Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 26, 2014

"ပြောရေးရှိလို့ ပြောဦးမယ်"

ဒီအစ်မနာမည်က ဒေါ်စပယ်အောင်။ သူ facebook နာမည်ကလဲ Sabei Aung ပဲ။
သူက မနက်ကကျနော်တို့ရုံးကိုဖုန်းဆက်ပါတယ်။ သူ့ကိုယ်သူ Nature Dream Travel က စံပယ်အောင်ပါလို့ မိတ်ဆက်ပြီး အခုပြောနေတာ ကိုမင်းကိုနိုင်လားတဲ့။ ကျနော်ကမဟုတ်ရပါဘူးဆိုတော့ သူကမေးတယ် ဘယ်သူလဲပေါ့။ ကျနော်ကလဲ ကျနော်ဘယ်သူဘယ်ဝါ၊ ၈၈ မှာဘာတာဝန်တွေယူထားပါတယ်လို့ ပြန်ဖြေပြီး ဘာကိစ္စရှိလို့ပါလဲ ခင်ဗျာ ပေါ့။ ဒီတော့သူက ကျမရဲ့ facebook မှာကိုမင်းကိုနိုင်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ရေခဲပုန်းလောင်းဖို့ စိန်ခေါ်ထားပါတယ်တဲ့၊ အဲဒါစိန်ခေါ်မှုကိုလက်ခံရင်ဘယ်လောက် ငြင်းပယ်မယ်ဆိုရင်ဘယ်လောက်ဆိုပြီးပြောပါလေရော…နောက် တခြားတစ်ယောက်ကိုလဲ တပြိုင်နက်စိန်ခေါ်ထားတဲ့အကြောင်းလဲပြောသေးတယ်။ နေပါဦး အစ်မကဘာအတွက်စိန်ခေါ်တာလဲဆိုတော့ စစ်ဘေးဒုက္ခသည်တွေအတွက်ပါတဲ့။ အဲဒါသူ့ကိုအကြောင်းပြန်ပါပေါ့။ ကျနော့်အနေနဲ့ သူ့ဘာသာသူ သူ့ facebook မှာရေးချင်ရာရေးထားတဲ့ကိစ္စအတွက်ကိုမင်းကိုနိုင်ကိုပြောစရာအကြောင်းမရှိပါ။
ခုရက်ပိုင်း facebook မှာ ဝန်ကြီးတစ်ယောက် ရေခဲပုန်းလောင်းစိန်ခေါ်တာနဲ့ပါတ်သက်တဲ့သတင်းတချို့ တွေ့သားပဲ၊ ကျနော်ဒီသတင်းမျိုးစိတ်မဝင်စားပါ။
ကျနော်စိတ်မဝင်စားတာက ဘယ်ကရောက်လာတဲ့ ယဉ်ကျေးမှုမှန်းမသိ စတန့်ထွင်ပြီးခိုးချဖို့ကြိုးစားနေသူတွေ နဲ့ အဲဒီရေခဲလောင်းစိန်ခေါ်တယ်ဆိုတဲ့ယဉ်ကျေးမှုကိုပါ။
ကျနော်တို့ စစ်ဘေးဒုက္ခသည်တွေအပေါ်စိတ်ဝင်စားခဲ့ပါတယ်။ ၂၀၁၂ ဇန်နဝါရီလ ထောင်ကစလွတ်ကတည်းက ယနေ့အထိ စစ်ဘေးဒုက္ခသည်တွေကို ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့ကိုယ်ပိုင်ငွေကြေးရော အများတကာလှူဒါန်းမှုကိုတဆင့်ပြန်လှူပေးတာအပါအဝင်ဆိုရင် ငွေသားနှင်းပစ္စည်းများရဲ့ စုစုပေါင်းက သိန်းတစ်ထောင်ကျော်လှူဒါန်းခဲ့ပြီးပါပြီ။ ကချင်စစ်ဘေးဒုက္ခသည်စခန်းတွေကိုဆိုရင်စစ်ဖြစ်နေတဲ့ကြားထဲကကိုရောက်အောင်သွားခဲ့ပါတယ်။ ဒီလိုသွားတဲ့အခါတုန်းက ကိုယ့်နိုင်ငံထဲကသွားလို့မရလို့ တရုတ်ပြည်ဘက်ကတောင်ပါတ်သွားခဲ့ရဘူးပါတယ်။ (နောက်ပြီး ကျနော်တို့ နားလည်လက်ခံထားတာက စစ်ဘေးဒုက္ခသည်ဆိုတာ စစ်ရဲ့အကျိုးဆက်ပါ။ ဒါကြောင့် ၈၈ အနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလဲ ပါဝင်ပါတ်သက်နေပါတယ်- စကားချပ်)။ စစ်ဘေးဒုက္ခသည်တွေနဲ့ပါတ်သက်ပြီး ကျနော်တို့လုပ်နိုင်ခဲ့တာတွေကို ကိုယ့်ဂုဏ်ကိုယ်ဖေါ်ပြီးရေးနေတာမဟုတ်ပါ။ ကျနော်တို့ထက်အပင်ပန်းအဆင်းရဲခံပြီး လုပ်နေတဲ့ အဖြူရောင်တွဲလက်များတို့ ပန်းရဲ့လမ်းတို့ စသဖြင့်အဖွဲ့ ကြီးကြီးငယ်ငယ်တွေရှိပါတယ်။
ကိုယ်နိုင်သလောက်ကိုယ်လုပ်ခဲ့ကြပါတယ်။ ကျနော်တို့တစ်ယောက်လုပ်နိုင်တာ တစ်ယောက်အသိအမှတ်ပြု့ခဲ့ကြပါတယ်။တစ်ဖွဲ့ကိုတစ်ဖွဲ့ ခလုပ်မတိုက်ခဲ့ကြသလို ခုတုန်းလဲမလုပ်ခဲ့ကြဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေမရှိသလို စတန့်လဲထွင်မပြခဲ့ပါဘူး။
ညနေကျတော့ ဒေါ်စပယ်အောင်က သူ့ facebook မှာ ကိုမင်းကိုနိုင်က ရေခဲပုံးလောင်းစိန်ခေါ်မှုကို ငြင်းပယ်လိုက်ကြောင်းနဲ့ အခြားနိုင်ငံတွေမှာဆိုရင် လက်ခံရင်လဲပိုက်ဆံပေးတယ် ငြင်းခဲ့ရင်လဲပိုက်ဆံပေးတဲ့အကြောင်းရေးထားပါတယ်။ ဒီအရေးအသားတွေက ကိုမင်းကိုနိုင်ကပဲစစ်ဘေးဒုက္ခသည်တွေကိုစိတ်မဝင်စားသယောင်ယောင်……။ထားတော့။
ဒေါ်စပယ်အောင်ကိုသိစေချင်တာက ကိုမင်းကိုနိုင်ငြင်းတယ်မငြင်းဘူး ဆိုရအောင်သူသိတောင်မသိခဲ့ပါ။
ဒေါ်စပယ်အောင်ကို မေးချင်တာတွေရှိပါတယ်၊ တကယ်မသိလို့ပါ။ ဒေါ်စပယ်အောင် စစ်ဘေးဒုက္ခသည်တွေအတွက် ဘယ်လောက်လှူဒါန်းပြီးပြီလဲ။ ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ကိုယ်တိုင်ကိုယ်ကျရောရောက်ခဲ့ပြီးပြီလား။ ဒါတွေတစ်ခုမှမလုပ်ရသေးလဲ ကျနော့်အနေနဲ့ စိုးစဉ်းမျှအပြစ်တင်စရာမရှိပါ။ လူဆိုတာကိုယ်အထွာနဲ့ကိုယ်၊ ကိုယ်ကိစ္စနဲ့ကိုယ်ဆိုတာနားလည်ပါတယ်။
ဒါမှမဟုတ်လဲ အရင်ကျမတော့ဖြင့် ဒီစစ်ဘေးဒုက္ခသည်တွေအတွက်ဘာမှမလုပ်ခဲ့ဖူးပါဘူး။ အခုမှစလုပ်မယ်ဆိုရင်လဲကြိုဆိုပါတယ်။ ဒါပေမယ့် လုပ်ပုံလုပ်နည်းလေးတော့ဖြင့်အကြံပေးပါရစေ။ ကိုယ်လုပ်ချင်တာတစ်ခုမှာ မလုပ်ခင်ပါဝင်မယ့်သူတွေ နားလည်ဖို့ ကြေလည်ဖို့ သဘောတူဖို့လိုအပ်ပါတယ်။ ဒေါ်စပယ်အောင်ရဲ့ facebook မှာကိုမင်းကိုနိုင်နဲ့ပါတ်သက်ပြီး ဒီရေခဲပုန်းလောင်းစိန်ခေါ်မှု အကြောင်းတက်မရေးခင် ကိုမင်းကိုနိုင်ကို ဒေါ်စပယ်အောင်ဘယ်သို့ဘယ်ပုံလုပ်ချင်တဲ့အကြောင်းကို အရင်ဆုံးသူနဲ့တိုင်ပင်ဆွေးနွေးသင့်တာပေါ့။ သူလက်ခံရင်လုပ်ပေါ့ လက်မခံတော့လဲ မလုပ်ရုံပေါ့။ အခုတော့ ကိုယ်ဘာသာကိုယ်စိန်ခေါ်တဲ့အကြောင်းတက်ရေး ကိုယ့်ဘာသာကိုယ်အချိန်ရော ငွေကြေးရောသတ်မှတ် ကိုယ်ဘာသာကိုယ် ကိုမင်းကိုနိုင်ကငြင်းလိုက်တဲ့အကြောင်း ထပ်ရေး……ရှုပ်နေတာပဲ။
ကိုယ့်ဘာသာရှုပ်နေတာအကြောင်းမဟုတ်ပေမယ့် သူ့ဘာသာသူနေတဲ့တစ်ယောက်ကိုခလုတ်တိုက်ပြီးရှုပ်နေတာကတော့ အာရုံနောက်စရာပဲ။ နောက်ပြီးတိုင်းတစ်ပါးကတင်သွင်းလာတဲ့ ရေခဲပုန်းလောင်စိန်ခေါ်မှုဆိုတဲ့ယဉ်ကျေးမှုအသစ်ကို အဆိပ်အတောက်မဟုတ်ဘူးဆိုရင်ပြောစရာမရှိပါဘူး။ ဒါပေမယ့် လူထုတရပ်လုံးနဲ့ယှဉ်ရင်လက်တစ်ဆုပ်စာတောင်မရှိတဲ့ facebook သုံးတဲ့သူတွေကြားမှာတောင် မသိတဲ့လူတွေအများကြီးပါ။ ယဉ်ကျေးမှုတစ်ခုဟာ လူအများစုကြီးနားလည်သဘောပေါက်လက်ခံမှ အဲဒါကိုကျင့်သုံးတဲ့အခါ ကျေနပ်စရာကောင်းမှာပါ၊ ပျော်စရာကောင်းမှာပါ။ ဒီနေ့ ဒီယဉ်ကျေးမှုကို လူအများစုကြီးသဘောပေါက်နားမလည်သေးခင်မှာ ဘယ်လိုခေါင်းဆောင်မှပေါတောတော ကြောင်တောင်တောင်အဖြစ်ခံပြီးလိုက်မလုပ်ဘူးဆိုတာကို ဒေါ်စပယ်အောင်သတိချပ်စေချင်ပါကြောင်းကို အကြံညဏ်ပေးလိုက်ရပါကြောင်း………။
ပဏ္ဍိတ်ထွန်း
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)
Aug. 26, 2014

No comments:

Post a Comment