Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 8, 2014

''ကျွန်တော့သားလေးနဲ့ စကားပြောချင်တယ်''

လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦး၏ ဖခင်နှင့် မေးမြန်းခြင်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦး ဖမ်းဆီးခံထားရသည်။ ၎င်းတို့ နှစ်ဦးအနက် ကိုဝင်းဇော်ထွန်း၏ ဖခင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကာပီချောင်း ကျေးရွာနေ ဦးထွန်းထွန်းထိုက်ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Thailan-Suspects
ကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်းဇော်ထွန်း(ဘယ်)နှင့် ကိုစော(ညာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အီးပီအေ)
မေး- ကိုဝင်းဇော်ထွန်း ထိုင်းကိုဘယ်လို သွားခဲ့လဲ။
ဖြေ- ရှစ်တန်းအောင်တော့ ရွာမှာ အထက်တန်းကျောင်းမရှိတော့ ကျောက်ဖြူ အထက ၁မှာ ကိုးတန်းထားတယ်။ အဲဒီမှာ သူ့သူငယ်ချင်း အောင်လင်းဇော်နဲ့တွေ့ပြီး အောင်လင်းဇော်ရဲ့ မိဘတွေက ထိုင်းမှာနေတယ်။ အဲဒါနဲ့ သူလည်းလိုက်သွားမယ်ဆိုပြီး လိုက်သွားတယ်။ အိမ်ကိုမပြောသွားဘူး။ ရန်ကုန်ရောက်မှ ဖေဖေသား ထိုင်းကို သွားတော့မယ်ဆိုပြီး ဖုန်းဆက်တယ်။
မေး- အဲကို သွားဖို့ငွေကြေးကကော။
ဖြေ- သူတို့ ရန်ကုန်ကိုရောက်တဲ့ အခါ အောင်လင်းဇော်ရဲ့ အမေက ကျွန်တော်တို့ကို ဖုန်းဆက်ပြီး သူတို့နှစ်ယောက်ထိုင်းကိုလာဖို့ တစ်ယောက်ကို သုံးသိန်းလိုတယ်ဆိုပြီး ဖုန်းဆက်တယ်။ ကျွန်တော်တို့ ဒီက လွဲလိုက်ရတယ်။
မေး- ထိုင်းရောက်ပြီးမှ အိမ်ကို အဆက်အသွယ်လုပ်လား။
ဖြေ-ဖုန်းဆက်တာတော့ မရှိဘူး ရွာမှာလည်း သူသွားပြီးနောက်ပိုင်းမှ ဖုန်းတစ်လုံးနှစ်လုံးလောက် ရှိကြတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ပြန်လာသေးတယ် ။မေလ လောက်မှာ ပြန်သွားတယ်။ သူ့အမေက မသွားဖို့တားသေးတယ်။ သူက အလုပ်လုပ်ချင်တယ်။ ရွာမှာ ဘာအလုပ်လဲမရှိဆိုပြီး မရမကပြန်သွားတယ်။
မေး-ဘာလို့ သူ့ကို ထိုင်းကိုမသွားစေချင်တာလဲ။
ဖြေ- ကျွန်တော့်သားလေးက ကူညီတတ်တယ်။ သူငယ်ချင်းတွေ ကိုခင်မင်တတ်တယ်။ သူများက လိုချင်တယ်ဆိုရင် သူ့ဝတ်ထားတဲ့ အကျီကိုတောင် ချွတ်ပေးပြီး ကိုယ်တုံးလုံးနဲ့ အိမ်ပြန်လာဖူးတယ်။ ရွာမှာလည်းဟော့ဟော့ရမ်းရမ်း နေတတ်တဲ့သူမျိုးမဟုတ်ပါ။ သူများနိုင်ငံမှာ မလည်မဝယ်နဲ့ ဒုက္ခရောက်မှာကို သူ့အမေက စိုးရိမ်တယ်။ ကျွန်တော်ကတော့ ယောင်္ကျားလေးပဲ ဘာမှ မဖြစ်ဖူးဆိုပြီး အဲဒီလောက်တော့ မစိုးရိမ်ဘူး။
မေး- သူနဲ့လည်း အဆက်အသွယ်မရှိဆိုတော့ အခုလိုပြသနာဖြစ်တာကို ဘယ်လိုသိလဲ။
ဖြေ- ရွာက ကော့သောင်(လိပ်ကျွန်း)မှာနေတဲ့ သူတွေက ရွာကို ဖုန်းဆက်တယ်။ ၀င်းဇော်ထွန်း ကို လူသတ်မှုနဲ့ ဖမ်းသွားတယ်လို့ပြောတယ်။ ပထမတော့ သူ့အမေက နာမည်တူတာလို့ထင်တယ်။ ကိုယ့်သားက လူသတ်ရလောက်အောင်လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ နောက်မှ တီဗီမှာ ကျမှ ယုံတယ်။ သူ့အမေက ထမင်းလည်းမစားဘူး၊ ရေလဲမချိုးဘူး၊ ကြာရင် သေရင်သေ မသေရင်ရင် ရူးဖို့လားမသိ။

မေး- ကိုဝင်ဇော်ထွန်းလွတ်မြောက်ဖို့ ဘာတွေ ကြိုးစားထားသေးလဲ။ရန်ကုန်ကိုလာဖို့  ဒါမှ မဟုတ်ထိုင်းကို လိုက်သွားဖို့ အစီအစဉ်ရှိလား။

ဖြေ- ကျွန်တော်တို့ ဘာမှ မသိဘူး။ ဘယ်လိုကြိုးစားရမယ်ဆိုတာလဲ ကျွန်တော်တို့ မသိဘူး။ ရန်ကုန်ကို လာဖို့လည်း ပိုက်ဆံမရှိဘူး။ သွားလည်းမသွားတတ်ဘူး။ သူ့ကို သွားဖို့ ပိုက်ဆံကိုလည်း ကျွန်တော်တို့ချေးငှားပေးလိုက်ရတာ။
မေး- ထိုင်းမှာ ဘာအလုပ်လုပ်တယ် လို့ပြောထားလဲ။
ဖြေ- စားသောက်ဆိုင်တွေ ၊ဘန်ဂလိုတွေမှာလုပ်တယ်လို့ပြောတယ်။
မေး-သူ့ မှာ မောင်နှမတွေ ရှိသေးလား။
ဖြေ- သူ့အစ်ကို တစ်ယောက်ရှိတယ်။ ထိုင်းမှာပဲ သူက ငါးဖမ်းသဘောင်္မှာလို့ ပြောတယ်။သူနဲ့ အတူတူမနေဘူး။ အခုနောက်ဆုံး ဘယ်လို သတင်းကြားသေးလဲ။ သူ့ကို လူသတ်မှုနဲ့ ဖမ်းသွားတယ်။ ဒီက လူကြီးတွေက လိုက်သွားတယ်လို့ကြားတယ်။ ကျွန်တော် လူကြီးတွေကို တောင်းဆိုချင်တာက ကျွန်တော့သားလေးနဲ့ စကားပြောချင်တယ်။ ဒီကလိုက်သွားတဲ့ လူကြီးတွေရော၊ ထိုင်းက လူကြီးတွေရော ကူညီပေးကြပါခင်ဗျာ။
မေး- သူပြန်လွှတ်မယ်လို့ထင်လား။
ဖြေ- ကျွန်တော့သားလေးဟာ လူတစ်ယောက်ကို သတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ ကျွန်တော်သိတယ်။ ရှေ့နေ ရှေ့ရပ်တွေနဲ့ လူကြီးတွေက အမှန်အတိုင်း စစ်ပေးရင်တော့ လွှတ်မယ်လို့ထင်တယ်။
http://www.mizzimaburmese.com/component/k2/item/29711-2014-10-08-08-30-23

No comments:

Post a Comment