Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 17, 2014

ဇနီးကို သတိလစ်အောင် ရိုက်နှက်မှုဖြင့် အမှုရင်ဆိုင်နေသူ ဇနီးသက်သေထွက်စဉ် ဓားဖြင့်ထိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံးတွင် ဇနီးကို သတိလစ်အောင် ရိုက်နှက်မှုဖြင့် အမှုရင်ဆိုင်နေသူ အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီက တရားခွင်တွင် သက်သေထွက်ဆိုနေသည့် ဇနီးဖြစ်သူကို အသင့်ပါလာသည့် ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ အမျိုးသားသည် အသင့်ယူဆောင်လာသည့် အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးရာ အမျိုးသမီး ဖြစ်သူမှာ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ၊ ဝဲလက်ခုံ ပြတ်ရှဒဏ်ရာများ ရရှိသွားကာ ကျောက်ဆည်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိပြီး ဓားဒဏ်ရာမှာ အဆုတ်ကို မထိသော်လည်း အောက်ဆီဂျင်ပေး၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်ဆည် မြို့မရဲတပ်ဖွဲ့စခန်းတွင် အမျိုးသား ဖြစ်သူကို (ပ) ၄၂၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၇ အရ အမှုဖွင့် ဖမ်းဆီး၍ သက်သေခံ ပစ္စည်းများကို သိမ်းဆည်း ထားရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါ အမျိုးသားသည် ဇနီးဖြစ်သူကို သတိမေ့အောင် ရိုက်နှက်ခဲ့သဖြင့် မေလ ၅ ရက်နေ့တွင် ယောက္ခမဖြစ်သူက ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် တရားရုံးတွင် ရာကြီးအမှတ်၊ ၃၅၃၂/၂၀၁၄ ဖြင့် လက်ခံစစ်ဆေးလျက် ရှိစဉ် ယင်းသို့ ဓားထိုးမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့မရဲစခန်းတွင်လည်း သြဂုတ်လ ၃၁ ရက်နေ့က အိမ်ထောင်ကွဲနေသော ဇနီးမောင်နှံနှစ်ဦး တာဝန်ကျ ရဲအရာရှိ အရှေ့တွင် စစ်ဆေးခံနေစဉ် ခင်ပွန်းသည်က အသက် ၁၇ နှစ်အရွယ် ၎င်း၏ဇနီးကို ဓားဖြင့် ထိုးသတ်ခဲ့သည်။
တောင်ငူမြို့နယ် ကေတုမတီမြို့သစ် နတ်သျှောင်နောင်လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ သြဂုတ်လ ၃၁ ရက်နေ့ က ညောင်လေးပင် မြို့နယ်ရှိ ညောင်ကိုင်း တက္ကသိုလ်သို့ လက်တွေ့သင်တန်း တက်ရောက်နေစဉ် ၎င်း၏ခင်ပွန်းက စားသောက်ဆိုင်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် အမျိုးသမီး၏ မိဘများ ရောက်ရှိလာပြီး ရဲစခန်း ခေါ်ဆောင်သွားရာမှ ရဲစခန်းတွင် ယင်းနေ့ ညနေ ၄ နာရီခန့်က အသတ်ခံရကြောင်း သေဆုံးသူ အမျိုးသမီး၏ ဖခင် ဦးဇော်ဝမ်းက ရှင်းပြခဲ့သည်။

The Voice

No comments:

Post a Comment