Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 21, 2014

ပြည်တွင်းဘဏ်များ အွန်လိုင်းငွေပေးချေမှုစနစ် စတင်

 
Written by  စ, ချိုကို

ပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် Internet Banking စနစ်ကို အသုံးပြု၍ အွန်လိုင်းငွေပေးချေမှုများကို စတင် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်ဟု ပြည်တွင်းဘဏ်အချို့က မဇ္ဈိမကို ပြောသည်။
ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အနေဖြင့် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ၀န်ဆောင်မှုပေးရန် ဗဟိုဘဏ် ခွင့်ပြုချက်ရထားပြီးဖြစ်ကာ မေလအတွင်းက စတင်လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘဏ်၏ ဒု-အထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက ပြောသည်။
ဦးသက်ကိုကိုမျိုးက “လက်ရှိမှာတော့ နိုင်ငံတကာက ငွေပေးချေမှုကတ်တွေနဲ့ပဲ အွန်လိုင်းငွေပေးချေမှုကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာပါ။ ကျွန်တော်တို့ ဘဏ်တွေအနေနဲ့ ချိတ်ဆက်ထားတဲ့ အရောင်းဆိုင်တွေ၊ ဟိုတယ်တွေ၊ လေယာဉ်လက်မှတ်ဝယ်ယူတဲ့ နေရာမျိုးတွေမှာ ပေးချေနိုင်မှာပါ။ အရောင်းဆိုင်နဲ့ ဈေးဝယ်သူကြားမှာ ငွေပေးချေပေးတဲ့ အွန်လိုင်း Payment Gateway ပုံစံမျိုးသွားတာပါ” ဟု ဆိုသည်။
Internet Banking စနစ်သည် ဘဏ်လုပ်ငန်းအားလုံးကို အင်တာနက် ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ပြီး အွန်လိုင်းငွေပေးချေမှု လုပ်ငန်းများနှင့်ပါ ချိတ်ဆက်ထားခြင်း ဖြစ်သည်။
အဆိုပါ Internet Banking စနစ်ကို မကြာမီဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေပြီဟု ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် စီဘီဘဏ်၏ ဒု-အထွေအထွေ မန်နေဂျာ ဦးဇေယျာအောင်က ပြောသည်။
ဦးဇေယျာအောင်က “Internet Banking ၀န်ဆောင်မှုပေးနိုင်ဖို့ လုပ်နေပါတယ်။ ဒီစနစ်မှာ ကျွန်တော်တို့ ဘဏ်စနစ်တွေအားလုံးကို အွန်လိုင်းပေါ်ကနေ အလွယ်တကူ ဆောင်ရွက်နိုင်လိမ့်မယ်။ အကောင့်ပိုင်ရှင်တွေကလည်း ငွေလွှဲတာ၊ ငွေစာရင်းစစ်တာကအစ အွန်လိုင်းမှာ ၀င်ရောက်ကြည့်ရှု စစ်ဆေးနိုင်လိမ့်မယ်” ဟု ပြောသည်။
Internet Banking စနစ်ကို အသုံးပြုရာတွင် ဘဏ်အနေဖြင့် Internet Banking ၀က်ဘ်ဆိုဒ်ကို လွှင့်တင်ထားရမည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အကောင့်နာမည်၊ လျှို့ဝှက်နံပါတ်များဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
အဆိုပါ ၀န်ဆောင်မှုဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အပြင် ကုန်ရောင်းကုန်ဝယ် အခွန်များ၊ မီတာခ၊ ဖုန်းဘီလ် ဖြည့်သွင်းခြင်း စသည့်လုပ်ငန်းများကိုလည်း အွန်လိုင်းမှ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ဦးဇေယျာအောင်က“အခွန်အခပေးတာမျိုးတွေကို အွန်လိုင်းအကောင့်ကနေ တစ်ဆင့် ပေးချေလို့ရသလို ဈေးဝယ်စင်တာတွေ၊ ကုန်ရောင်းကုန်ဝယ်တွေမှာ ငွေပေးချေမှုမျိုးကိုလည်း ဆောင်ရွက်လို့ရမှာပါ။ အခုလည်း စီဘီဘဏ်ရဲ့ ငွေပေးချေမှုကို အသုံးပြုနိုင်မယ့် ဆိုင်တွေ၊ နေရာတွေကို ချိတ်ဆက်မှုတွေ လုပ်နေပါ တယ်” ဟု ပြောသည်။
ထို့ပြင် ကျေးလက်ဒေသအထိ ငွေပို့ ငွေလွှဲခြင်းများပြုလုပ်နိုင်မည့် Mobile Banking စနစ်ကို စတင်သုံးဆွဲမှုများ ပြုလုပ်နေပြီဖြစ်သည်ဟုလည်း စီဘီဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက ပြောသည်။
Intenet Banking သည် ၀က်ဘ်ပေါ်တယ်မှတစ်ဆင့် ဘဏ်လုပ်ငန်းများ၊ ဈေးရောင်းဈေးဝယ်ခြင်းနှင့် ငွေပေးချေမှုများအတွက် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သည့်Mobile Banking စနစ်သည် ကျေးလက်ဒေသအထိ အေးဂျင့်များမှတစ်ဆင့် ငွေထုတ်၊ ငွေလွှဲခြင်းများအထိ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

No comments:

Post a Comment