Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 7, 2014

“ ပုဂံဘုရားပေါ်မှာ အတွေးရသွားတဲ့ လူငယ်လေး ”


.
၂ဝ၁၂ ခုနှစ်တုန်းက ပုဂံဘုရားပေါ်မှာထိုင်နေတဲ့ လူငယ်လေးတစ်ယောက်က “ ငါဟာ ကလေးဘဝထဲမှာ နေနေတာပဲ။ ဘာကြောင့်ငါတစ်ယောက်တည်းဖြစ်နေတာလဲ ” လို့ တွေးတယ်။ ဖြတ်ကနဲ ဝင်လာတဲ့ ဒီအတွေးဟာ သူ့ရဲ့ Phroogal အင်တာနက်စာမျက်နှာ ကို လွှင့်တင်ဖို့ မျိုးစေ့ဖြစ်ခဲ့တယ်။
.
သူ့ရဲ့ဝဘ်ဆိုဒ်က ငွေကြေးစီမံခန့်ခွဲမှု မှားယွင်းတာကြောင့် ကမ်းကုန်နေပြီး ထွက်ပေါက်မရှိဖြစ်နေသူတွေကို ကမ္ဘာတစ်လွှားလူအင်အား - Crowdsources အရင်းအမြစ်တွေသုံးပြီး ကူညီဖြေကြားပေးတဲ့ အလုပ်ကို လုပ်ပေးတယ်။ ဒီအဖြေတွေကြောင့် ဘဝပျက်နေသူတွေ၊ အကြံတုံး ဥာဏ်တုံး လူ့ဇာတ်ခုံအောက်က လူတွေကို စင်ပေါ်ပြန်တင်ပေးနိုင်ခဲ့တဲ့အထိ မှတ်ကျောက်တင်ပေးနိုင်ခဲ့တယ်။ သူ့နာမည်က ဂျေဆန်ဗစ်တပ် - Jason Vitug ဖြစ်ပါတယ်။
.
.
ဗစ်တပ် ဟာ သူ့ခရီးစဉ်ပြီးတဲ့နောက် “ ပုဂံဘုရားပေါ်မှအတွေး ” အမြင်သစ်တွေကို လူသားတွေ ကိုယ်စီကိုယ်င ပိုင်ဆိုင်နိုင်အောင် စီစဉ်တယ်။ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအို၊ အရှေ့တီမော နဲ့ ဘီလာရုနိုင်ငံတွေကို ခရီးပတ်ထွက်ရင်း “ ဒီနိုင်ငံတွေကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ကိုယ်ပိုင်ငွေသုံးစွဲပုံ ဘဏ္ဍာရေးအခြေအနေအပေါ် ကျွန်တော့အမြင်တွေ ကွာလာတယ် ” လို့ ဗစ်တပ် က ဆိုတယ်။
.
သူဖြတ်သန်းခဲ့တဲ့ အတွေးသစ် အမြင်သစ် ဘဏ္ဍာရေးသင်ခန်းစာ Financial Lessons ( ၁ဝ ) ခု ခေါင်းစဉ်ထုတ်ထားပါတယ်။ ခရီသွား Photo Album ထဲက အဓိက ( ၂ ) ပုံကိုပါ ဖော်ပြပေးလိုက်ပါတယ်။.
.
.
A goal is the first step
ပန်းတိုင်ဟာ ပထမခြေလှမ်းပါ
.
အရာရာဟာ ရင်ထဲကထွက်ပေါ်လာတဲ့ စိတ်ကူးကနေ စပါတယ်။ ကမ္ဘာပတ်ခရီးအစီအစဉ် မစခင် ကျောင်းချေးငွေ နဲ့ ဘဏ်ကဒ်အကြွေး ဒေါ်လာ ( ၈ဝဝဝဝ ) ကို ကျွန်တော် အကျေဆပ်ခဲ့တယ်။ ရည်မှန်းချက်ပန်းတိုင်ဟာ ရှင်းလင်းပြတ်သားပြီးတော့ သတ်သတ်မှတ်မှတ်ရှိရပါမယ်။ ကျွန်တော်ဟာ ( ၁၂ ) လအတွင်း အကြွေးလည်းကျေ၊ နိုင်ငံ ( ၂ဝ ) လည်း လည်အပြီး စိတ်ပိုင်းဖြတ်ခဲ့တာ ပိုပြီးတောင် လည်နိုင်ခဲ့သေးတယ်။ ( ၂၁ ) နိုင်ငံ ရောက်ပြီးသွားတဲ့အခါ ကျွန်တော့မှာ ဘာအကြွေးမှ မရှိတော့ဘူးလေ။
.
.
A plan is crucial to achieve your goals
စီမံကိန်းတစ်ခုဟာ ပန်းတိုင်ရောက်ဖို့ အရေးပါသော့ချက်ဖြစ်တယ်
.
ရည်မှန်းချက်ရှိဖို့က ပထမအချက်ပါ။ ဒါပေမယ့် စီမံကိန်းမရှိရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ လိုအပ်တာအကုန်လုံး ကျောပိုးအိတ်ထဲထည့်သယ်ယူနိုင်တယ်ဆိုစေဦး ကမ္ဘာရဲ့ ဟိုဘက်တစ်ခြမ်းကိုရောက်ဖို့ စီမံကိန်းမရှိပဲ မဖြစ်နိုင်ဘူး။ Plan တစ်ခုဟာ ရည်မှန်းချက်ကိုရောက်ဖို့ ဘယ်လောက်လိုသေးတယ်ဆိုတာ အဆက်မပြတ်စစ်ဆေးနေတယ်။ ဒီလိုပဲ ငွေကြေးဘဏ္ဍာခန့်ခွဲမှုဟာ အိပ်မက်ထဲက လူနေမှုဘဝကို အကောင်အထည်ဖော်ဖို့ ကူညီပေးနိုင်တယ်။
.
.
Establish a budget
ဘတ်ဂျက်တစ်ခု ချပါ
.
အခု ခရီးစဉ်မစခင်အထိ ကျွန်တော် ဘတ်ဂျက်ချပြီး မသုံးတတ်ခဲ့ပါဘူး။ ဒါပေမယ့် အိမ်ဝယ်ဖို့ဖယ်ထားတဲ့ ဒေါ်လာ ( ၁ဝဝဝဝ ) ကို တစ်နှစ်စာ ခရီးသွားဖို့ စီမံခန့်ခွဲချိန်မှာ ကျွန်တော် သိလာခဲ့တယ်။
.
ကိုယ့်ရည်မှန်းချက်ရောက်ဖို့် ရှိတဲ့ငွေနဲ့လောက်အောင်သုံးရမယ်ဆိုတာ သင်ယူနိုင်ခဲ့တယ်။ မိမိရဲ့ရည်မှန်းချက်ကို သက်သေခံနိုင်ဖို့ အင်မတန် အရေးကြီးတယ်။ ဒီ့အောက်မှာ ကပ်လျက်လိုက်ပါလာတဲ့ မြှုပ်ကွက်က ဘဏ္ဍာရေးခန့်ခွဲသုံးစွဲမှု ဖြစ်နေပြန်တယ်။ ဒီဘတ်ဂျက်ကို လက်နက်အနေနဲ့ အသုံးပြုပြီး ရည်မှန်းချက်ရောက်အောင် သွားရမယ်။
.
.
Keep track of spending and saving
သုံးငွေ၊ စုငွေ ကို အမြဲစစ်ပါ
.
ရည်မှန်းချက်၊ စီမံကိန်း၊ ဘတ်ဂျက်တွေချပြီးရင် မိမိဘယ်နေရာရောက်နေပြီလဲ ကြည့်ရမယ်။ “ တည်းခိုခန်းငှားခ၊ ခရီးတိုကုန်ကျစားရိတ် နဲ့ အစားအသောက် စတာတွေကို ကိုယ်နိုင်တဲ့ ငွေထဲကပဲ သုံးရမယ် ” ဆိုတာ ကျွန်တော အမှတ်ရမိတယ်။ အဖိုးနှုန်းချိုသာစားရိတ်တွေကို ရွေးချယ်တယ်။
.
ဒီလိုပဲ ကိုယ့်အိမ်သုံးစားရိတ်မှာလည်း အသုံးမများအောင် နေတတ်ရမယ်။ ကိုယ့်အသုံးစားရိတ်မှကိုယ်မသိရင် ပိုကောင်းသက်သာတဲ့ အစီအစဉ်တွေရှိမှန်း ကျွန်တော်သိနိုင်မှာ မဟုတ်ဘူး။
.
.
Let cash be king
ငွေသားကိုင်သုံးစွဲပါ
.
ဘယ်နေရာရောက်ရောက် ကျွန်တော် ငွေစက္ကူ ထုတ်သုံးတယ်။ ဒါကြောင့် နေရာတော်တော်များများမှာ ဈေးဆစ်နိုင်သလို သက်သာမှုတွေ ရရှိတယ်။
.
ဒီနည်းကို မိမိနေ့စဉ်ဘဝထဲကို ဆွဲသွင်းစမ်းသုံးကြည့်တဲ့အခါ တစ်ခါက ခရက်ဒစ်ကဒ်ကျေးကျွန် အဖြစ်မျိုးကို ရှောင်ကျဉ်နိုင်ခဲ့တယ်။ ဒါကြောင့် “ ငွေမရှိပဲ ဘာမှ မဝယ်ပါနဲ့ ”
.
.
Be prepared for emergencies
အရေးပေါ်အချိန်အတွက် ပြင်ဆင်ထားပါ
.
ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်တော့ ကျွန်တော်စီးလာတဲ့ကားက ပျက်ပါလေရော။ လက်နက်ကိုင်တွေ ရောက်လာပြီး မှတ်ပုံတင်တောင်းကြည့်တယ်။ ကျွန်တော့ခရီးဖော် အမေရိကန် နဲ့ ဗြိတိန်သူငယ်ချင်းတွေက ID ကို တည်းခိုခန်းကောင်တာမှာ ကျန်ခဲ့တယ်။ ကံကောင်းထောက်မစွာ ကျွန်တော့မှာ မိတ္တူပါလာတော့ ခရီးသွားများဖြစ်ကြောင်း အားလုံးအတွက် သက်သေခံနိုင်ခဲ့တယ်လေ။
.
ဒီအိုင်ဒီယာကို ငွေကြေးစီမံမှုထဲ နမူနာယူရမယ်။ မမျှော်လင့် - သတိမထားမိတဲ့ ထောင့်တစ်နေရာက ထွက်လာမယ့် ငွေကုန်ပေါက်အတွက် အရေးပေါ်ငွေစုစာရင်း စီစဉ်ထားရှိရမယ်။ မဖြစ်နိုင် ဖြစ်နိုင်က အရေးမကြီးဘူး .. ဖြစ်ခဲ့ရင် ငွေအသင့်ရှိနေဖို့ အဓိက။
.
.
Not everyone has your best interest in mind
လူတိုင်း “ စိတ်ဝင်စားမှု ” မရှိဘူး
.
ခရီးထွက်တဲ့အခါ အခွင့်အရေးယူလိုသူတွေ တွေ့ရမယ်။ လေဆိပ်ကို ကားငှားသွားတာချင်းတူတာတောင် ကျွန်တော်ဟာ အမေရိကန် မို့လို့ တက္ကစီသမားက ကားခ ( ၃ ) ဆ တောင်းချင်တယ်။ လူတွေက မိမိကို ဘာရောင်း - Selling နေလဲဆိုတာ သိရမယ်။ တိကျတဲ့မေးခွန်းကို မမေးတတ်ဘူးဆိုရင် သူတို့တောင်းသလောက် ကျွန်တော်ပေးရပြီ။ ဘဏ္ဍာရေးမှာလဲ ကိုယ်ထိုးမည့်စာချုပ်၊ သက်သေခံစာရွက် ဘာမဆို သေချာဖတ်ရမယ်။ ဘယ်လိုသဘောတူညီချက်တွေ ပါသလဲဆိုတာ ကျကျနန သိအောင်လုပ်ရမယ်။ မရှင်းမချင်း မေးခွန်းမေးပါ။
.
