Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 13, 2014

သူခိုးကြီးတွေ ကောင်းစားနေသမျှ ပြည်သူတွေက တောင်းစားရမယ့် ကိန်းရောက်မှာပဲ

လူစည်ကားရာ နေရာတွေမှာ တောင်းရမ်းနေတဲ့ ကလေးငယ်တွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ သားသည် မိခင်တွေကို ပိုတွေ့လာရပါတယ်။ အစိုးရသစ် လက်ထက်မှာ ပြည်သူတွေရဲ့ ဆင်းရဲ မွဲတေမှုနှုန်းကို လျှော့ချနိုင်ဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက် နေသလို သူခိုးကြီးတွေကို ဖော်ထုတ် အရေးယူနိုင်ဖို့ အတွက်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းပြီး နှိမ်နင်း နေကြတာပါပဲ။

ဒါပေမယ့် ဘယ်လောက် ခရီးပေါက်မယ် ဆိုတာ ကတော့ ခုချိန်မှာ တိတိကျကျ မပြောနိုင်သေးပါဘူး။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း မျိုးစုံကလည်း သူတို့ရဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြည်သူ အများစုက စိတ်ကျေနပ်မှု မရခဲ့တဲ့ အခြေအနေတွေ ရှိခဲ့တာကြောင့်ပါ။ မကြာသေးခင်ကပဲ အသစ် ပြန်လည် ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေ ရှိခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကော်မရှင်က လူအခွင့်အရေး လုပ်ငန်းစဉ်တွေ အတွက် ထိထိ ရောက်ရောက် မလုပ်နိုင်ဘူး ဆိုတဲ့ အာရှရေးရာ လူ့အခွင့်အရေး ကွန်ရက်တွေက အစီရင်ခံ စာထုတ်ပြန်ခဲ့တဲ့ ဥပမာ တစ်ခု ကလည်း နီးနီး စပ်စပ် ရှိနေတယ်။

မြန်မာနိုင်ငံရဲ့ ဆင်းရဲ မွဲတေမှု နှုန်းက (၂၅) ရာခိုင်နှုန်းမှာ ရှိနေပြီး ၂၀၁၅ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် အတွက် (၁၆) ရာခိုင်နှုန်းကို လျှော့ချရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အစိုးရအဖွဲ့က အသည်းအသန် ကြိုးစားနေတာပါ။ ဒါပေမဲ့ အရင် စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်ခဲ့သလို စစ်အစိုးရရဲ့  ထိပ်ပိုင်း ခေါင်းဆောင်ထဲမှာ ပါခဲ့ပြီး၊ ဒီမိုကရေစီ အစိုးရဆိုတဲ့ လက်ထက်မှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေတဲ့ သူရ ဦးရွှေမန်း ကတော့ တကယ့် မြေပြင်က စာရင်းကို လိုက်ကောက်ရင် အခု သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု နှုန်းထက် ပိုမယ်လို့ ရန်ကုန် လွှတ်တော် ရုံးခွဲမှာ ပြောခဲ့ဖူးပါတယ်။ အစိုးရဌာန အသီးသီးက တင်ပြတဲ့ စာရင်းတွေကိုပဲ မကြည့်ပါနဲ့။ တကယ့် ဘ၀တွေထဲမှာ မနက်စာနဲ့ ညစာကို နပ်မှန်အောင် စားရဖို့ အသည်းအသန် ရုန်းကန် နေရတဲ့ ပြည်သူတွေ အများကြီး ရှိနေတယ် ဆိုတာကို တာဝန်ရှိ လူကြီးမင်းများ သိနိုင်ဖို့ အရေးကြီးပါတယ်။

