Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 21, 2014

ဒေါက်တာသန်းငြိမ်းကွယ်လွန်

NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းကင်ဆာဖြင့် ကွယ်လွန် 
Thursday, May 22, 2014

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို စတင်တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း NDF ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ဦးတိုးတိုးက ပြောကြားသည်။

ဒေါက်တာသန်းငြိမ်းသည် အသည်းကင်ဆာ ကုသရန်အတွက် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ကွယ်လွန်ခြင်း ဖြစ်ပြီး မေလ ၂၃ ရက်နေ့ ရေဝေးသုဿန်တွင် သဂြိုဟ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ ပါတီအတွက်တော့ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ” ဟု ၎င်းကဆိုသည်။

ဒေါက်တာသန်းငြိမ်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ချိန်တွင် ခွဲထွက်ကာ NDF ပါတီကို တည်ထောင်၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ 

NLD ပါတီမှ ခွဲထွက်သွားသော်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီး နေသောကြောင့် ဝမ်းနည်းမိပါကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“သူ့ကို နိုင်ငံရေးအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီး ဆေးရုံတက်နေစဉ်မှာ သွားမေးမြန်းခဲ့ပါတယ်။ နောက်ဆုံးခရီးကိုလည်း NLD ပါတီက လိုက်ပို့မှာပါ” ဟု ၎င်းကဆိုသည်။

ဒေါက်တာသန်းငြိမ်းသည် ရန်ကုန်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့ပြီး ကုလသမဂ္ဂ စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် သီရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆ အထိ) ဆောင်ရွက်ခဲ့သော်လည်း ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့်လည်း ယောက်ဖတော်စပ်သူ ၎င်းသည် ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ပါတီဝင် တစ်ဦးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။

၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စ ဆောင်ရွက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်နီးပါး ကျခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ထို့နောက် NLD ပါတီ ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုသောကြောင့် နုတ်ထွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေး အခြေအနေအရ ပါတီခေါင်းဆောင် တာဝန်ကို ပြောင်းလဲ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်သွားချိန်တွင် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် အချိုးကျ ကိုယ်စားပြု မဲပေးစနစ် (PR) ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်း စတင် အရေးဆိုခဲ့သူ တစ်ဦးဖြစ်ကာ နိုင်ငံရေးစာပေများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင် ရှင်းတမ်း စာတမ်းနှင့် တောဆရာဝန်ဘဝ အတွေ့အကြုံ စာအုပ်ကို ထုတ်ဝေခဲ့သည်။

The Voice Weekly


Ko Marky

“ ဒေါက်တာသန်းငြိမ်း၏ ကိုယ်ရေးရာဇ၀င်အကျဉ်း ”

ဒေါက်တာသန်းငြိမ်းကို (၅-၈-၁၉၃၈ ) ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊
ခနောင်အရှေ့ကျေးရွာတွင် အဖ ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။
၁၉၅၄ခုနှစ်တွင် ရန်ကုန်မြို့မ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး
ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင်ရရှိခဲ့သည်။
တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်း သားလှုပ်ရှားမှုများနှင့် ရန်ကုန်ဆေးတက္ကသိုလ်
ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ တောင်ငူခရိုင်နှင့်မြင်းခြံ ခရိုင်တွင် အနာကြီးရောဂါ
တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ မြင်းခြံဆေးရုံတွင် လက်ထောက် ဆရာဝန်
အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် ကျောက်ကြီး၊ရေကြည်နှင့် ရှမ်းပြည် ဖယ်ခုံမြို့နယ်တွင်
လည်းကောင်း၊ ကုလသမဂ္ဂစေတနာ့ဝန်ထမ်းဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆အထိ)
လည်းကောင်း၊ ဆောင်ရွက်ခဲ့သည်။
၁၉၈၈အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။
ကျောက်တန်းမြို့နယ်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီဝင်တစ်ဥိးအဖြစ် ဝင်ရောက်ခဲ့ပြီး
မြို့နယ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ်မဲဆန္ဒနယ်မြေမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။
၁၉၉၆ခုနှစ်တွင် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီတွင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည်။
၁၉၉၇ခုနှစ်တွင် ဆေးခန်းဖွင့်သည့်ကိစ္စဖြင့် တရားစွဲခံရပြီး ဆမလက်မှတ် သိမ်းဆည်းခံခဲ့ရသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စဆောင်ရွက်မှုဖြင့်
ဒေါ်မေဝင်းမြင့်တို့နှင့်အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။
ရန်ကုန်အင်းစိန်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်များတွင် နေခဲ့ရသည် ။
လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁ဝ(က)ဖြင့် တစ်နှစ်စီတိုးပြီး သုံးကြိမ်တိုင်တိုင် ဆက်လက်ချုပ် နှောင်ခံခဲ့ရသည်။
၂ဝဝ၈ခုနှစ် ၊ စက်တင်္ဘာလတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
ထောင်မှလွတ်ပြီး NLD ရန်ကုန်တိုင်းဒု-ဥက္ကဌ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
၂ဝဝ၉ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထောက်အကူပြုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။
ရွှေဂုံတိုင်စာတမ်းကို ပြုစုသောအဖွဲ့တွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂ဝ၁ဝခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် NLD ပါတီကို ထပ်မံမှတ်ပုံတင်ရန်နှင့်
ရွေးကောက်ပွဲဝင်သင့်ကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။
NLD ပါတီ တရားဝင်သက်တမ်းကုန်သည့်နေ့ (၆-၅-၂ဝ၁ဝ)ရက်နေ့အထိ ပါတီနှင့်အတူ ရှိနေခဲ့သည်။
ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီစနစ်သို့ သွားရောက်နိုင်ရန်အတွက် နိုင်ငံရေးပါတီတစ်ခု
တည်ရှိရန် လိုအပ်ခြင်းနှင့် မပြီးဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန်အတွက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဇွန်လတွင် ထူထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ပါတီတရားဝင်မှတ်ပုံတင်ကျပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂ဝ၁၂ ခုနှစ်တွင် ကျန်းမာရေးအရ ပါတီခေါင်းဆောင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့သည်။
အကျဉ်းကျခံနေရစဉ်အတွင်း အသည်းကင်ဆာရောဂါကို ရရှိခဲ့ပြီး ထိရောက်သောကုသမှုများ မခံခဲ့ရပါ။
ထို့ကြောင့် ထောင်မှလွှတ်ပြီးနောက် နိုင်ငံခြားသို့ ၁ဝ ကြိမ်တိုင်တိုင် သွားရောက်ဆေးကုသခဲ့သည်။
ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ၂၁-၅-၂၀၁၄ရက်နေ့မနက်ပိုင်း အသက်(၇၆) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
နိုင်ငံရေးစာပေစာတမ်းများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင်ရှင်းတမ်းစာတမ်းမှာ စိတ်ဝင်စားစရာဖြစ်သည်။
တောဆရာဝန်ဘဝ အတွေ့အကြုံ စာအုပ်ကို ထုတ်ဝေခဲ့သည်။ အချိုးကျကိုယ်စားပြုမဲပေးစနစ် ပီအာကို
မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်ပြောကြားခဲ့သူလည်း ဖြစ်သည် ။

No comments:

Post a Comment