CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 8, 2014
ဟဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်းပေါင်း သောင်းချီ၍ လိမ်လည်မှုဖြစ်ပွား
ဟာဂျီရော်နီခေါ် ဦးခင်မောင်အေး ဦးစီးသော အမှတ် (၁၁၀/၁၁၂) ပထမထပ်၊ ၃၁လမ်း အလယ်ရှိ Arrow Lane ခရီးသွား ကုမ္ပဏီက အင်န်ရှာအလ္လာဟ် ၂၀၁၄ခုနှစ် ခရီးစဉ် အတွက် ဆောင်ရွက်ပေးမည်ဟု ဆိုကာ ဟဂ်ျဘုရားဖူးသွားလိုသူ ၃၀၀ဦးခန့်ထံမှ တစ်ဦးလျှင် ကျပ် ၄၅သိန်းမှ ၅၅သိန်းအထိယူပြီး ပတ်စ်ပို့များရော ငွေများပါယူပြီး တိမ်းရှောင်နေမှု ဖြစ်ပွားခဲ့သည်။ ဘုရားဖူးသွားမည့် သူများထံမှ ဟာဂျီရော်နီခေါ် ဦးခင်မောင်အေး ရယူသွားသည့် ငွေများမှာ ကျပ်သိန်း တစ်သောင်းငါးထောင်ခန့် (ကျပ်သိန်း ၁၅၀၀၀) ရှိကြောင်းလည်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ကုပ္မဏီသည် ဟဂ်ျဘုရားဖူး အတွက် ကိုတာဟုခေါ်သည့် ဘုရားဖူး လူဦးရေ ခွဲတမ်း မရရှိသော်လည်း အစိုးရခွဲတမ်းဖြင့် ပို့ပေးမည်ဆိုကာ ဘုရားဖူးသွားလိုသူများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပထမအသုတ်ကို စက်တင်ဘာလ ၂၂ရက်နေ့ ညနေ သုံးနာရီတွင် TGဖြင့် တင်ပို့ပေးမည်ဟု ပြောပြီး ခရီးသွား ဘုရားဖူးသွားမည့် သူများကို လေဆိပ်တွင် ချိန်းဆိုထားသော်လည်း ထိုနေ့တွင် ဦးခင်မောင်အေးသည် လေယာဉ်ကွင်းသို့ ရောက်မလာသည့် အပြင် ခရီးသွားမည့် သူများကို အကျိုးအကြောင်း လုံးဝမဆက်သွယ်သည့် အတွက် ထိုနေ့ခရီးစဉ်ဖြင့် သွားမည့်သူများမှာ လေယာဉ်ကွင်းမှ အိမ်သို့ပြန်လာကြရသည်။ ဦးခင်မောင်အေးက စက်တင်ဘာ ၂၂ရက်နေ့သည် ဆော်ဒီ အမျိုးသားနေ့ ဖြစ်သဖြင့် သံရုံးပိတ်ကြောင်း၊ ထိုကြောင့် ဗီဇာမရကြောင်း၊ သူ့ကုမ္ပဏီက လက်ခံထားသည့် သူများကို စက်တင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်များတွင် ပို့ပေးမည်ဟု ဖုန်းဖြင့် မေးမြန်းသူများကို ဖြေခဲ့သည်။ သူ့ကုမ္ပဏီမှ လက်ကမ်းစာစောင်တွင်မူ စက်တင်ဘာ ၂ရက်နှင့် ၂၄ ရက်တွင် ပို့ဆောင်ပေးမည်ဟု ကြေညာထားသည်။ သို့သော်လည်း ထိုနေ့မှစပြီး သူ၏ရုံးခန်းမှာ ပိတ်သွားသလို သူ၏ လက်ကိုင်ဖုန်း အမှတ် (၀၉၇၃၂၅၇၅၄၈)ကိုလည်း ပိတ်သွားခဲ့သည်။ သူ၏နေအိမ် ဖြစ်သည့် အမှတ် (၁၁၇)၊ သုံးလွှာ၊ ၉၁ လမ်းနေအိမ်မှလည်း ဦးခင်မောင်အေးနှင့်အတူ ဇနီးဖြစ်သူ ဒေါ်အမီနာပါ ပျောက်ကွယ်သွားသည်။ ဟဂ်ျဘုရားဖူး အချို့မှာ ဘာသာရေး ခရီးစဉ် ဖြစ်သည့်အတွက် စုဆောင်းငွေများ၊ ချေးငှားငွေများဖြင့် ဦးခင်မောင်အေးထံ ယုံကြည်စွာဖြင့် ကျပ်သိန်းပေါင်းများစွာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ပတ်စ်ပို့များရော ငွေများရော ယူဆောင် ပျောက်ကွယ်နေသဖြင့် မကျေနပ်သူများက ပန်းပဲတန်း ရဲစခန်းနှင့် ကျောက်တံတား ရဲစခန်းများတွင် အမှုဖွင့်လှစ် တိုင်ကြားထားကြောင်း သိရသည်။
ကုမ္ပဏီရုံးခန်းသို့ သွားရောက် စုံစမ်းရာတွင်လည်း အဆိုပါ ကုမ္ပဏီကို သော့ပိတ်သွားပြီး အခန်းလည်း ပြန်လည်အပ်နှံ သွားသည်ဟု သိရသည်။ ငွေပေးပြီး ဘုရားဖူး မသွားရသည့်သူများ အနေဖြင့် ယခုအခါ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း၊ ဟဂ်ျကူညီရေး အဖွဲ့ထံ တိုင်ကြားခြင်းများ ပြုလုပ်နေကြသည်။ ယခုအခါ ဘုရားဖူးကာလမှာလည်း စက်တင်ဘာလ ၂၈ရက်နေ့တွင် ပိတ်သိမ်းသွားပြီ ဖြစ်သည့်အတွက် ယခုနှစ်တွင် ဘုရားဖူးများ အနေဖြင့် မက္ကာသို့ သွားရောက်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် နိုင်ငံ တော်အဆင့် တာဝန်ရှိသူများ အနေဖြင့်လည်း အဆိုပါ ဘာသာရေး အကြောင်းပြ ငွေလိမ်လည်သွားသည်ကို ကူညီဖြေရှင်းပေးစေလိုကြောင်း၊ ငွေကြေး ချေးငှားပြီး ဘုရားဖူးသွားရန် စီစဉ်ခဲ့ရသူများ အနေဖြင့် များစွာ နစ်နာဆုံးရှုံးပါကြောင်း၊ အဆိုပါ ကုမ္ပဏီသည် ဟဂ်ျဘုရားဖူး လုပ်ငန်းကို မြန်မာနိုင်ငံတွင် အစောဆုံး လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည့်အတွက် ဘုရားဖူးများ အနေဖြင့် ဦးခင်မောင်အေး အပေါ်တွင် ယုံကြည်စွာဖြင့် မိမိတို့ ငွေကြေးများကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဘုရားဖူး ခရီးစဉ်သွားမည့်သူ တစ်ဦးက Tomorrow ဂျာနယ်သို့ လာရောက် ပြောကြားသွားခဲ့သည်။ ဆော်ဒီသံရုံးသည် မြန်မာနိုင်ငံမှ ဟဂ်ျဘုရားဖူး ပို့ဆောင်ပေးနေသည့် ကုမ္ပဏီများထဲမှ နှစ်ခုကို လိမ်လည်မှုများကြောင့် နာမည်ပျက် စာရင်း သွင်းထားကြောင်းလည်း သိရသည်။
tomorrow journal
ဟဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်းပေါင်း သောင်းချီ၍ လိမ်လည်မှုဖြစ်ပွား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 08, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment