရှိသူများ နှင့်အတူ သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့တယ်လို့ ဧရာဝတီ သတင်းဌာနရဲ့ သတင်းတင်ပြမှုမှာ တွေ့ရပါတယ်။
ဒါပေမယ့် လိပ်ကျွန်းသူကြီး Woraphan၏ ညီဖြစ်သူ အသက် ၄၅နှစ်ရှိ မစ္စတာ Montriwat Tuwichianနှင့် သားဖြစ်သူ အသက် ၂၂နှစ်ရှိ တက္ကသိုလ် ကျောင်းသား Warot Tuwichianတို့ကတော့ ယခုအချိန်အထိ DNAစစ်ဆေးမှု ခံယူခြင်း မရှိသေးကြောင်း ထိုင်းသတင်းများက ရေးသားခဲ့ကြပါတယ်။
ထိုနေ့ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်၊ အတွင်းဝန် ဦးထွန်းအေး အပါအ၀င် သံရုံး အထူးစုံစမ်းရေး အဖွဲ့ဝင်များနဲ့ ၀င်းဇော်ထွန်း၊ ဇော်လင်းဦးတို့၏ မိဘများဘက်မှလည်း အမှုကို တရားဝင် လိုက်ပါဆောင်ရွက်ခွင့် အတွက် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီထံ တရားဝင် အမှုအပ်လိုက်ကြောင်း သိရှိရပါတယ်။
(၃၁-၁၀-၂၀၁၄) ရက်နေ့မှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်လေး နှစ်ဦးကို မြန်မာသံရုံး ဒုတိယ စစ်သံမှူး ဗိုလ်မှူး သန်းထွန်းအောင်၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က ဦးကျော်သောင်း အပါအ၀င် အဖွဲ့ဝင်၅ဦးဟာ ကော့စမွီ အကျဉ်းထောင်မှာ တတိယ အကြိမ်မြောက် သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
ဆက်လက်ပြီး အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဦးအောင်မျိုးသန့်က ပြောကြားရာမှာလည်း “ယခုအချိန်ထိ သူတို့လေးတွေဟာ ကြောက်တဲ့ စိတ်ရှိနေသေးတယ်။ ကျွန်တော်တို့ မြန်မာသံရုံးက မလာဘဲနဲ့ တစုံ တယောက် လာမေးတာမြန်းတာရှိရင် မပြောကြနဲ့၊ စာရွက်တွေလာရင် လက်မှတ် မထိုးကြနဲ့လို့ သတိပေးတဲ့ အခါမှာလည်း ကျွန်တော် လက်မှတ်မထိုးလို့ရှိရင် ကျွန်တော် ရိုက်ခံရမှာပေါ့တဲ့။ သူတို့ နှိပ်စက်ညှဉ်းပန်း ခံရတာတွေကို ပြောပြတယ်။ အိတ်စွပ်ပြီးတော့ နှိပ်စက်ညှဉ်းပန်းတာတွေ ပြောပြပါတယ်၊ နောက်ပြီး အခင်းဖြစ်တဲ့နေ့ မနက် ၂နာရီကျော်လောက်မှာ သူတို့နှစ်ယောက် ဘီယာ သောက်ပြီး ရေဆင်းကူးနေခဲ့ကြောင်း၊ ၁၅မိနစ်လောက်အကြာ ကုန်းပေါ် ပြန်တက်လာတဲ့အခါ ဂစ်တာနဲ့ အင်္ကျီပါ အခိုးခံရလို့ ပျောက်သွားပြီး ထိုင်းရဲတွေက ခေါ်စစ်တဲ့ အချိန်ကျမှ သူတို့ ပျောက်ဆုံးနေတဲ့ ဂီတာကို ပြန်တွေ့တာလို့ ဆိုပါတယ်။ သူတို့ဟာ အဲဒီနောက်ပိုင်း အဖမ်းမခံရခင် အထိ အလုပ်ကို ပုံမှန်ဆင်းနေခဲ့ကြောင်း၊ သေဆုံးသူ ၂ဦးကိုလည်း တခါမှ မမြင်ဖူးကြောင်း၊ သတ်တယ်လို့ စွပ်စွဲခံရတော့ တော်တော် အံ့သြမိကြောင်း ပြောခဲ့တယ်”ဟု ဖတ်မှတ်ကြားသိရပါတယ်။
ထိုတွေ့ဆုံမှုအတွက် သံရုံး အထူးအဖွဲ့ရဲ့ ရှေ့နေကြီး ဦးအောင်မျိုးသန့်ကို ဧရာဝတီ သတင်းထောက် ကျော်ခတို့ ဆက်သွယ် မေးမြန်းချက်မှာလည်း “အဲဒီညက AC Bar နဲ့ Maya Barရဲ့ဘေးမှာ ရှိတဲ့ သောင်ပြင်မှာ သူတို့ရေဆင်းကူးတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ် ကြာတယ်။ အဲဒီအချိန်မှာ သူတို့ ချွတ်ခဲ့တဲ့ အင်္ကျီနဲ့ဂစ်တာ ပျောက်သွားတယ်။ ပြန်တက်လာတော့ ရှာမတွေ့ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၄ ရက်နေ့က တရားရုံးမှာ အမှုစစ်တဲ့အခါမှာ သက်သေခံ အနေနဲ့ ထုတ်ပြလာတယ်။ အဲဒီတော့ စဉ်းစားစရာ ဖြစ်နေတာက ပျောက်သွားတဲ့ ဂစ်တာဟာ တရားရုံးမှာ သက်သေခံ အဖြစ်နဲ့ လာပြနိုင်တယ်ဆိုရင် ဒီကိစ္စကို ကြားက တဦးတယောက်သောသူက ဖန်တီးနေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ နောက်တခါ ၀င်းဇော်ထွန်းကို တံတွေးနဲ့ဆီး DNA ယူတယ်။ ဇော်လင်းကိုတော့ တံတွေး တခါပဲ DNA ယူတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီ  DNAဟာလည်း မလုံလောက်ဘူး ဆိုတာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်မှာ ကတည်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒါကို ထိုင်းဝန်ကြီး (ပရာယုဒ် ချန်အိုချာ)က အခုမှ ဖမ်းဆီးခံ လူငယ် နှစ်ယောက်ကို DNA ပြန်စစ်ချင်တဲ့ ပုံစံမျိုး ပြောတာကတော့ ဥပဒေအရကိုက လွဲမှားနေပါတယ်”လို့ ဖြေကြားခဲ့ကြောင်း ဖတ်ရပါတယ်။
အဆိုးဆုံးက သူတို့နှစ်ဦး ဖြောင့်ချက်ပေးပါတယ်ဆိုပြီး ထိုင်းရဲတွေက ၀န်ခံလက်မှတ် ထိုးခိုင်းရာမှာ ထိုင်းစာတွေနဲ့သာ ရေးသားထားပြီး ဘာသာပြန်ပြတာ မရှိဘူးလို့လည်း သံရုံးအဖွဲ့ကို ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလ (၁)ရက်နေ့မှာတော့ လိပ်ကျွန်း သူကြီးသားရဲ့ DNA စစ်ဆေးမှုမှာ သေဆုံးသူနဲ့ DNA တူညီမှု မရှိပါဘူးလို့ ထုတ်ပြန်လာခဲ့ပါတယ်။ DNAစစ်ဖို့ အတွက် သူရဲ့သွေးကို Police General Hospital ရဲဆေးရုံ အပါအ၀င် Chulalongkorn Memorial Hospital Siriraj Hospital နဲ့ Ramathibodee Hospital ဆေးရုံတွေက ယူသွားခဲ့ကြတာ ဖြစ်ပြီး ဒီနေ့ ထွက်ပေါ်လာတဲ့ DNA ရလာဒ်ဟာ ရဲဆေးရုံ တစ်ခုတည်းကပဲ သတ်မှတ်ချိန် မပြည့်မီ DNA တူညီမှု မရှိဘူးလို့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ထိုင်းရဲတွေဟာ အခြားဆေးရုံ သုံးခုက အဖြေတွေကို စောင့်နေဆဲ ဖြစ်တယ်လို့ Bangkok Post သတင်းစာမှာ ရေးသားဖေါ်ပြထားပါတယ်။ ပုံမှန်အားဖြင့် DNA စစ်ချက်ဆိုတာ သုံးရက် စောင့်ရတာ ဖြစ်ပြီး သွေးစစ်သလို တစ်ရက်တည်းနဲ့ မသိနိုင်တဲ့ အတွက် ထိုင်းရဲတွေရဲ့ ထုတ်ပြန်ချက်ဟာ စောလွန်တယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
တချိန်တည်းမှာပဲ ထိုင်းအစိုးရ ဥပဒေ အဖွဲ့အစည်းက တရားစွဲဆို ရက်ပေါင်း (၄၈)ရက် မတိုင်မီ အမှုတင်မည် ဆိုပါက ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ပြည့်စုံသော အထောက်အထားများ ထပ်မံပေးရန် ထိုင်းရဲတပ်ဖွဲ့ကို တတိယ အကြိမ်မြောက် တောင်းဆိုကြောင်း သိရှိရပါတယ်။
ကော့စမွိ တရားရုံးမှ ယခုအမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲများရဲ့ ကိုင်တွယ်ဆောင်ရွက်ချက် အပေါ် သက်သေခံ အထောက်အထား မပြည့်စုံလို့ ပိုပြီးပြည့်စုံအောင် သက်သေ အထောက်အထားတွေ စုဆောင်းပြီး တင်ပြဖို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပြီး ယခုတကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ဒီလို တောင်းဆိုနေရတဲ့ အတွက် ထိုင်းရဲတပ်ဖွဲ့ အပေါ်  အများအမြင်မှာ အကြီးမားဆုံး သံသယ ဖြစ်စရာ ကောင်းတဲ့အချက် တစ်ချက်ပဲ ဖြစ်နေပါတယ်။
ယခင်က အခင်းဖြစ်ပွားပြီး ရက်ပိုင်းအတွင်း မြန်မာလူငယ် နှစ်ဦး လူသတ်တရားခံ ဖြစ်ကြောင်း ကိုယ်တိုင်ဖြောင့်ချက် ပေးတယ်၊ သေဆုံးသူနဲ့ DNA စစ်ဆေးတာ တူညီနေတယ်ဆိုပြီး ခပ်တည်တည်နဲ့ နိုင်ငံတကာကို ချပြလိုက်မှုဟာ အခုအချိန်မှာတော့ လွတ်လပ်တဲ့ တရားစီရင်ရေးရှိတဲ့ ထိုင်းဥပဒေ အဖွဲ့တွေ၊ မျက်လုံးဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံတကာနဲ့ ထိုင်းပြည်တွင်း မီဒီယာတွေ၊ အင်္ဂလန်က ရောက်နေတဲ့ စုံထောက်တွေ အကြားမှ ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ခိုင်လုံပါတယ်ဆိုတဲ့ သက်သေတွေ အထောက်အထားတွေ မတင်ပြနိုင်ကြတော့ပါ။
ဥပမာအားဖြင့် အထက်မှာ ရေးသားခဲ့သလို မြန်မာ လူငယ်လေး နှစ်ဦးထံမှ ရရှိပါတယ်ဆိုတဲ့ သေဆုံးသူ ဒေးဗစ်ရဲ့ တယ်လီဖုံးဆိုတာ အမှန်တကယ် ဒေးဗစ်ဖုံး ဟုတ်မဟုတ် အင်္ဂလန် စုံထောက်တွေရဲ့ မေးခွန်းမှာတင် မဖြေဆိုနိုင်ကြပဲ ရှိနေကြပါတယ်။
မြန်မာရှေ့နေ ဦးအောင်မျိုးသန့် အဆိုအရတော့ DNA တစ်ခုတည်းကို ကြည့်ပြီး သက်သေမရှိပဲ စွပ်စွဲချက်ဟာ မဖြစ်နိုင်သလို သေဆုံးသွားသူ ဟန်နာရဲ့ လက်ထဲမှာ ဆံပင်နီ ကျန်ခဲ့ပြီး ယခုစွပ်စွဲ ခံထားရသူ မြန်မာလူငယ် နှစ်ဦးဟာ ဘယ်တုန်းကမှ ဆံပင်နီ မဆိုးဖူးခဲ့ဘူးလို့ မြန်မာ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်တာကလည်း အမှုအတွက် အလွန်အရေးပါတဲ့ အချက်တစ်ချက် ဖြစ်နေပါတယ်။
နိဂုံးချုပ်အားဖြင့် ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ထိုင်းတရားရုံးက အချက်အလက် ပြည့်စုံစွာ တင်ပြပါလို့ သုံးကြိမ်တိုင် ပြောဆိုနေပေမယ့် ယခုအချိန်အထိ မတင်ပြနိုင်သေးပါ။ နိုင်ငံတကာ ပြည်သူတွေ၊ မြန်မာနိုင်ငံသား ပြည်သူတွေနဲ့ ထိုင်းပြည်သူတွေကို မျက်စိလည်အောင် အကြောင်းအမျိုးမျိုးတွေ ပြပြီး လုပ်ဆောင်နေပေမယ့် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ (၄၈)ရက် ပြည့်ချိန်အထိ လုံလောက်ခိုင်မာတဲ့ အထောက်အထားများနဲ့ ရုံးတင် တရားမစွဲဆိုနိုင်ပါက စွပ်စွဲဖမ်းဆီးခံထားရသူ မောင်ဇော်လင်းဦးနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို လွှတ်ပေးရပေတော့မည်။ ဒါ့အပြင် DNAဆိုတဲ့ ဖြစ်စဉ်နဲ့ မျက်စိလည်အောင် လုပ်နေမည့်အစား သေဆုံးသူ အန်နာလက်ထဲက ဆံပင် အနီရောင် ပိုင်ရှင်ကိုသာ ထိုင်း ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေဖော်ထုတ်နိုင်မည် ဆိုပါက လူသတ်သမား အစစ်အမှန်ကို တွေ့ရပေလိမ့်မည်သာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက် ရပါ သည်။
ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)
tomorrow journal

No comments:

Post a Comment