Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 30, 2014

“ဆေးရုံပေါ်မှာ” (သက္ကမိုးညို)

အမျိုးသမီး လူနာတွေ ချည်းဆိုတော့ ထုံးစံအတိုင်း အတင်းပြောသည့် အုပ်စုလေး ဖြစ်သွားသည်။ ကိုယ့်ဖြစ်ရပ်ကိုယ်လည်း ပွင့်ပွင့်လင်းလင်း ပြောမိကြသည်။ အထူးသဖြင့် ဆရာဝန်များ၊ သူနာပြုဆရာမများကို ပြန်မပြောရဲသည့် အကြောင်းအရာတို့ကို တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်းမိကြသည်။
“အဲဒီ တစ်ယောက်က တော်တော် အပြောကြမ်းတယ်အေ၊ သူစမ်းတုန်းက ငါက ရှက်လို့ ပေါင်ကားမပေးပဲ စုထားတော့ ကလေးနှစ်ယောက်တောင်ရပြီပဲ၊ ရှင်က ရှက်နေသေးတယ်ဆိုပြီး မျက်နှာထားနဲ့ ငေါက်တာ၊ ငါပြန်ပြောချင်လိုက်တာအေ၊ ကလေးနှစ်ယောက်ရတာ ကိုယ့်လင်နဲ့ကိုယ်ရတာပဲအေ၊ မရှက်မကြောက် --ပြရအောင် ငါက ဖာသည်မှ မဟုတ်တာလို့”
တစ်ယောက်က မျက်ရည်ဝဲရင်းပြောသည်။ အားလုံး စာနာစွာ တိတ်ဆိတ်နေကြသည်။ ပြီးမှ တစ်ယောက်က အသံတိုးတိုးဖြင့်….
“ကျန်တဲ့သူတွေက ကောင်းပါတယ်။ အဲဒီ တစ်ယောက်ပဲ။ ကျွန်မတုန်းကလည်း ရှင်တို့ယောက်ျားတွေတုန်းက မနာပဲ ကျွန်မက လက်ညိုးလေး ထည့်တာကို နာပြမနေနဲ့လို့ ပြောတယ်ရှင်”
တကယ်တော့ သူတို့သည် ယနေ့ မနက်ဖြန် ခွဲစိတ်မှု ခံရတော့မည့် လူနာများဖြစ်ကြသည်။ အလုပ်များလွန်းလှသော ဆရာဝန် ဆရာမများ၏ နှစ်သိမ့်မှု အားပေးမှုကို မရသည့်အဆုံး အချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက် ပြောကြားရင်း စာနာနားလည်မှုကို မျှဝေနေကြသူများဖြစ်လေသည်။
+++++
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နှစ်စဉ် ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ စာရင်းအင်း အစီရင်ခံစာကို ကြည့်လျှင် မြန်မာနိုင်ငံ၏ out of pocket payment ခေါ် ပြည်သူအများ ရောဂါဖြစ်ပွားချိန်တွင် မိမိရောဂါအတွက် ကုန်ကျစရိတ်ကို မိမိ စိုက်ထုတ် သုံးစွဲကျခံရမှုသည် ရှစ်ဆယ် ရာခိုင်နှုန်း၏ အထက်တွင် အမြဲရှိနေခဲ့သည်။ အခြားတိုင်းပြည်များတွင် ထိုမျှလောက်မရှိ။
ဆိုလိုသည်မှာ တိုင်းပြည်တိုင်းလိုလို လူတစ်ဦး ရောဂါဘယဖြစ်လာလျှင် ထိုမိသားစုအား ရောဂါ၏ ဖိစီးနှိပ်စက်မှုနှင့် ငွေကြေးအကြပ်အတည်း၏ ဖိစီးနှိပ်စက်မှု နှစ်မျိုး အဖြစ်မခံ။ ရောဂါအတွက် အမှန်တကယ် ကုန်ကျငွေ အားလုံးအား ထိုမိသားစု ပေးချေကုန်ကျရန် မလို။ ကျန်းမာရေး အာမခံစနစ်၊ လူမှုဖူလုံစနစ် အစရှိသော လုံခြုံရေး ပိုက်ကွန်တစ်ခုခုဖြင့် “ကာ” ပေးထားလေ့ရှိသည်။
သိုသော် မြန်မာနိုင်ငံအတိတ်ဝယ် (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်နောက်ပိုင်းဝယ်) ကိုယ်ဖြစ် ကိုယ်ခံသာ။ မရှိလျှင် မကုရုံဟု မပြောသော်လည်း ပြောဘိသကဲ့သို့။
+++++
အစိုးရသစ်ပြောင်းလာပြီး နောက်ပိုင်းဝယ် ကျန်းမာရေး အသုံးစရိတ်များတိုးမြှင့်ပေးခဲ့သည်။ ပြည်သူအများအတွက် အဆင်ပြေလာစေရန် အားထုတ်သည်ဟု ပြော၍ ရနိုင်ပါသည်။
အစိုးရဆေးရုံတစ်ခုသို့ ၀င်လိုက်လျှင် ယခင်တွေ့နေကြ “ဤဆေးရုံသည် မတတ်နိုင်သူတို့အတွက် အခမဲ့ကုသပေးပြီး တတ်နိုင်သူတို့အတွက် စရိတ်မျှပေး စနစ်ကို ကျင့်သုံးပါသည်” ဟူသော စာတမ်းကို မတွေ့မြင်ရတော့။
ထိုစာတမ်းအစား ဤဆေးရုံမှ ကုသပေးသော ကုသစရိတ်များ၊ ၀န်ဆောင်မှုများအတွက် အခကြေးငွေပေးရန်မလိုပါ ဟု သဘောရသော စာတမ်းတွေ့ရပါလိမ့်မည်။ အကြံပြုစာထည့်ရန် စာတိုက်ပုံးတစ်ခုလည်း တွေ့ကောင်းတွေ့ရနိုင်ပါသည်။ သို့သော်…..
+++++
သန့်ရှင်းရေး၊ လုံခြုံရေး စသည့် အောက်ခြေ၀န်ထမ်းတစ်ယောက်သည် တစ်နေ့လျှင် ပျမ်းမျှနေ့တွက်စရိတ် သုံးထောင်နီးပါး ရနိုင်ပါသည်။ သို့သော် မိသားစုစားအိုးကြီးသော ၀န်ထမ်းများအတွက် သုံးထောင်ဟူသော ငွေသည် ဆင့်ပါးစပ် နှမ်းပက်သလိုသာ။
ဆေးရုံဝယ် လူနာအချင်းချင်း ပြန်လည်သင်ကြားရသည်။ သန့်ရှင်းရေး လုပ်သူကို တစ်နေ့ တစ်ထောင်ခန့်ပေးပါ။ ခွဲခန်းထဲ ၀င်တော့မည်ဆိုလျှင် စာအိတ်ထဲတွင် ငွေတစ်သောင်းထည့်ထား၍ လူနာစောင်ထဲ ထည့်ထားပေးပါ။ စာအိတ်ဆိုပြီး လျော့မထည့်ပါနှင့်။ သူတို့က ဖွင့်ကြည့်ပြီး မပြည့်ရင် ပြောတယ်။ ၀မ်းချူပေးတဲ့သူက တစ်ထောင့်ငါးရာ။ လူနာကို တွန်းလှည်းပေါ်ရွေ့ပေးတဲ့ သူနှစ်ယောက်က နှစ်ထောင်စီ။
မပေးလျှင်ရပါသည်၊ တိုင်လျှင် ရပါသည်။ မည်သူမှ မတိုင်။ မည်သူမှ အညိုငြင်မခံ။ သူတပါး၏ စီးပွားရေးကို မည်သူမှ တုတ်နှင့် မထိုးချင်။ ကိုယ်“တိုင်” လိုက်လျှင် သူတပါး အလုပ်ပြုသည်အထိ ဖြစ်သွားမည်ကို မလိုချင်ကြ။
“စေတနာနဲ့ မုန့်ဖိုးပေးတာက ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဘယ်၍ဘယ်မျှဆိုပြီး ကြေးသတ်မှတ်ထားတာကတော့ မဖြစ်သင့်ဘူး”….။ လက်ထောက်ဆေးရုံအုပ် တစ်ယောက်၏ မှတ်ချက်။ ဆေးရုံအုပ်ကြီးကို အသိပေးသင့်သည်ဟုလည်း အကြံပေးသည်။ ကြောင်ကို မည်သူ ချူဆွဲပေးမည်နည်း။
+++++
သည်ကြားထဲ ဆက်ဆံရေး မပြေပြစ်သည့် ဆရာဝန်ဆရာမများသည်လည်း တမှောင့်ဖြစ်သည်။