ကြွေးနွံထဲ နစ်နေပြီး မြေမဲ့ယာမဲ့တွေ တစ်ဖြည်းဖြည်း ဖြစ်ကုန်လို့ ကျေးလက်ကနေ ကြုံရာကျပန်း လုပ်စားမယ် ဆိုပြီး မြို့ပြတွေ နယ်စပ်တွေကို အလုပ်လုပ်ဖို့ တက်လာကြတာ လူကုန်း ကူးခံသူက ခံရ၊ ဘ၀ပျက်သူတွေ ပျက်ကြနဲ့ မိတစ်ကွဲ ဖတစ်ကွဲ ဖြစ်နေတဲ့ မိသားစုတွေရဲ့ အဖြစ်ဆိုးတွေကို ကြားနေရတာ စိတ်မသက် သာစရာပါပဲ။ ရန်ကုန်မြို့ရဲ့ အဓိက ကားဝင်းကြီးတွေ ဖြစ်တဲ့ အောင်မင်္ဂလာ ကားဝင်းနဲ့ လှိုင်သာယာက ဒဂုံဧရာ ကားဝင်းတွေကို ရောက်လာတဲ့ ကားတွေကို စာရင်း ကောက်ကြည့်ပါ။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ လုပ်ဖို့ အိမ်ဖော် အလုပ် အလုပ်လုပ်ဖို့ ဆိုတဲ့ မသေချာ မရေရာမှုတွေနဲ့ သူတို့ ဘ၀တွေကို စွန့်စားရင်း မြို့ပြကို တက်လာတဲ့ ဆက်ကျော်သက် ကလေးတွေ လူရွယ်တွေရဲ့ ကိန်းဂဏန်း အချက်အလက်က နည်းမှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တွေမှာ တိုးတက်နေတဲ့ အနှိပ်ခန်းတွေ၊ ကေတီဗွီခန်းတွေ၊ အနှိပ်ခန်း ဗန်းပြတဲ့ အခြားသော လုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ အမျိုးသမီး အမျိုးသားတွေ အရေအတွက် နည်းတာ မဟုတ်ပါဘူး။ ဆင်းရဲ မွဲတေမှုကနေ ရုန်းထွက်ဖို့ ဘ၀တွေနဲ့ ရင်းပြီး လုပ်ကိုင် စားသောက်နေရတဲ့ နိုင်ငံသားတွေ အများကြီး ရှိနေတာပါ။

နိုင်ငံခြားသားနဲ့ လက်ထပ်ရမယ်။ ပိုက်ဆံ ဘယ်လောက်ရမယ် ဆိုပြီး ခေါ်လို့ ရနေတာက နိုင်ငံခြားကို ရောက်ဖူးချင်လို့ သွားနေကြတာ မဟုတ်လောက်ပါဘူး။ မြန်မာပြည်မှာ ဆင်းရဲ ချမ်းသာ ကွာဟနှုန်းက သိပ်ကို ကြီးလွန်းပါတယ်။ တရားမ၀င် နည်းလမ်း ပေါင်းစုံနဲ့ ကြွယ်ဝ ချမ်းသာလာတဲ့ သူဌေးကြီး တွေကတော့ နောက်ထပ် တရားမ၀င် နည်းလမ်းပေါင်းစုံနဲ့ ကြွယ်ဝ ချမ်းသာ လာသလို၊ ဒီလို စည်းစိမ် ဥစ္စာတွေကို ဘယ်လို နည်းလမ်းနဲ့ ရှာဖွေ ခဲ့ပါတယ်လို့ ပွင့်လင်းမြင်သာစွာ အ ကျိုးအကြောင်း ချမပြရဲတဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်နေပါ တယ်ဆိုတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေလည်း ရှိနေမှာပါ။

ထိုက်တန်တဲ့ လုပ်ခ လစာရဖို့ နေပူမရှောင် မိုးရွာမရှောင် ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို လစာ တိုးပေးဖို့ထက် အစိုးရကိုသာ လှူဒါန်းလိုပြီး မင်းပွဲ စိုးပွဲတွေကို တက်ချင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေ ပေါနေတဲ့ နိုင်ငံ။ ရုံးပိတ်ရက် ကျန်းမာရေး လိုက်စားတဲ့ အနေနဲ့ တစ်ပတ် တစ်ရက် အနည်းဆုံး ဂေါက်ကွင်းသွားပြီး သိန်းနဲ့ချီ သုံးနေတဲ့ အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်း သူဌေးကြီးတွေ ပေါနေတဲ့ နိုင်ငံကြီးအဖြစ် ရပ်တည် နေနိုင်တာ တွေကလည်း မြန်မာနိုင်ငံထဲက ထူးခြားတဲ့ လူနေမှု ပုံစံတစ်ခု အဖြစ် ပေါ်လွင်နေတာပါ။

