Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 28, 2014

အောင်မြင်ချင်သူတို့ မဖြစ်မနေ သိရမယ့် လူတစ်ယောက် အကြောင်း




သူဟာ George Washington Carver လို့ အမည်ရတဲ့ လူမည်း တစ်ဦးပါ။ သက္ကရာဇ် ၁၈၆၄ ခုနှစ်ကျော်က မွေးဖွားတဲ့ ကမ္ဘာကျော် သိပ္ပံပညာရှင်၊ တီထွင်ပညာရှင်၊ ရုက္ခဗေဒ ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ အမေရိကန်မှာ လူမည်းတွေ ကျွန်အဖြစ် တရားဝင် အသိအမှတ်ပြုခံထား ရတဲ့ ခေတ်မှာ မွေးဖွား ပါတယ်။ မွေးဖွားတဲ့ နှစ်တောင် တိတိမကျ မသိရပါဘူး။ သူ့မိဘကို ဂျာမန်-အမေရိကန် ကပြား လူဖြူ မိသားစုက ဒေါ်လာ ၇၀၀ နဲ့ ဝယ်ပြီး အတူပါလာတဲ့ တစ်မိသားစုလုံးကို ပိုင်သွားပါတယ်။ မောင်နှမ ၁၁ ယောက်ရှိပေမယ့် တစ်ယောက်ပြီး တစ်ယောက် ကျွန်ဘဝမှာပဲ အနှိပ်စက်ခံရ၊ အနိုင်ကျင်ခံရနဲ့ သေတဲ့သူကသေ၊ ဒုက္ခိတဖြစ်သူက ဖြစ်ပါတယ်။ သူ့ အမေဆိုရင် ပြန်ပေးဆွဲခံရပြီး သေဆုံးပါတယ်။ ကံကောင်းချင်တော့ သဘောကောင်းတဲ့ လူဖြူ မိသားစုနဲ့ တိုးခဲ့ တာပါ။

Carver တစ်ယောက်ကတော့ ငယ်ငယ်လေးကတည်းက အိမ်ဖော် အဖြစ် လုပ်ကိုင်ရပေမယ့် ခေတ်ပညာ သင်ကြားဖို့ အခွင့်အရေးရခဲ့ ပါတယ်။ ဒါတောင် လူမည်းတွေ ကျောင်းမတက်ရ ခေတ်ဆိုတော့ လူမည်းတက်လို့ ရတဲ့ ကျောင်း အရေအတွက် လက်ချိုးရေလို့ ရတဲ့ ခေတ်မှာ ကျောင်း မရရအောင် တက်ခဲ့ပါတယ်။ တက္ကသိုလ် တက်ရာမှာလည်း လူမည်းဖြစ်တာကြောင့် သူတက်လို့ရမယ့် ကျောင်းမျိုးကို အင်မတန် ရှာလို့ တက်ရပါတယ်။ ဒါတောင် ပညာသင်စဉ် သက်တမ်းတစ်လျှောက် အနိမ်ခံရပါတယ်။ နောက်တော့ Botany ဘာသာရပ်မှာ မာစတာ နဲ့ ပြီးပြီး Tuskegee Institute မှာပဲ ကထိက ပြန်လုပ်ပါတယ်။ နောက်တော့ ယင်း အလုပ်ကနေ ထွက်ပြီး အနှိမ်ခံဘဝမှာ နေနေရတဲ့ လူမည်းတွေကို ကယ်မယ့် ရည်ရွယ်ချက်နဲ့ အမေရိကန်မှာ လူမည်း အများဆုံး နေထိုင်တဲ့ ဒေသကို ရွေးချယ်လို့ နေထိုင် ကူညီခဲ့ပါတယ်။

သူ့ရဲ့ ကူညီမှုမှာ ဆေးဝါး ကုသပေးခြင်း၊ ပညာ သင်ကြားပေးခြင်း၊ အပြင် ဘက်ပေါင်းစုံက ထောက်ပံ့ပေးပြီး အကြီးမားဆုံး ကူညီနိုင်မှု ကတော့ မြေပဲ တစ်မျိုးထဲကနေ စားစရာ အမျိုးပေါင်း ရာကျော် ထုတ်နိုင်တဲ့ နည်းပညာ ဖြစ်ပြီး လူသုံးကုန်တွေပါ ထုတ်နိုင်တဲ့ နည်းပညာပါ တီထွင်နိုင်ခဲ့ ပါတယ်။ ယင်း နည်းပညာများကို ကုမ္ပဏီများထံ ရောင်းချပြီး ရတဲ့ ငွေနဲ့ သူ့လူမည်း ကွန်ရက်မှာ ပြန်လည် လှူဒါန်းလို့ အသက်ရှင်နေထိုင်ပါတယ်။ သူ့ကို ဆေးဝါးနဲ့ သုတေသန ကုမ္ပဏီကြီးများက သူ့ခေတ်သူ့ခါမှာ လူဖြူ ပညာရှင်တွေတေင် မရနိုင်တဲ့ စံချိန်တင် လစာ နဲ့ ခေါ်ဆိုတာ သူမသွားပါဘူး။ အကြောင်းအရင်း ကတော့ ဘဝကောင်းမှာ ပျော်ပါးပြီး သူ့လူမျိုးကို ကူညီဖို့ မေ့သွားမှာ စိုးကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။ တစ်ဘဝလုံး သူ့ လူမျိုးစုနဲ့ အေးအေးချမ်းချမ်း မချမ်းမသာနဲ့ နေထိုင်လို့ ၁၉၄၃ (အသက် ၇၉ နှစ်) မှာ ကွယ်လွန်သွားပါတယ်။ Carver ရဲ့ အကြောင်းဟာ စာရေးသူ ယခု ဖော်ပြထား ထက် အများကြီးကို မြင့်မြတ် ကြီးကျယ်ခမ်းနားပါတယ်။

သင်ခန်းစာ -

သင်ခန်းစာ ယူမယ်ဆိုရင် အများကြီပါ။ တစ်ခုပဲ ယူရအောင်။ George Washington Carver မှာ ထူးထူးခြားခြား မြင်တွေ့ရတဲ့ အချက်တစ်ခု ရှိပါတယ်။ ယင်းအချက်ကပဲ သူ့ကို အောင်မြင်သွားစေတာ ဖြစ်ပါတယ်။ သူ့အောင်မြင်မှုက အမေရိကန် သမ္မတ အပြင် အမေရိက နဲ့ ဥရောပ ကို သတိထားမိစေခဲ့ ပါတယ်။ ယင်း ထူးခြားတဲ့ အချက်က ခန္တီ (သည်းခံခြင်း) ဖြစ်ပါတယ်။ သူ့ဘဝ တစ်လျှောက် စိတ်ရှည် သည်းခံပြီး အရာအားလုံးကို ကျော်ဖြတ်လို့ နေရာ တစ်ခု ရောက်ခဲ့တာပါ။ ဒီတော့ အောင်မြင်လိုသူတွေမှာ အရေးကြီးဆုံး သော့ချက်လို့ ဆိုတဲ့နေရာမှာ (မဆုတ်မနစ် ကြိုးစားချင်စိတ် ခေါ် ဝီရိယ) ဆိုတဲ့ အရာ တစ်ခုတည်းနဲ့ မရတော့ ပါဘူး။ နောက် တစ်ချက် အနေနဲ့ သည်းခံနိုင်ခြင်း ဆိုတဲ့ ခန္တီကလည်း အင်မတန် အရေးကြီးပါတယ်။

ဒီခေတ် လူငယ်တွေ အလုပ် တစ်ခုကနေ တစ်ခု အဆင်မပြေဘူး ပြောင်းကြ တယ် ရွေ့ကြတယ်။ အသက်မွေး ဝမ်းကျောင်း ပညာရပ် တစ်ခုမှာ အဆင်မပြေဘူး ပြောင်းကြတယ် ရွှေ့ကြတယ်။ အစရှိသဖြင့် အမျိုးမျိုး ပြုလုပ်တဲ့ အခါမှာ အမှားအယွင်းတွေ ဖြစ်ကုန်ပါတယ်။ အဓိက ကတော့ သည်းခံနိုင်ခြင်း တရား နည်းနေသေး တာကြောင့်လည်း ပါဝင် ပါတယ်။ အကြောင်းအရာ ကိစ္စ တစ်ခုကို ရင်ဆိုင် ဖြေရှင်းတဲ့ အခါ၊ ဆုံးဖြတ်ချက် ချတဲ့ အခါ သည်းခံနိုင်ဖို့လိုအပ် ပါတယ်။ စိတ်ရှည်ဖို့ လိုအပ် ပါတယ်။ လူမည်းတွေ လူဖြစ်ဖို့ ခက်တဲ့ ခေတ်ကာလ မှာ သာမန်လူတောင် မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ပြသွားတဲ့ George Washington Carver က အများကြီး သက်သေပြသွားပါတယ်။ ဘဝမှာ အောင်မြင် ဖို့ အတွက် စာဖတ်သူတို့ အားလုံး စိတ်ရှည်၊ သည်းခံ၊ ဥာဏ်ရင့်သန် ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရ ပါတယ်။

Carver အကြောင်း အပြည့်အစုံ - http://en.wikipedia.org/wiki/George_Washington_Carver
 

http://www.biography.com/people/george-washington-carver-9240299
 


အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment