Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 11, 2014

အကောင်းမြင်ချင် လမ်းလျှောက်ပြင်

အကောင်းမြင်သူ တစ်ယောက် ဖြစ်အောင် ဘာလုပ် သင့်သနည်းဟု သိလို၍ တက်ကျမ်းတွေ ဖတ်ကြည့်လျှင် စိတ်ကို ပြုပြင်ဖို့ လမ်းညွှန်တာ တွေ့ရလိမ့်မည်။ အတွေးဆိုးတွေ နေရာမှာ အတွေးကောင်းတွေ အစားထိုးခြင်းဖြင့် ကြာလာလေ အကောင်း မြင်တတ်လာလေ ဖြစ်မည်ဟု တက်ကျမ်းများက ညွှန်းကြသည်။ စိတ်ဘက်က ကြည့်သည့် နည်းများလည်း ထိရောက်ပါသည်။ ခန္ဓာကိုယ်ဘက် ကကြည့်သည့် နည်းကိုလည်း စမ်းသပ် ကြည့်သင့်ကြောင်း နောက်ဆုံး သိပ္ပံ တွေ့ရှိချက်က အကြံပြုသည်။

စိတ်ကို စိတ်နဲ့ လွှမ်းမိုး ပြုပြင် နိုင်သလို၊ ခန္ဓာကိုယ်က တစ်ဆင့်လည်း လွှမ်းမိုး ပြုပြင်နိုင်ကြောင်း အပြုအမူဆိုင်ရာ ကုထုံးဂျာနယ် ဖြစ်သော Journal of Behavior Therapy and Experimenteal Psychiatry တွင်ထည့်သွင်း ဖော်ပြထားသည်။ အကောင်းမြင်သူ ဖြစ်အောင် ခန္ဓာကိုယ်ကို သုံးပြီး ဘယ်လို ကြိုးပမ်းမည်လဲ။ အပန်းတကြီးတော့ မဟုတ်၊ ပျော်ရွှင်သူ တစ်ယောက် အလား တက်ကြွစွာ လမ်းလျှောက်ဖို့ ဖြစ်သည်။

““ကျွန်တော်တို့ စိတ်အခြေအနေ၊ ခံစားမှုတွေက လမ်းလျှောက်ခြင်း အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ လူတိုင်း အသိပါ။ စိတ်ညစ် နေရင် လမ်းလျှောက်တာပါ။ ထိုင်းထိုင်း မှိုင်းမှိုင်း ဖြစ်နေမယ်။ ကြောက်လန့်နေရင် တုန်တုန် ရီရီ သုတ်သုတ် သုတ်သုတ် ဖြစ်နေမယ်။ ပျော်ရွှင်နေရင် တက်တက် ကြွကြွ ဖြစ်နေမယ်။ စိတ်အားထက်သန်နေရင် လမ်းလျှောက်တာက အစ အားမာန်ပါပါ ဖြစ်နေမယ် ဆိုတာ အားလုံး အသိပါ။

ဒီတော့ ပြောင်းပြန် သက်ရောက်မှုကို ကျွန်တော်တို့ စမ်းကြည့်ချင်ပါတယ်။ စိတ်အခြေအနေက ဘယ်လိုပဲ ဖြစ်နေပါစေ တက်တက်ကြွကြွ လမ်းလျှောက် ကြည့်မယ်ဆို စိတ်က ပျော်လာမလား သိရအောင် စမ်းသပ်ခဲ့ ကြပါတယ်”” ဟု လေ့လာမှု စစ်တမ်းကို ဦးဆောင် ပြုလုပ်ခဲ့သော ကနေဒါ နိုင်ငံရှိ ဘုရင်မ တက္ကသိုလ်မှ ပါမောက္ခ နီကိုလတ်စ်ထရိုရီ က ပြောသည်။

တက်ကြွစွာ လမ်းလျှောက်ခြင်းနဲ့ လေးကန် ထိုင်းမှိုင်းစွာ လမ်းလျှောက်ခြင်းရဲ့ ဦးနှောက် မှတ်ဉာဏ် လုပ်ငန်းအပေါ် သက်ရောက်မှု ကွာခြားချက်ရှိ မရှိ သိရအောင် ဒေါက်တာ ထရိုရီနှင့် အဖွဲ့က လက်တွေ့ စမ်းသပ်ခဲ့ကြသည် စကားလုံများ မှတ်မိနိုင်စွမ်းကို ဦးတည် လေ့လာခဲ့သည်။

စကားလုံးများကို စိတ်နဲ့ မှတ်သားရာတွင် စိတ်ဓာတ် ကျနေသူ ဖြစ်ပါက မှတ်မိနိုင်စွမ်း နည်းပါးသလို၊ မှတ်မိသည့် ထဲတွင်လည်း အဆိုးအပျက် စကားလုံးတွေသာ ပိုများနေကြောင်း ယခင် လေ့လာမှု အများအပြား အရ သိရှိထားရပြီ ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့နှင့် ပတ်သက်သော အဆိုးဆိုင်ရာ သတင်း အချက်အလက် များကို ပို၍ မှတ်မိ တတ်ကြသည်။

သုတေသန စစ်တမ်းတွင် လေ့လာခံ အဖြစ် ကူညီသူ (၄၇) ဦး ပါဝင်သည်။ ထိုသူများကို လမ်းလျှောက် စက်ပေါ်တက်ပြီး လျှောက်စေသည်။ ထက်ဝက်ကို စိတ်ဓာတ် ကျနေသူ အလား လေးကန် ထိုင်းမှိုင်းစွာ လျှောက်စေသည်။ ကျန်ထက်ဝက်ကို ပျော်ရွှင်သူ တစ်ယောက်အလား တက်ကြွ မြူးထူးစွာ လျှောက်စေသည်။ လျှောက်လှမ်းသည့် ခြေလှမ်း ပမာဏကိုတော့ ညီတူညီမျှ ဖြစ်အောင် ထိန်းညှိ ပေးထားသည်။

စစ်တမ်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပါဝင် သူများအား လုံးဝ ပြောမထား။ သူတို့၏ လမ်းလျှောက်မှု ပုံစံက သူတို့ စိတ်အခြေအနေ အပေါ် မည်သို့ လွှမ်းမိုးမှု ရှိမည်ကို ပါဝင်သူများ ရိပ်စားမိခြင်း မရှိဘဲ ပကတိစိတ်ဖြင့် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ တက်ကြွ မြူးထူးစွာ လျှောက်သူနှင့် လေးကန် ထိုင်းမှိုင်းစွာ လျှောက်သူတို့ တစ်မိနစ်လျှင် လျှောက်သည့် ခြေလှမ်း ပမာဏခြင်း တူညီနေအောင် ထိန်းရာတွင်လည်း မည်သို့ လိုချင်ကြောင်းကို သုတေသန ပြုသူများက ပါးစပ်နဲ့ ပြောဆိုခြင်း မပြုဘဲ လိုချင်သည့် ပမာဏကိုသာ စက်များတွင် ပြသ ပေးထားသည်။ ထိုနည်းဖြင့် အလေ့လာခံများ၏ စိတ်အပေါ် ပြင်ပ သက်ရောက်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ထားသည်။

ထိုသို့ လမ်းလျှောက်နေကြစဉ် အတွင်း သုတေသန ပြုသူများက လမ်းလျှောက်သူ တစ်ဦးချင်းရှေ့တွင် ရပ်ကာ စကားလုံးများကို ရွတ်ပြသည်။ မည်သည့် စကားလုံးသည် ၎င်းတို့ကို အကောင်း ပြောခြင်းဖြစ်ပြီး၊ မည်သည့် စကားလုံးက မကောင်း ပြောခြင်း ဖြစ်ကြောင်းကို လမ်းလျှောက် သူများအား ခွဲခြား ရွေးချယ်စေသည်။ ရွတ်ပြပြီး ရွေးချယ်လို့ပြီး နောက်တွင် လမ်းလျှောက်သူ တစ်ဦးချင်း အလိုက် မှတ်မိသမျှ စကားလုံး များကိုလည်း ပြန်ရွတ်ဆို စေသည်။

ကြိုတင် ထင်မြင်ထားသည့် အတိုင်းပင် လေးကန် ထိုင်းမှိုင်းစွာ လမ်းလျှောက် ရသူများသည် စကားလုံး ရွေးချယ် ရာတွင်လည်း ၎င်းတို့ကို မကောင်း ပြောသည်ဟု ထင်ရသော စကားလုံးများကို ပိုရွေးချယ် ဖြစ်ကြသလို၊ မှတ်မိတာများ ပြန်ရွတ်ခိုင်း သည်တွင်လည်း အဆိုးအပျက် စကားလုံး များကိုသာ အများဆုံး ပြန်ရွတ်ပြ နိုင်ကြကြောင်း တွေ့ခဲ့ရသည်။

တက်ကြွ လန်းဆန်းစွာ လမ်းလျှောက် သူများမူကား စကားလုံး ရွေးချယ်ရာတွင် ၎င်းတို့ကို အကောင်း ပြောသည်ဟု ထင်ရသော စကားလုံး များကို ပိုရွေးချယ် ဖြစ်ကြသလို မှတ်မိတာများ ပြန်ရွတ်ခိုင်း သည်တွင်လည်း အပြု သဘောဆောင်သော စကားလုံးများကို အများဆုံး ပြန်ရွတ်ပြ နိုင်ကြကြောင်း တွေ့ခဲ့ရသည်။

စစ်တမ်းကို ကောက်ချက် ဆွဲကြည့်လျှင် ကျွန်ုပ်တို့၏ လမ်းလျှောက်ပုံက စိတ်ခံစားချက် နှင့် ဦးနှောက် အလုပ် လုပ်နိုင်စွမ်း အပေါ်ပါ လွှမ်းမိုးမှု ရှိကြောင်းမှာ ထင်ရှား လာသည်။ တူညီသော အခြေအနေ တစ်ခုတည်း အောက်မှာ ရှိနေကြ သည့်တိုင် လေးကန် ထိုင်းမှိုင်းစွာ လျှောက်သူသည် အဆိုးအပျက်ကို ပိုမြင်သလို အဆိုးအပျက် ကိုသာ ပိုတွေးမိကြသည်။ ပျော်ရွှင် တက်ကြွစွာ လမ်းလျှောက်သူကား ကောင်းကွက်ကို ပိုမြင်သလို၊ အပြုသဘော အကောင်း သဘောကိုသာ ဦးနှောက်က ပိုတွေး ဖြစ်ကြောင်းလည်း တွေ့ခဲ့ရသည်။

ယခု တွေ့ရှိချက်ကြောင့် စိတ်ကျ ဝေဒနာသည်များကို ကုသပေးရာတွင် ပျော်ရွှင် တက်ကြွသော ပုံစံဖြင့် လမ်းလျှောက် စေသည့် ကုထုံး သစ်ကိုပါ အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ထရိုရီက ပြောသည်။

စိတ်ကျ နေသူများ၏ စိတ်သည် စိတ်ကျစေသည့် အကြောင်း များကိုသာ ပိုတွေးဖြစ်ကြရာ စိတ်ကျလို့ အဖျက် တွေးစိတ်ပေါ်၊ အဖျက် တွေးစိတ်ကြောင့် စိတ်ကျနှင့် စိတ်ကျ သံသရာ လည်နေရမှုကို လမ်းလျှောက် ကုထုံးက ချေဖျက် ပေးနိုင်လိမ့်မည်ဟု ဒေါက်တာ ထရိုရီက အာမခံ ပြောကြား လိုက်သည်။

Credit: The Messenger

No comments:

Post a Comment