လစာဝင်ငွေ ပြောပလောက် အောင်မရတဲ့ အစိုးရ ၀န်ထမ်း တစ်ယောက်က တစ်လကို သိန်းပေါင်းများစွာ သုံးဖြုန်းနိုင်တာ ဘာကြောင့်ပါလဲ။ လစာငွေထက် ကျော်သုံးနေတာ ဘယ်က ငွေတွေနဲ့ သုံးနေတာပါလဲ။ အကျင့်ပျက် ခြစားမှု တိုက်ဖျက် ပါတယ်ဆို သူများ အနေနဲ့ရော ဘယ်လို တိုက်ဖျက် ကြမလဲဆိုတာ ကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေတာပါ။

နောက်ဆုံး ကုန်ကုန် ပြောရရင် စီးတဲ့ကား၊ နေတဲ့အိမ်၊ သုံးနေတဲ့ အသုံးစရိတ်၊ သားသမီးတွေကို ပညာရေး အတွက်သုံးတဲ့ အသုံးစရိတ်။ အထူးကု ဆေးခန်းကြီးတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု စရိတ် ဒါတွေက ဘယ်က ရတာပါလဲ။ ချမ်းသာသထက် ချမ်းသာ ကြီးပွားလာတာ ဘယ်လို နည်းလမ်းတွေနဲ့များ စီးပွား ရှာနေကြ သတာလဲတော့ မသိပါဘူး။ စီးပွားရေး လာဘ်မြင်ပြီး၊ အမြော်အမြင် ကြီးတဲ့ ဒီလိုလူတွေ စီမံ ခန့်ခွဲနေတဲ့ အစိုးရ ဌာနတွေမှာ ဘာလို့များ အရှုံးပေါ် ခဲ့တာလဲဆိုတာ မစဉ်စား တတ်တော့ပါဘူး။ အခြား တစ်ဖက်မှာတော့ အခြေခံ ပြည်သူတွေက အိမ်ပိုင်ကနေ အိမ်ငှား မဖြစ်ရအောင် မနည်းကြိုးစား နေရတဲ့သူတွေ ရှိသလို အိမ်ငှားခ လစဉ် ပေးနိုင်ဖို့တောင် အနိုင်နိုင် ဖြစ်နေတဲ့ သူတွေ အများကြီးပါ။ အိမ်ရာမဲ့တွေ အများကြီး။

ကျန်းမာရေး ဆိုရင်လည်း နာရေး ကူညီမှု အသင်းက ကုသိုလ်ဖြစ် ဆေးရုံမှာ မနက်စောစော တန်းစီနေတဲ့ လူအုပ်ကြီးကို မြင်ရုံနဲ့တင် ပြည်သူတွေရဲ့ စီးပွားရေး အခြေအနေကို သိနိုင်ပါတယ်။ ဘယ်သူမဆို အထူးကု ဆေးခန်းကြီးတွေမှာ ဆေးရုံကြီးတွေမှာ သက်သောင့် သက်သာနေပြီး ဆေးကု ခံချင်ကြမှာပါ။ ဒါပေမဲ့ စီးပွားရေး အခြေအနေတွေ မကောင်းလို့သာ ကုသိုလ်ဖြစ် ဆေးခန်းတွေမှာ တန်းစီ စောင့်ဆိုင်း နေကြတာပါ။

သူတို့က ပျော်လို့ တန်းစီနေတာ မဟုတ်တာတော့ သေချာပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံ ပြည်သူတွေ ချွတ်ခြုံကျ မွဲတေ ဆင်းရဲ နေချိန်မှာ ပြည်သူ ဘဏ္ဍာ တိုင်းပြည် ဘဏ္ဍာကို ကိုယ့်မိဘ အမွေပေးလို့ ရထားသလို ယူထား သူတွေကတော့ ချမ်းသာပြီးရင်း ချမ်းသာ နေတာပါပဲ။ ခေတ် အဆက်ဆက် က ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်ထားတာ တွေကလည်း ဆယ်သက်လောက် စားမကုန်နိုင်တဲ့ အပြင် ရထားတဲ့ မြေကွက်တွေ အဆောက်အအုံတွေကလည်း ဒီဘက်ခေတ်မှာ ငှားစားတာ သိန်းကို ရာဂဏန်းနဲ့ ချီပြီး ရနေတော့ တာဝန်တွေက အနားယူပြီး တာတောင် ဆွေစဉ်မျိုးဆက် စားသုံးမကုန်တဲ့ အရင်က အရှိန်အဟုန်တွေ စားဖို့သောက်ဖို့ လောက်ကတော့ ဘာမှ မပြောပလောက်ပါဘူး။ အခြေခံ ပြည်သူတွေကသာ ထမင်းအိုးကို အမြှောက်နဲ့ ပစ်ချရမလို ဖြစ်နေတာပါ။

အိမ်နီးနားချင်း ဆက်ဆံရေး ကောင်းတွေ တည်ဆောက် နေပါတယ် ဆိုတဲ့ ကွန်မြူနစ် တရုတ် နိုင်ငံမှာတော့ ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ အရာရှိကြီးတွေရဲ့ လာဘ်ပေး လာဘ်ယူမှုတွေ အတွက် ပြင်းပြင်း ထန်ထန် ထောင်ချ အရေးယူ နေတာတွေ မကြာခဏ ဆိုသလို ကြားနေရပေမယ့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်တဲ့ မြန်မာ နိုင်ငံမှာတော့ အစိုးရ သက်တမ်းကုန်ဖို့ တစ်နှစ်ကျော် အလိုအထိ အရေးယူမှု ကြီးကြီး မားမား မတွေ့ရသေးပါဘူး။ ကြီးကြီး မားမားဆိုတာ ပုဒ်မကို ပြောတာ မဟုတ်ပါဘူး။ လာဘ်စားမှု ပမာဏ ကြီးကြီး မားမားတွေကို အရေးယူ ထားတာ မတွေ့ရ သေးဘူးလို့ ပြောတာပါ။ မရှိလို့လား။ မတွေ့လို့လား။ မသိချင်ယောင် မမြင်ချင်ယောင် ဆောင်နေလို့လား။ ပုတ်သင် ဥတူးရင် ညောင်မြစ်တွေ ပေါ်လာမှာ စိုးလို့လား။ ပုလင်းတူ ဗူးဆို့တွေမို့ လို့လား ဆိုတဲ့ မေးခွန်း ပေါင်းများစွာကို ထုတ်ရတော့ မလိုပါပဲ။

သမ္မတကြီးရဲ့ သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုတဲ့ ကြွေးကြော်သံကို အကောင်အထည် ဖော်ဖို့အတွက် ဘယ်လို လုပ်ဆောင်ချက်တွေများ အံသြတနန်း တွေ့လာရမလဲ ဆိုပြီး ပြည်သူတွေ ကတော့ စောင့်မျှော်နေကြပါတယ်။ လတ်တလော မှာတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှု သုံးခုကို တရားစွဲဆို ထားတယ်လို့ သတင်းထုတ်ပြန် ထားတယ်။ ပြည်သူတွေဆီက တိုင်စာ (၅၃၀) ကျော် ရပေမယ့် သက်သေ အခိုင်အမာ မရတာကြောင် တိုင်စာ (၃) စောင်ပဲ စစ်ဆေး အရေး ယူထားတယ် ဆိုတဲ့ ထုတ်ပြန်ချက် ကတော့ ပြည်သူတွေ လက်ရှိ ကြုံတွေ့နေရတဲ့ ဘ၀တွေနဲ့ ကင်းကွာ နေတာ အမှန်ပါပဲ။ စစ်ကိုင်း တိုင်းထဲက မြို့နယ် တရားသူကြီး တစ်ဦးက အမှုအတွက် လာဘ်ငွေ (၁၅) သိန်းတောင်းတယ် ဆိုတဲ့ အမှုကို သတင်း ထုတ်ပြန်တော့ တစ်နိုင်ငံလုံးမှာ အမှုအခင်း ရင်ဆိုင်နေရလို့ (၁၅) သိန်း ထက်မက ပေးပြီး ငွေများ တရားနိုင် လုပ်တာကို ခံခဲ့ရတဲ့ ပြည်သူတွေက အံသြ နေကြမှာပေါ့။

အပြည်ပြည် ဆိုင်ရာ ပွင့်လင်း မြင်သာမှု အဖွဲ့အစည်း ကြီးကနေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေဆီက အချက်အလက် တွေကို အခြေပြုပြီး၊ နှစ်စဉ် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် စစ်တမ်းမှာဆို မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာပါ နေဆဲပါပဲ။၂၀၀၉ ခုနှစ်က အဆင့် (၁၈၀) မှာ မြန်မာနိုင်ငံက အဆင့် (၁၇၈) ရခဲ့တယ်။ ဒါက စစ်အစိုးရ လက်ထက် အစိုးရသစ် လက်ထက် မှာလည်း ဒီလိုပါပဲ။ မထူးခြားပါဘူး။

အစိုးရ စပြီး တာဝန်ယူတဲ့ ၂၀၁၂ ခုနှစ်မှာတော့ အဆင့်ပေါင်း (၁၇၄) ဆင့် ရှိတာမှာ အဆင့် (၁၇၂) ရပါတယ်။ ဒီလိုပါပဲ ၂၀၁၃ ခုနှစ် မှာလည်း အဆင့် (၁၇၅) မှာ အဆင့် (၁၅၇) ရခဲ့ပါတယ်။ ဒေသတွင်း အာဆီယံ နိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာက အဂတိ လိုက်စားမှု အမြင့်ဆုံး ဖြစ်နေကျပါ။ အဂတိ လိုက်စားမှု မြင့်မားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ထိပ်တန်းက ပါနေတယ် ဆိုတာ ပြနေတဲ့ စစ်တမ်းဆိုရင် မမှားဘူးပေါ့။

တကယ်တော့ အမှန်တရားဟာ နားဝင်မချိုသလို လက်ခံဖို့ ခက်ခဲ တတ်ပါတယ်။ ပြုပြင် ပြောင်းလဲမှုတွေကို စိတ်ရင်း မှန်မှန်နဲ့ ပြုပြင် ပြောင်းလဲချင်တယ် ဆိုရင်တော့ အမှန်တရားကို လက်ခံ ရပါလိမ့်မယ်။ နိုင်ငံတော် သမ္မတ က အစ အစိုးရအဖွဲ့ ၀န်ကြီးတွေရနေတဲ့ လစာ လျှော့ယူပြီး တိုင်းပြည်မှာ လိုအပ်နေတဲ့ နေရာတွေမှာ ပြန်သုံးဖို့ လုပ်ပေးတာကိုလည်း အသိအမှတ် ပြုသလို ပြည်သူ့ဝန်ကို ထမ်းရွက်ရမယ့် အစား အတ္တရှေ့တန်းတင်ပြီး လောဘသမားတွေ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စိတ်ထား ရှိသူတွေနဲ့ ပေါင်းပြီး ပြည်သူ့ဘဏ္ဍာတွေကို ခိုးနေတဲ့ သူခိုးကြီး တွေကိုလည်း ဖမ်းဆီး ဖော်ထုတ် ပေးနိုင်ကြရင် ပြည်သူတွေ အတွက် ပိုပြီး အကျိုးရှိနိုင်မှာပါ။

ပြောင်းလဲခြင်း အကြောင်း တရားတွေလည်း အများကြီး ရှိနေနိုင်ပါတယ်။ အခြေခံ ပြည်သူ လူထုတွေရဲ့ စားဝတ်နေရေးက အရင် အခြေအနေတွေထက် ပိုခက်ခဲ လာနေသလိုပဲ မျက်စိရှေ့မှာတင် သူခိုးကြီးတွေရဲ့ စည်းစိမ် ဥစ္စာတွေကလည်း ဒီရေအလား တိုးလာနေတယ် ဆိုတဲ့ အခြေအနေ ကိုတော့ အမြန်ဆုံး ပြောင်းလဲ ပေးနိုင်ပါစေကြောင်းပါ။



The Messenger

No comments:

Post a Comment