.
Know the difference between wants and needs
လိုချင်တာ နဲ့ လိုအပ်တာကို ခွဲသိပါ
.
ခရီးမထွက်ခင်မှာ “ လိုချင်တာ ” ကို “ လိုအပ်တယ် ” လို့ပဲ ကျွန်တော်ထင်ခဲ့တယ်။ ဦးနှောက်က တွေးပုံကကြည့်ဦး .. အလုပ်တက်ဖို့ကားလိုတယ်။ BMW စီးချင်တယ်။ ဒါကြောင့် အလုပ်တက်ဖို့ BMW တစ်စီးလိုတယ် ဖြစ်သွားတာပေါ့။ ခရီးစဉ်တစ်လျောက်ကျမှ လိုအပ်ချက်ကို အစားအသောက် နဲ့ နေထိုင်စားရိတ် လို့ ( ၂ ) မျိုး ခွဲနိုင်ခဲ့တယ်။ လိုအပ်ရင် လမ်းဘေးမှာ၊ တဲကုပ်မှာ ဆင်ဝင်အောက်မှာလည်း ကျွန်တော် စားတာပဲ။
.
လိုချင်တာ နဲ့ လိုအပ်တာကို ထင်ထင်ရှားရှား ခွဲမမြင်နိုင်ဘူးဆိုရင် နေချင်တဲ့လူနေမှုဘဝကို မရနိုင်တာ သေချာတယ်။
.
.
Understand what makes you wealthy
သင့်ကို ဘာက ချမ်းသာစေသလဲဆိုတာ နားလည်ပါ
.
သွားလည်ခဲ့တဲ့နိုင်ငံတစ်ချို့မှာ လူတစ်ချို့ဟာ ( ၁ ) လလုံးလုပ်မှ ဒေါ်လာ ( ၁ဝဝ ) လောက်ပဲ ငွေဝင်တယ်။ အိမ်ငှား၊ အသုံးစားရိတ်၊ အစားအသောက်တွေနဲ့ ကုန်ပြီး ( ၁ ) ဒေါ်လာ ( ၂ ) ဒေါ်လာ ငွေလောက်ကို မနည်းစုနေရတာ တွေ့ခဲ့တယ်။
.
ခရီးမထွက်ခင်က ကျွန်တော့ဘဝကိုပြန်စဉ်းစားကြည့်တယ်။ ခရက်ဒစ်ယူနီယံ ရဲ့ အရာရှိအဖြစ် အလုပ်လုပ်ခဲ့တာ အကြွေးက လည်ပင်းခိုက်လို့။ ငွေကလည်း အခုအချိန်ထက် အများကြီးဝင်တယ်။ ကျွန်တော် ဆင်းရဲခဲ့တယ်။ အကြောင်းက ကျွန်တော်ရှာနိုင်တာထက် ပိုသုံးမိလို့ပေါ့။ လက်ဝယ်ပိုင်ဆိုင်မှု ဘာမှမကျန်သလို ဘဏ်စုငွေပိုငွေလျှံ လည်း မရှိဘူး။
.
ချမ်းသာကြွယ်ဝမှုဟာ ငွေဘယ်လောက်ရှာနိုင်တာကို ပြောတာမဟုတ်ဘူး .. ဘယ်လိုသုံးစွဲတာကို တိုင်းတာ။ စည်းစိမ်ချမ်းသာဆိုတာ ကုန်ကျစားရိတ်ပေးချေပြီးလို့မှ အကြွေးကင်းတာကို ပြောတာ။
.
koko2yeye@gmail.com
.
ဘာသာပြန်သူအနေနဲ့ ပုဂံဘုရားပေါ်ကရရှိခဲ့တဲ့ အသိသညာ နဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ဖော်ကျူးခွင့်ရလို့ ဝမ်းမြောက်မဆုံးဖြစ်ရပါတယ်။
.
Ref : Business Insider


ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

No comments:

Post a Comment