ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ယခင်မဆလခေတ် လူကြီး၏ သားသမီးများသာ
ရာထူးကြီးများ ရယူထားကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက Tomorrowသို့
ပြောကြားခဲ့သည်။
ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်သည် မဆလခေတ် ရဲချုပ်နှင့် လွှတ်တော်
ကိုယ်စားလှယ် ဦးရွှေသန်း၏သား ဖြစ်သည်။ စွမ်းအင်ဝန်ကြီးနှင့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးဇေယျာအောင်မှာ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ်က ဒေသပါတီ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်း၏သား ဖြစ်သည်။
နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် မဆလ လက်ထက် ၀န်ကြီး
ဗိုလ်မှူးကြီး မောင်လွင်၏ သားဖြစ်သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဦးဝင်းရှိန်သည် မဆလ ဗဟိုကော်မတီဝင် ဦးစံရှိန်၏သား ဖြစ်သည်။
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်သည် မဆလ ကာကွယ်ရေး
ဝန်ကြီး ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏သား ဖြစ်သည်။ ယဉ်ကျေးမှု ဒုတိယ၀န်ကြီး
ဒေါ်စန္ဒာခင်သည် မဆလခေတ် သမ၀ါယမ ဒုတိယ၀န်ကြီး ဒေါက်တာချစ်၏ သမီးဖြစ်သည်။
နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်မှာ မကွေးတိုင်း
ပြည်သူ့ ကောင်စီဝင် ဦးကြည်၏သား ဖြစ်သည်။ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး
ဦးဇင်ယော်မှာ မဆလ ဗဟိုကော်မတီဝင် ယဉ်ကျေးမှုဝန်ကြီး ဦးအေးမောင်၏
သားဖြစ်သည်။ ဒုဝန်ကြီးဟောင်းနှင့် လက်ရှိဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ သီလ၀ါ
အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဦးဝင်စတန်ဆက်အောင်မှာ ဦးနေ၀င်း၏ အကြောင်းကံပေး
န၀တ လက်ထက်တွင် ဒုတိယ၀န်ကြီးဖြစ်သူ ဗိုလ်မှူးကြီး ဆက်အောင်၏ သားဖြစ်သည်။
နိုင်ငံခြားရေး ဒုတိယ ၀န်ကြီးဟောင်းနှင့် လက်ရှိ နိုင်ငံတော် ရာထူးဝန်
ဦးကျော်သူသည် မဆလခေတ် သမ္မတ ဒေါက်တာမောင်မောင်၏ သားဖြစ်သည်။
ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးသည် မဆလခေတ် ကယားပြည်နယ်
ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဒင်၏ သားဖြစ်သည်။ မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်း နောင်မှာ မဆလခေတ် ပြည်ထဲရေး
ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဝင်း၏ သားဖြစ်သည်။
မြိတ်လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်ကျော်မှာ
မဆလခေတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ သားဖြစ်သည်။ ရေတပ်မှ
ဗိုလ်မှူးချုပ် မိုးအောင်သည် ယခင် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း၏
သားဖြစ်သည်။ စစ်သံမှူး ဗိုလ်မှူးချုပ် ဆန်းဦးလှိုင်မှာ မဆလ ဗဟိုကော်မတီ
အတွင်းရေးမှူး ဦးသန်းလှိုင်၏ သားဖြစ်သည်။ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှူး
ဗိုလ်မှူးချုပ် သိန်းနိုင်မှာ မဆလ ဗဟိုကော်မတီဝင် ဖြစ်ခဲ့သူ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက် ဖြစ်သည်။
ထို့ကြောင့် မဆလခေတ် ဗဟို ကော်မတီဝင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏
သားသမီးထဲမှ ယခုဒီမိုကရေစီ အစိုးရ လက်ထက်တွင် ၀န်ကြီးအဆင့်တွင် လေးဦး၊
ဒုတိယ၀န်ကြီး အဆင့်တွင် လေးဦး၊ အစိုးရအဖွဲ့အစည်း အကြီးအကဲ နှစ်ဦး၊
ပြည်နယ်ဝန်ကြီးချုပ် တစ်ဦး၊ စစ်တိုင်းမှူး တစ်ဦးနှင့် ဗိုလ်မှူးချုပ်
လေးဦး တာဝန်ထမ်းဆောင်နေကြောင်း၊ ထူးခြားသည်မှာ နိုင်ငံတော်၏ ဘဏ္ဍာရေး၊
စီးပွားရေးအတွက် အဓိကကျသော ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး၊ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ သီလ၀ါ
အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ရာထူးများကို အဆိုပါ မိသားစုဝင်များက ရယူထားခြင်း
ဖြစ်ကြောင်း အဆိုပါ လေ့လာသူက ပြောပြသွားခဲ့သည်။ ယခု ဦးသိန်းစိန် အစိုးရ
လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ (၂၀၁၄ ခုနှစ် သြဂုတ်လ အထိ)တွင် သမ္မတရုံး
အပါအ၀င် ၀န်ကြီးဌာန ၃၁ခုအတွက် ၀န်ကြီး ၃၆ဦး (သမ္မတရုံးတွင် ၅ဦး)၊
ဒုတိယ၀န်ကြီး ၅၈ဦး ရှိသည်။ ထိုအထဲတွင် အမျိုးသမီးဝန်ကြီး ၂ ဦးနှင့်
အမျိုးသမီး ဒုတိယ၀န်ကြီး ၆ ဦးပါရှိသည်။
http://tomorrow.com.mm/?q=articles%2F878
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 30, 2014
ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား
ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 30, 2014
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7aQJ0mODgdPpo4r7YjUvNkMlniK0gN1j-60nX7gqIeEvplIy-wAN5WdM4iOeisDI_eVP4YfspyAmXxQ9zuVG6Y6Tbex0uAuVePEA9Z_UKiRj5p_YZSWFCEYOGfe_zYuk90PS5ZSucJqQ/s72-c/174.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment