Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 31, 2014

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရခြင်းနှင့် ပတ်သတ်၍ တရားခံဟု စွပ်စွဲခံရသူမှာ ရုံးချိန်းသို့ အငှားယာဉ်ဖြင့် လာရောက်ခြင်းအပေါ် တရားလို မိသားစုဝင်များ မေးခွန်းထုတ်

အောက်တိုဘာ(၂၆)ရက်နေ့တွင် နှစ်လပြည့်ပြီ ဖြစ်သော မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရခြင်းနှင့် ပတ်သတ်၍ လက်ရှိအချိန် ထိတိကျရေရာသော အဖြေများ ထွက်ပေါ်မလာသေးသည့်အပေါ် တရားလို မိသားစုဝင်များမှ သံသယများစွာ ဖြစ်ပေါ်လျှက်ရှိနေကာ တရားခံဟု ယူဆရသူ အနေဖြင့် ရုံးချိန်းသို့ အငှားယာဉ်ဖြင့် လာရောက်ခြင်းအပေါ်လည်း များစွာအံ့သြမိကြောင်း မော်ဒယ် အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူမှ ပြောကြားခဲ့သည်။

“ရုံးချိန်းကိုလာတာ အချုပ်ကားမစီးပဲ အငှားယာဉ်နဲ့ လာတယ်လို့ သိလိုက်ရတော့ ဘယ်လိုပြောရမလဲ၊ စိတ်ထဲမှာ နည်းနည်းတော့ တစ်မျိုးဖြစ်မိတာပေါ့လေ၊ ဒါကလည်း ကိုကျော်စွာမြင့် ဖေ့ဘုတ်မှာ တင်ထားတော့မှ သိရတာပါ။ မဖြစ်သင့်ဘူးပေါ့နော်၊ ဒီအမှုက ပြစ်မှုသေးသေးလေးတွေ မဟုတ်ဘူး၊ လူသတ်မှု ပြစ်မှုအကြီးကြီးပါ၊ အဲ့ဒီလိုမျိုး လုံးဝမလာသင့်ဘူးလို့ ထင်ပါတယ်၊ လူသတ်မှုကို ဘာကြောင့် ဒီလိုခေါ်လာတာလဲ၊ ရဲနဲ့ပေါင်းပြီး လုပ်စားနေကြတာလား ဒါတွေးစရာပါ”ဟု မော်ဒယ် အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူ ဦးဝဏ္ဍမှ ပြောကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်နိုးမှာ သြဂုတ်လ(၂၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ ဦးဝိစာရအိမ်ယာတွင် လည်ပင်းနှင့် ဆီးခုံနေရာသို့ ရက်ရက်စက်စက် ဓါးဖြင့် ထိုးသတ်ခြင်းခံခဲ့ရကာ ယင်း အမှု့နှင့်ပါတ်သတ်၍နှစ်လကြာသည်အထိ ရုံးချိန်းနှစ်ချိန်းခန့်သာရှိသေးကြောင်းနှင့် အောက်တိုဘာ(၂၉) ရက် နေ့တွင် တတိယရုံးချိန်းအဖြစ်ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်းလည်းသိရသည်။

“ဒီအမှုမှာ ထူးခြားတာတွေ အများကြီးပဲ၊ သမီးလေး အသတ်ခံရတော့ ဦးအမျိုးသမီးက ရပ်ကွက်ကို အော်ပြီးအကူညီတောင်းတယ်၊ အဲ့ဒီ အချိန်မှာ ပြေးဆင်းသွားတာ မြင်လိုက်တဲ့သူတွေ၊ ရပ်ကွက်က လူကြီးတွေနဲ့ လိုက်ကြတယ်၊ အဲ့ဒီအချိန်မှာ သွေးစက်တွေ လမ်းမှာတွေ့တယ်၊ သွေးစက်တွေအတိုင်း လိုက်တော့ အံ့ဖြိုးပိုင် နေအိမ်မှာ ဆုံးသွားတယ်၊ ရဲတွေ၊ သူ့အိမ်ကို ၀င်တော့ရဲက သုံးယောက်၊ ရပ်ကွက်က (၅)ယောက်ပါတယ်၊ သွေးစွန်း အကျီင်္တွေလည်း သူ့အိမ်မှာတွေ့တယ်၊ ပြီးတော့ သူထိုးခဲ့ပါတယ်ဆိုပြီး ဓားကိုလည်း သူကိုယ်တိုင်အပ်ခဲ့တယ်၊ ပြီးတော့ စခန်းမှာ ဖြောင့်ချက်ပေးတယ်၊ သူသတ်ပါတယ်လို့ ၀န်ခံခဲ့တယ်၊ နောက်သူ့မိဘတွေနဲ့ တွေ့ပြီး တရားရုံးလည်း ရောက်ရော ဖြောင့်ချက်မပေးတော့ဘူး”ဟု ဦးဝဏ္ဍမှ ဆက်၍ ပြောကြားခဲ့သည်။

သေဆုံးသူ အေးချမ်းမြတ်မိုး(အသက် ၁၉နှစ်)မှာ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ အဝေးသင် တက္ကသိုလ်-ဒဂုံ) တတ်ရောက်နေသူဖြစ်ကာ တရားခံအဖြစ် စွပ်စွဲခံထားရသူမှာ ကိုအံဖြိုးပိုင်၊ အသက် ၂၂ နှစ်၊ တိုက် ၂၊ အခန်း ၆၊ ဦးဝိစာရအိမ်ရာ၊ ဦးဝိစာရ ရပ်ကွက်၊ ဒဂုံမြို့နယ်နေသူဖြစ်ကြောင်း အဆိုပါ အမှုနှင့် ပတ်သတ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ အနောက်ပိုင်းခရိုင် တရားရုံးမှာ ပုဒ်မ ၃၀၂ဖြင့် အောက်တိုဘာ(၂)ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာ (၁၆)ရက်နေ့တွင် တစ်ကြိမ် စစ်ဆေးနေကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သတ်၍ အဆိုပါ တရားရုံးသို့ လာရောက်ရာမှ တရားခံဟု စွတ်စွဲခံရသူ အနေဖြင့် အငှားယာဉ်ဖြင့် လာသည်ကို မြင်တွေ့ခဲ့ရသူ တစ်ဦးမှလည်း “အခု အမှုသွား အမှုလာဖြစ်စဉ်အရ အပြစ်ရှိသည် မရှိသည်မှာ တရားစီရင်ရေး အဆုံးအဖြတ်ပါ။ ဒါပေမယ့် တရားခံအဖြစ် စွပ်စွဲ ခံထားရသူ အံ့ဖြိုးပိုင် တစ်ယောက် အင်းစိန်ထောင်ကနေ အများနည်းတူ အချုပ်ကား မစီးဘဲ ရဲတွေက လမ်းကြောင်းကြေး ယူပြီး အငှားယာဉ်နဲ့ တရားရုံးလာပြီးနောက် အငှားယာဉ်နဲ့ပဲ အင်းစိန်ထောင် ပြန်တယ်ဆိုတော့ တရာခံများကို အင်းစိန်ထောင်အချုပ်မှ သက်ဆိုင်ရာ တရားရုံးများသို့ အငှားယာဉ်ဖြင့် ခေါ်ဆောင်ခွင့်ရှိ/မရှိ၊ အခြားသော အချုပ်သားများနည်းတူ မဆောင်ရွက်ပဲ ဘယ်လို အကြောင်းကြောင့် ဘယ်သူ့အမိန့်နဲ့ အချုပ် တရားခံကို အငှားယာဉ်စရိတ် အကုန်အကျခံပြီး ရုံးထုတ်ပေးနေပါသလဲဆိုတာ သိချင်ပါတယ်၊ အခုက ခိုင်လုံနေတဲ့ လူသတ်မှု တစ်ခုကို ငွေကြေးအင်အားနဲ့ အမှန်ကနေ အမှားဖြစ်အောင် ကြိုးစားနေတယ်လို့ ခံစားနေရပါတယ်” ဟု ပြောကြားခဲ့သည်။

Tomorrow Journal

No comments:

Post a Comment