အသားမည်းတဲ့သူရော ဖြူတဲ့သူပါ တမ်းတမ်းစွဲ သုံးလေ့ရှိတာ အသားဖြူ လိမ်းဆေး
ခရင်မ်တွေပါပဲ။ Whitening Cream ပေါ့။ အလှပြင်ပစ္စည်း ဈေးကွက်မှာ
အသားဖြူလိမ်း ခရင်မ်တွေက ထိပ်ဆုံးက နေရာယူထားတာပါ။
ဘာတွေပါသလဲ
အမျိုးအစားနဲ့ အမှတ်တံဆိပ်ပေါ် မူတည်ပြီး ပါဝင်တဲ့ ပစ္စည်းတွေကတော့
အနည်းနဲ့အများ ကွဲပြားပါတယ်။ ဖော်စပ်ပုံ ဖော်မြူလာလည်း အမျိုးမျိုးပါ။
ဗီတာမင်တွေပါတယ်။ အက်စစ်တွေ ပါတယ်။ ဓာတ်သတ္ထုပစ္စည်းတွေ ပါတယ်။
စတီးရွိုက်တွေလည်း ပါတတ်ပါတယ်။ ဗီတာမင်တွေထဲမှာ ဗီတာမင်စီ၊ ဗီတာမင်အီးကို
အဓိက သုံးတယ်။
သဘာဝ သစ်သီးသစ်ဥက ထုတ်လုပ်တဲ့ အက်ဆစ်တွေ၊ ဆန်ကနေ ထုတ်ယူတဲ့ ကိုဂျစ်အက်ဆစ်(
Kojic acid)၊ ဂျုံတို့ ဘာလီတို့ကနေရတဲ့ အတီးလစ်အက်စစ်( Atelaic acid)
တွေကို သုံးလေ့ရှိပါတယ်။ သင်္ဘောသီးမှာပါတဲ့ ပါပိန်း ( Papain)ဓာတ်၊
ဘယ်ရီသီးတွေမှာပါတဲ့ အာဘူတင်( Arbutin) ဓာတ်တွေနဲ့ လိုင်ကိုရစ်(Liquorice)
ဆိုတဲ့ နွယ်ချိုမြစ်ကရတဲ့
ဓာတ်တွေလည်းပါလေရဲ့။ နောက်ပြီး ထရက်တီနွံဆိုတဲ့ ဗီတာမင်အေ အက်ဆစ်
တစ်မျိုးကိုလည်း တော်တော်များများ သုံးကြတာ ရှိပါတယ်။
ဓာတ်သတ္ထုပစ္စည်းတွေမှာတော့ ပြဒါးတို့၊ ခဲဖြူတို့ကို သုံးတတ်ကြပါတယ်။
တချို့ကြတော့ စတီးရွိုက် အပျော့စားတွေကို ထည့်သုံးတာမျိုး ရှိပါတယ်။
ဒါ့အပြင် ဟိုက်ဒရိုကွီနုံး( Hydroquinone) ဆိုတဲ့ ဓာတုပစ္စည်းကိုလည်း
အစွန်းချွတ်ဆေးသဖွယ် သဘောထားပြီး ထည့်သွင်းဖော်စပ်ကြပါတယ်။
အန္တာရာယ်ကင်းရဲ့လား
ကြောက်စရာကောင်းတာက အမြတ်အစွန်းကို မျှော်ကိုးပြီး အန္တာရာယ်ရှိတဲ့
ဓာတုပစ္စည်းတွေကို ထည့်သွင်း ဖော်စပ်လာကြတာပါပဲ။ ဓာတ်မတည့်လို့
ချက်ချင်းလက်ငင်း ဆိုးကျိုးပေးတာ ရှိသလို ရေရှည်ကြာမှ ဆိုးကျိုး ပေးတာလည်း
ရှိနိုင်ပါတယ်။ ဒီလိုလူတွေအတွက် အန္တာရာယ်မကင်းနိုင်တဲ့ ဓာတုပစ္စည်းတွေ၊
ဓာတ်သတ္ထုပစ္စည်း ကို အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းဖော်စပ်ခြင်းမလုပ်ဘို့
တားမြစ်ခြင်း၊ ကန့်သတ်ခြင်းတွေကို FDA က ဆောင်ရွက်ကြရပါတယ်။
ရှင်းရှင်းပြောရရင် အသားဖြူခရင်မ်တွေမှာ သုံးစွဲသူကို ဒုက္ခလှလှပေးနိုင်တဲ့
ဟိုက်ဒရိုကွီနုံး၊ ပြဒါး၊ ခဲနဲ့ စတီးရွိုက်တွေကို ကန့်သတ်ပမာဏထက် ပိုပြီး
သုံးနေကြဆဲပါ။ တကယ်တော့ ဒီပစ္စည်းတွေဟာ အဆိပ်တွေပါ။ အဆိပ်ကို ဆေးထင်ပြီး
သုံးနေကြရရှာတာပါ။
ပြဒါးပါတဲ့ အလှကုန်
ဥရောပနိုင်ငံတွေမှာဆိုရင် ၁၉၇၀ ပြည့်နှစ်ကတည်းက အလှကုန်ပစ္စည်းတွေမှာ
ပြဒါးလုံးဝမထည့်ဘို့ တားမြစ်ခဲ့ တာပါ။ အလှကုန်ပစ္စည်းမှာပါတဲ့ ပြဒါးဟာ
အရေပြားကနေ
တစ်ဆင့် သွေးထဲကို ရောက်သွားတယ်။ ပြီးတော့ ဦးနှောက်နဲ့ အာရုံကြောကိုထိတယ်။
ကျောက်ကပ်ကိုထိတယ်။ မိခင်လောင်းဖြစ်တဲ့သူမှာ ပြဒါးဓာတ်တွေများရင်