လူနာဆိုသည်မှာ လူများဖြစ်သည်။ မည်သူက စေတနာဖြင့် ဆူသည်၊ မည်သူက ဘလိုင်းဆူသည်ကို ခွဲသိသည်။ ထို့အပြင် အချို့ဆရာဝန်များ ဆင်ခြေပေးသလို workload များလွန်းသည့် အတွက်ကြောင့် စိတ်မရှည်နိုင်ဖြစ်ရပါသည် ဆိုသည်မှာ တစ်ဝက်သာမှန်သည်။ ဤ ward ထဲ ဤပတ်ဝန်းကျင်၊ ဤပါမောက္ခ၏ အုပ်ချုပ်မှု အတူတူအောက်ဝယ် တစ်ဦးထဲ ထူး၍ အသံထွက်လာလျှင် မူကြောင့်ထက် လူကြောင့် ဖြစ်ရန်များနေလေသည်။
သို့သော် ဤလူသည် ဆရာဝန် ဆရာမဖြစ်သည်။ သူဆိုးသည်ဟု အသံထွက်ရန်ထက် (တဒင်္ဂရောက်လာသူ လူနာ၊လူနာရှင်တို့ အနေဖြင့်) ဆရာဝန် ဆရာမများ အပေါက်ဆိုးသည်ဟု ပြန်ပြောရန်သာ များလေသည်။
+++++
အထူးကုဆရာဝန်ကြီးများအတွက် ကန်တော့ရန်မလို။ သူတို့သည် ပြင်ပဆေးခန်းများတွင် ၀င်ငွေကောင်းကြသည်။
အနီဝတ်၊အပြာဝတ် ဆရာမများ၊ ဆရာဝန်ပေါက်စ အေအက်စ်များအတွက်ရော။ မေးရန်ရှိသည်။
လက်ထောက်ဆရာဝန် အေအက်စ်တစ်ဦး၏ လစာသည် တစ်သိန်းရှစ်သောင်းခန့်ရှိသည်။ ပြင်ပ ကုမ္ပဏီတစ်ခုတွင် ယဉ်မောင်းလာစာသည် လေးသိန်းခန့်ရှိသည်။ ပညာကို ငွေနှင့် မတိုင်းတာလိုသော်လည်း လူတန်းစေ့ရန်အတွက်မူ သူ…. ဆေးခန်းတစ်ခုခုဝယ် ထိုင်ရပေမည်။
အချို့ ဆေးရုံအုပ်များက စီစဉ်ပေးတတ်သည်။ အက်မင်ပိုင်းဝယ် ကျွမ်းကျင်ဖို့ လိုသည်။
+++++
ဆေးရုံ ward တိုင်းဝယ် PR ခေါ် အခပေး အခန်း pay room များရှိသည်။ ပီအာ ဆယ်ခန်းရှိလျှင် မည်သူမှ ဆယ်ခန်းလုံး အစိုးရဆီသို့ အ၀င်မပြ။ ခြောက်ခန်းခန့်သာ ပြ၍ ကျန်သည့်အခန်းများကို အလွတ်ထားသည်။ ထိုအခန်းများဆီမှ ငွေသည် လှုပ်သာရှားသာဖြစ်စေရန်ဖြစ်သည်။ ၀င်ငွေလုံးလုံးမရှိသော နေရာမှ ၀န်ထမ်းများအတွက် ခုသာခံသာစေရန်ဖြစ်သည်။
အစိုးရမှ စီစဉ်မပေးသည့်အခါ ကိုယ့်ဘာသာကိုယ် စီစဉ်ရသော ကိစ္စများ အလိုအလျောက် ရှိလာတော့သည်။ ထို့အတူ မသမာမှုများ ရှိမလာပါဟု မငြင်းနိုင်ပါ။ လူများဖြစ်သည်။ အူမတောင့်မှ သီလစောင့်နိုင်ကြမည်။
မူဝါဒပြဿနာကြောင့် စီမံခန့်ခွဲရေးသမားများ အခက်ကြုံရသည်။
+++++
ဆေးရုံတိုင်း ထိုကဲ့သို့ဟု မဆိုလိုပါ။
အရှိကို အရှိအတိုင်း ဖြစ်စေရန် အားထုတ်ပါသည်။ မှားကောင်းမှားမည်။ အချို့ ဆရာဝန်များ ဒေါသထွက်ကောင်းထွက်မည်။ မတတ်နိုင်ပါ။
ဆေးရုံကို ဆရာဝန် တစ်ဦးအနေဖြင့် သွား၍ ငါတို့တော့ ဘာမှ အမှားမတွေ့ပေါင်ဟု လုပ်နေ၍ မရ။ လူနာအဖြစ်၊ လူနာရှင်အဖြစ် ရောက်ကြည့်ပါ။
အမြင်များ ပြောင်းလဲသွားနိုင်ပါသည်။
သက္က မိုးညို

No comments:

Post a Comment