Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 29, 2014

ရေယုန်ဘာကြောင့်ပေါက်ရတယ်



ရေယုန်နာ မပေါက်ဖူးသူ တော်တော်ရှား ပါလိမ့်မယ်။ အများ အားဖြင့် နှုတ်ခမ်းနား တစ်ဝိုက် မှာ ရေယုန်မကြာခဏ ဖြစ်တတ် ကြပါတယ်။ ရေယုန်နာ ပေါက်ရင် အလွန်နေရ ခက်ပါတယ်။ စိတ်က သိကအောက် ဖြစ်ရတဲ့ ဝေဒနာကိုလည်း ပေးပါသေးတယ်။ ရေယုန်ပေါက်ရင် အနေခက်ခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ပျောက်ဆုံးသလို ဖြစ်တတ်ပါတယ်။

ဒီလိုနေရထိုင်ရ အဆင်မပြေလှတဲ့၊ လူအများကြား အနေရခက်စေတဲ့ ရေယုန်နာကို မဖြစ်အောင် ဘယ်လိုပြုမူနေထိုင် သင့်သလဲ၊ ရေယုန်နာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို လေ့လာကြမယ်လေ။
ရေယုန်(၂)မျိုးရှိတယ်
ရေယုန်နာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ သာမာန်လူတွေမှာ ဖြစ်တတ်သော ပိုးဟာ Herpes Simplex ဖြစ်ပြီး HSV1နဲ့ HSV2ဆိုပြီး အမျိုးအစား(၂)မျိုး ရှိပါတယ်။ HSV1က နှုတ်ခမ်းနားတစ်ဝိုက်မှာ ဖြစ်တဲ့ရေယုန်နာကို ဖြစ်စေပြီး HSV2ကတော့ လိင်အဂါင်္ရေယုန်နာကိုဖြစ်စေတာပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာလည်း HSV1က လိင်အဂါင်္ဆီ ကူးစက်ပြီး လိင်အဂါင်္ရေယုန်နာကို ဖြစ်စေတတ်သတဲ့။ ရေယုန်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်ရခက်ခဲသလို နောက်တစ်ကြိမ် ပြန်ဖြစ်တတ်တဲ့ရောဂါပါ။
ရေယုန်နာကူးစက်ရာလမ်းကြောင်း
ရေယုန်နာဟာ ပထမအကြိမ်ကူးစက်ခံရတဲ့အခါမှာ ကျိုးပြတ်ပေါက်ပြဲနေတဲ့အရေပြား( ပါးစပ်၊ လိင်အင်္ဂါနဲ့ စအို) နံရံများနဲ့ ဗိုင်းရပ်စ်ပိုး ထိတွေ့တဲ့အခါမှာ အရေပြားဆဲလ်တွေထဲ ၀င်ရောက်ပွားများပါတော့တယ်။
ဒီလိုကူးစက်ပွားများတဲ့အချိန်မှာ အချို့သူတွေမှာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အချို့သူတွေမှာတော့ ရေကြည်ဖု(သို့) အနာတွေ ပေါက်လာတတ်ပါတယ်။ အာခံတွင်းထဲမှာဆိုရင် သွားဖုံး၊ လျှာနဲ့လည်ချောင်း တို့မှာပါ အနာဖြစ်တတ်ပြီး ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပထမဆုံးအကြိမ် ကူးစက်ခံရမှုဟာ အများအားဖြင့် အသက် ၃နှစ်အောက် ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ နာကျင်ခြင်း၊ ဖျားနာခြင်း၊ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းများ ဖြစ်စေပြီး အစာ၊ ရေ မျိုရခက်ခဲတဲ့ ပြဿနာကိုပါ ကြုံတွေ့ရတတ်ပါတယ်။
ဒီလို အစာ၊ ရေ မျိုရတာခက်ခဲတာကြောင့် ကလေးဟာ ရေဓာတ်ခန်းခြောက်ပြီး နုံးနယ်တတ်တာမို့ အနာသက်သာစေဖို့နဲ့ ရေဓာတ်ချို့တဲ့မှုမရှိဖို့ အထူးဂရုပြုသင့်ပါတယ်။ ဒီရေယုန်နာဟာ ရက်သတ္တပတ် ၁ပတ်ခန့် ကြာရင် ပျောက်ကင်းသွားတတ်ပါတယ်။
ဒီလိုပျောက်သွားတယ်ဆိုပေမယ့် ရေယုန်ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်အတွင်းပိုင်းက အာရုံကြောတွေကနေ ခန္ဓာကိုယ်အတွင်းပိုင်းက အာရုံကြောဖုထုံး( Ganglia) တွေဆီ ရောက်ရှိသွားပြီး ခေတ္တခိုအောင်းငြိမ်သက်နေတဲ့ ရောဂါပိုးတွေဟာ အောက်ပါအကြောင်းအရာများကြောင့် အာရုံကြောများမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ မူလအရေပြားဆီပြန်လာပြီး ရေယုန်နာပြန်ဖြစ်ခြင်းကို ရေယုန်ပြန်ကြွခြင်း(Recurrence) လို့ ခေါ်ပါတယ်။
ရေယုန်ပြန်ကြွစေတဲ့အကြောင်းရင်းတွေက-
-အိပ်ရေးမ၀ခြင်း
-ခန္ဓာကိုယ်ပင်ပန်းခြင်း
-စိတ်ဖိစီးမှုများခြင်း
-ဖျားနာခြင်း
-ကိုယ်ခံအားကျဆင်းခြင်း
-အပူအအေးလွန်ကဲခြင်း
-ဓမ္မတာရာသီပေါ်ခြင်း
-အခြားရောဂါပိုးများကူးစက်ခံရခြင်း
-အာရုံကြောများ ပျက်စီးခြင်းတို့ပဲ ဖြစ်ပါတယ်။
ရေယုန်ပြန်ကြွတဲ့အခါမှာ မူလပထမအကြိမ်ဖြစ်နေတဲ့ နေရာမှာ ရေကြည်ဖုတွေ အနည်းငယ် စပေါ်လာပါတယ်။ နောက် ၃ရက်မှ ၅ရက်အတွင်း ရေကြည်ဖုငယ်တွေကနေ ပြည်ဖု၊ အနာများ အသွင်ပြောင်းသွားပြီး အနာဖေးတက်လာတတ်ပါတယ်။ ရေယုန်ပြန်ကြွချိန်မှာ စဖြစ်ပြီး ၈နာရီအတွင်း အဆိုးဆုံးဖြစ်ပြီး လူအများစုဟာ တစ်နှစ်မှာ ၂ ကြိမ်ခန့် ပြန်ဖြစ်တတ်ပါတယ်။
ရေယုန်နာရောဂါပျံ့နှံ့စေသောအရာများနှင့် ကာကွယ်ကုသပုံ
ရေယုန်နာဟာ ရောဂါရှိသူရဲ့ တံတွေး၊ အသက်ရှူလမ်းကြောင်းမှထွက်သော အမှုန်များနှင့် အရေပြားချင်း ထိတွေ့ရာကနေ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။
ဒါကြောင့် ရေယုန်နာမဖြစ်အောင် ရေယုန်နာပေါက်သူရဲ့ တံတွေး၊ အရေပြားတို့နဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ရမှာပါ။ ဒါ့အပြင် ရေယုန်နာမဖြစ်အောင် အိပ်ရေး၀၀အိပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချ၍ စိတ်ပေါ့ပါးစွာနေခြင်း၊ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝသော ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အစားအစာများစားခြင်း၊ ရာသီအကူးအပြောင်းတွင် သတိပြုနေထိုင်ခြင်းတို့ကို အထူးသတိပြုသင့်ပါတယ်။
ရေယုန်နာဟာ မျက်စိကိုကူးစက်ရင် အရမ်းအန္တရာယ်များတာမို့ ရေယုန်နာပေါက်ရင် လက်နဲ့ထိတွေ့ကိုင်တွယ်ပြီး မျက်စိကို ပွတ်သပ်ကိုင်တွယ်မှုမရှိအောင် သတိပြုရမှာပါ။ ဒါကြောင့် ရေယုန်နာကို မဖြစ်ခင်ကာကွယ်ပါ။ ဖြစ်လာရင်လည်း စောစောစီးစီးကုသပါ။ နောက်တစ်ကြိမ်မဖြစ်အောင် သတိပြုနေထိုင်ပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်။
(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လထုတ် ဇီဝက မဂ္ဂဇင်း အမှတ် ၂၃၄ မှ)

No comments:

Post a Comment