မွေးလာတဲ့ကလေးမှာ ကိုယ်လက်အင်္ဂါချို့ယွင်းမှုတွေ ဖြစ်တယ်။
ဟိုက်ဒရိုကွီနုံးနဲ့ အသားဖြူဆေး
နောက်ထပ် အန္တာရာယ်ပေးတဲ့ ဓာတ်ပစ္စည်းကတော့ ဟိုက်ဒရိုကွီနုံးပါ။
မီနောဓာတ်တစ်မျိုးပါပဲ။ အရောင်ချွတ်တဲ့ အစွမ်း ရှိပါတယ်။ အဲဒီဆေးကို
အသုံးများရင် အရေပြားမှာ အသားရောင် မညီတာတွေ ဖြစ်ပါလေရော။ ၂၀၀၆
ခုနှစ်မှာတော့ အမေရိကန် FDAက ကင်ဆာဖြစ်နိုင်ခြေ ရှိတယ် ဆိုပြီး
နှစ်ရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းအထိ ပြင်းအားပမာဏသာ ခွင့်ပြုခဲ့ပါတယ်။
တချို့ ဥရောပနိုင်ငံတွေမှတော့ ဒီပစ္စည်းကို လုံးဝတားမြစ်ထားပါတယ်။
ခဲဓာတ်လည်းပါနိုင်တယ်
ခဲကိုလည်း တစ်ချိန်က အသားဖြူပေါင်ဒါတွေမှာ တွင်တွင်ကျယ်ကျယ်ကြီးကို
သုံးခဲ့တဲ့ သမိုင်းရှိပါတယ်။ ခဲဓာတ် ပါတဲ့ ပေါင်ဒါတွေကို မျက်နှာတင်မက
လည်ပင်း၊ ရင်ဘတ်တွေအထိပါ လိမ်းခဲ့ကြတာပါ။ ကြာတော့ အရေပြားက တစ်ဆင့်
ခဲဓာတ်တွေ သွေးကြောထဲ ရောက်သွားပြီး ခဲဆိပ်သင့်ပါလေရော။
စတီးရွိုက်တွေကလည်း ပြဿနာ
အသားဖြူလိမ်းဆေး တချို့မှာ စတီးရွိုက်အပျော့စား ပါတတ်ပါတယ်။ ဒါပေမယ့်
အပြင်းစားတွေ ပါလာရင်တော့ ဆိုးကျိုးတွေက တစ်ပုံတစ်ပင်ပါပဲ။ အရေပြားပါးတာ၊
မွေးညင်းနုပေါက်တာ၊ အသားမညီတာ၊ ၀က်ခြံပေါက်တာ စတဲ့ ပြဿနာတွေပေါ့။ ဒါ့အပြင်
သွေးထဲကို ရောက်သွားရင် ဆီးချို၊ သွေးတိုး၊ အရိုးပါး စတဲ့ ကိစ္စတွေပါ
ကြုံနိုင်ပါသေးတယ်။ စတီးရွိုက်ရဲ့ သဘောသဘာဝ အရ ဆေးလိမ်းလိုက်တဲ့နေရာမှာ
ကြာကြာလိမ်းရင် ဖြူသွားစေတဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် တချို့
မသိနားမလည်သူတွေဟာ နှင်းခူအတွက် ထုတ်လုပ်ထားတဲ့ အပြင်းစား စတီးရွိုက်
လိမ်းဆေးတွေကို မျက်နှာဖြူစေတယ်ဆိုပြီး မြိန်ရေရှက်ရေကို လိမ်းနေတာမျိုး
ရှိပါတယ်။
အန္တာရာယ်ကင်းကင်းနဲ့ လှစေချင်
မြန်မာနိုင်ငံ FDA က ပြည်တွင်းပြည်ပက အလှကုန်ပစ္စည်းတွေအားလုံးကို
စေ့စေ့ငုငု စိစစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်
သုံးစွဲသူတွေအနေနဲ့ လှချင်တာတစ်ခုတည်းအတွက် အန္တာရာယ်ကို
မျက်ကွယ်မပြုစေချင်ပါဘူး။ ယုံကြည်စိတ်ချရတဲ့ ပစ္စည်းမျိုးကိုပဲ
သုံးစွဲစေချင်ပါတယ်။
(မှတ်ချက်။ ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်) ရွှေရတု မဂ္ဂဇင်း(
၁၉၆၃-၂၀၁၃) မှ ဒေါက်တာ ကျော်ကျော်( အရေပြား အထူးကု ဆရာဝန်ကြီး) ရေးသားသော
ဆောင်းပါးအား ကောက်နှုတ်တင်ပြပါသည်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 25, 2014
အသားဖြူလိမ်းဆေးထဲက အဆိပ်
အသားဖြူလိမ်းဆေးထဲက အဆိပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 25, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 25, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment