လေသေနတ်များကို နီးစပ်ရာ ရဲစခန်းများသို့ အမြန်ဆုံး အပ်နှံရမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားရာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး အငြိမ်းစားတစ်ဦးက တရုတ်နိုင်ငံလုပ် လေသေနတ် လေးလက်နှင့် လေကျည်ဆန်များ သြဂုတ်လ ၁၄ ရက်နေ့တွင် လာရောက်အပ်နှံခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ အငြိမ်းစား မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးတွင် တာဝန်ထမ်းဆောင်စဉ် တပည့်ဖြစ်သူ နှစ်ဦးက လက်ဆောင်ပေးခဲ့သဖြင့် ရယူထားခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အလင်းသတင်းစာတွင် လက်ဝယ်ရှိသူများ အနေနှင့် နီးစပ်ရာ ရဲစခန်းများသို့ အပ်နှံရန်၊ အပ်နှံခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ကြေညာထားသဖြင့် ၎င်း၏လက်ဝယ်တွင် ရှိသော လေသေနတ် လေးလက်နှင့် လေသေနတ် ကျည်ဆန်များကို လာရောက်အပ်နှံရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ဘယ်နေ့မှာ နောက်ဆုံးထားပြီး အပ်နှံရမယ် ဆိုတာတော့ တရားဝင် အကြောင်းကြားလာခြင်း မရှိဘူး။ မှုခင်းတစ်ခုခုဖြစ်လို့ တွေ့ရှိတယ် ဆိုရင်တော့ တည်ဆဲဥပဒေနဲ့ အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။
လာရောက်အပ်နှံသည့် သေနတ်အမျိုးအစားများမှာ တရုတ်နိုင်ငံလုပ် လေသေနတ်များ ဖြစ်ပြီး သစ်သားကိုယ်ထည် အရှည်သုံးပေ၊ သုံးလက်မ ဝန်းကျင်ခန့်ရှိ လေသေနတ်များ၊ လေသေနတ် ကျည်ဘူး ၁၀ ဘူး ပါဝင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
“တာဝန်ထမ်းဆောင်စဉ် ကာလတုန်းက ကိုင်ဆောင်တာက လုံခြုံရေးအရ ကိုင်ဆောင်တာာ။ အငြိမ်းစားယူပြီးတဲ့ နောက်ပိုင်းကျရင်တော့ ပြန်အပ်သင့်တယ်။ ဆွေမျိုးသားချင်း တစ်ဦးဦးက မသိအောင် ကိုင်ဆောင်တာတွေ ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု အငြိမ်းစားရဲမှူးတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် လေသေနတ် ၁၁၄ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ယင်းလက်နက်များသည် ကျည်အစစ်များဖြင့် ပစ်ခတ်ရသော ပကတိသေနတ်များနှင့် လုံးဝခွဲမရအောင် တူညီသော လက်နက်များဖြစ်၍ အယောင်ဆောင်၍ ပြစ်မှုကျူးလွန်နိုင်ကာ အန္တရာယ်ရှိနေကြောင်း၊ သံဘောစေ့ဖြင့် ထည့်သွင်းပစ်ခတ်ရသော လက်နက်များသည် အနီးကပ် ပစ်ခတ်ပါက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း၊ လေသေနတ်များ လက်ဝယ်ထားရှိသူများ အနေနှင့် နီးစပ်ရာ ရဲစခန်းများသို့ အမြန်ဆုံး အပ်နှံကြရန်နှင့် အပ်နှံခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/2018-mnl#sthash.15lOp4x9.dpuf
No comments:
Post a Comment