Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 1, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ဓာတ်ပုံက ကျွန်တော်အရိုက်ချင်ဆုံးဓာတ်ပုံပဲ.

အေပီသတင်းဌာန၏ ဓာတ်ပုံသတင်းထောက်ခင်မောင်ဝင်းနှင့် တွေ့ဆုံခြင်း

-ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ဓာတ်ပုံကကျွန်တော်အရိုက်ချင်ဆုံးဓာတ်ပုံပဲ

မိုးလွင်ဟန်

နိုင်ငံတကာဓာတ်ပုံသတင်းထောက်တစ်ယောက်အနေ နဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ကိုယ်ရိုက်ပြီး အထင် ကရဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေအကြောင်း ပြောပြပါလား။
ဒေါ်အောင်ဆန်းစုကြည်ကြားဖြတ်ရွေးကောက် ပွဲဝင်တာရှိတယ်။ နောက်ထပ်တစ်ခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒီလောကထဲကအနားယူသွားတဲ့ သတင်းတွေ ရှိတယ်။ ဒေါ်စုလွှတ်တော်ထဲရောက်တဲ့ သတင်းတွေရှိ တယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ကေအင်န်ယူနဲ့ စစ် ဖြစ်နေတာ နှစ် ၅ဝ ရှိနေပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေလုပ်တယ်။ အဲဒီသတင်းဓာတ်ပုံတွေကို တကမ္ဘာလုံးမှာ ပေးပို့ခဲ့လို့ ကမ္ဘာကျော်ခဲ့ပါတယ်။ မြန်မာပြည်မှာပေါ့ နော်။ မြန်မာပြည်မှာက ရွေးကောက်ပွဲတွေပြီးသွားတဲ့ အခါကျတော့ သမ္မတကြီးဦးသိန်းစိန်တို့ သမ္မတဖြစ်တော့ နိုင်ငံတကာမှ မြန်မာပြည်ဟာ ဒီမိုကရေစီရနေပြီဆိုပြီး ကမ္ဘာ့ခေါင်းဆောင်တွေ မြန်မာပြည်ကို အများဆုံးလာကြ ပါတယ်။ အခုထိလည်းလာနေကြတုန်းပါပဲ။ ကမ္ဘာ့ခေါင်း ဆောင်တွေလာတဲ့အတွက် ကျွန်တော်ဓာတ်ပုံတွေကို နိုင်ငံတကာဓာတ်ပုံသတင်းထောက်အနေနဲ့ ရိုက်ရပါ တယ်။
အဲဒါတွေပြီးသွားပြန်တော့ ဒီကာလဟာ ဘာဖြစ် လဲဆိုရင် အရမ်းရှုပ်ထွေးတဲ့ကာလတွေပါပဲ။ အရမ်းခက် ခဲတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ဘာသာရေးပဋိပက္ခ လို့ခေါ်မလား၊ နိုင်ငံရေးပဋိပက္ခလို့ခေါ်ရမလားဆိုတဲ့ ရခိုင်အရေးကိစ္စတွေ၊ မိတ္ထီလာအရေး၊ လားရှိုးအရေး ပေါင်းစုံကြားမှာ ကျွန်တော်က အသက်ကိုလုပြီးတော့ ဓာတ်ပုံတွေရိုက်ခဲ့ရပါတယ်။ အခုချိန်မှာပဲ အဲဒီပုံတွေ ဟာ အရမ်းကိုတန်ဖိုးတက်နေတဲ့ သမိုင်းပုံရိပ်တွေအဖြစ် ကျန်ရှိနေပါပြီ။
ကမ္ဘာ့နိုင်ငံအသီးသီးကို ကျွန်တော်ချပြ ခဲ့တာပါ။ နောက်ထပ်တစ်ခါ မြောက်ကိုရီးယားနဲ့ မြန်မာ နိုင်ငံသံတမန်ဆက်ကြောင်းကလည်း အဲဒီဓာတ်ပုံတွေက တကယ်ကိုနာမည်ကြီးပါတယ်။ သင်္ဘောကြီးတစ်စင်း သူ့ ဘာသာခိုးဝင်လာတယ်။ သင်္ဘောပျက်တယ်ဆိုပြီး ကျွန် တော်တို့ဆိပ်ကမ်းကိုလာကပ်တယ်။ ဒီကမသိဘူး။ ဂျပန် တွေကသိပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာသတင်း ဓာတ်ပုံဆရာပီပီ စွန့်စွန့်စားစားနဲ့သွားပြီးတော့ သီလဝါ ဆိပ်ကမ်းဘက် ရေလယ်ကောင်မှာ အသက်စွန့်ပြီး ရိုက်ခဲ့ ရတာတွေရှိတယ်။ တချို့သတင်းသမားတွေလည်း အ ဖမ်းခံခဲ့ရပါတယ်။ သူငယ်ချင်းတွေပါသွားတာရှိပါတယ်။
နောက်တစ်ခါ ထူးထူးခြားခြားက မြန်မာပြည် မှာ မလုပ်ဖြစ်တာ နှစ် ၅ဝ ကျော်လောက်ရှိပြီး မယ်စကြ ဝဠာပြိုင်ပွဲ နှစ် ၅ဝ အတွင်း ပထမဦးဆုံး ဒီနှစ်မှပြိုင်ခွင့်ရ တာပါ။ မယ်စကြဝဠာဓာတ်ပုံများဟာလည်း ကမ္ဘာကျော် ခဲ့တယ်။ ဒီမှာတစ်ခါမှမလုပ်ခဲ့တော့ ကျွန်တော်တို့ တိုင်း ပြည်က အခုမှစသွားတာဆိုတော့ နိုင်ငံတကာရဲ့ စိတ်ဝင် စားမှုအရမ်းရှိခဲ့ဖူးပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာပေါ် မှာ နာမည်ကြီးတာက ဘိန်းအတွက် နံပါတ် ၂ ဆိုပြီး နာမည်ကြီးခဲ့တာပါ။ နိုင်ငံတကာကလည်း အရမ်းစိတ် ဝင်စားခဲ့တာပါ။ ဘိန်းနဲ့ပတ်သက်တဲ့ဟာတွေလည်း ကျွန် တော်အများကြီး ရိုက်ခဲ့ရပါတယ်။ အန္တရာယ်လည်း သိပ် ကြီးပါတယ်။
ကိုခင်မောင်ဝင်းအကြိုက်ဆုံး ဓာတ်ပုံတွေရှိရင်လည်း ဆွဲထုတ်ပြပါဦး။
နိုင်ငံတကာဓာတ်ပုံသတင်းထောက်အဖြစ် ကျွန်တော်ရိုက်ခဲ့သမျှ အကြိုက်ဆုံးက ပထမဦးဆုံးပြော ရရင် မြန်မာပြည်ကို နိုင်ငံတကာမှခေါင်းဆောင်တွေ လာရောက်တဲ့အခါ ကျွန်တော်ဘယ်လို တာဝန်ယူရ သလဲဆိုတာပါ။ နိုင်ငံခြားသတင်းထောက်အသင်းကနေပြီး တော့ အမေရိကန်သမ္မတကြီး အိုဘားမားက နှစ်ပေါင်း ၅ဝ အတွင်းမှာ ပထမဦးဆုံးအကြိမ် မြန်မာပြည်ကိုလာ လည်တယ်။
အဲဒီမှာကျွန်တော်ကံကောင်းတာက မြန်မာ နိုင်ငံ နိုင်ငံခြားသတင်းထောက်အသင်းက ဓာတ်ပုံရိုက် ခွင့်ကျွန်တော်ရခဲ့တယ်။ ဗီဒီယိုရိုက်ခွင့်က တစ်ယောက်၊ တစ်နေ့တစ်ယောက်၊ ဓာတ်ပုံရိုက်ခွင့်က ကျွန်တော်ဆို တော့ သုံးယောက်ရခဲ့တယ်။ အဲဒီအဖွဲ့မှာ ကျွန်တော်က ကံကောင်းစွာနဲ့ အမေရိကန်သမ္မတကြီးကို အရမ်းရိုက် ချင်နေတဲ့ ဓာတ်ပုံပါပဲ။ အမေရိကန်သမ္မတအနားကပ်ဖို့ ဆိုတာမလွယ်ပါဘူး။ ဒါပေမဲ့ ဒီဓာတ်ပုံတွေ ကျွန်တော် ရိုက်ခဲ့ရတယ်။ ကျွန်တော်ဓာတ်ပုံတွေအားလုံး ဖြန့်ဝေ ခဲ့ပါတယ်။ ကျွန်တော်ဓာတ် ပုံတွေအားလုံး ကမ္ဘာ တစ်ခုလုံးက ဝက်ဝက် ကွဲ သုံးစွဲကြပါတယ်။ အဲဒီဟာကို ကျွန်တော် အရမ်းကျေနပ်ခဲ့ရပါ တယ်။ နောက်ပြီး သမ္မတ အိုဘားမားက ဒေါ်အောင် ဆန်းစုကြည်အိမ်မှာ လာတွေ့ တာလည်း ကျွန်တော်ရိုက်ခဲ့တာပါ။ နောက်ပြီး မြန်မာ ပြည်သမ္မတကြီး ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းလွှတ်တော် ထဲမှာ အိုဘားမားနဲ့တွေ့ဆုံပုံတွေ ရိုက်ခဲ့ရပါတယ်။ ကမ္ဘာ တစ်ခုလုံးသုံးစွဲခဲ့တာပါပဲ။ ရန်ကုန်တက္ကသိုလ်ကြီးကို ပစ်ထားတာကြာပါပြီ။ သမ္မတအိုဘားမား ရောက်လာမှ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးဟာ ပြန်လည်ရှင်သန်သွားတယ်။ ရန်ကုန်တက္ကသိုလ်ကြီး တစ်ခုလုံး လှပရှင်သန်သွားတာ သူ့ကြောင့်ပါပဲ။ သမ္မတ အိုဘားမားဟာ ဘယ်သန်သူပါ။ ရွှေတိဂုံဘုရားကိုသွား ပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုက ရေသပ္ပာယ်ရင် ညာဘက်လက်နဲ့ ရေသပ္ပာယ်ရတယ်ဆိုလို့ သူကညာဘက် လက်နဲ့ ရေသပ္ပာယ်သွားတာ ကျွန်တော်ဓာတ်ပုံရိုက်ခဲ့ ရပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ အများဆုံးလာနေ ကြပါပြီ။ အင်္ဂလန်နိုင်ငံက ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့ ပါတယ်။ ဒေါ်စုခြံဝင်းထဲမှာ ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။
နှစ်ဦးသားဆွေးနွေးပြီး အိမ်ခြံဝင်းပန်းခြံထဲမှာ စကား ပြောရင်း လမ်းလျှောက်နေတဲ့ပုံတွေကို ကျွန်တော်ရိုက် ခွင့်ရခဲ့ပါတယ်။ သတင်းလောကမှာ သတင်းလည်နေချိန် မြန်မာပြည်မှာက ပတ္တမြားတစ်လုံးရသလိုပါပဲ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ သူ့ကြောင့် ကမ္ဘာတစ်ခု လုံးက သူ့ဓာတ်ပုံတွေအရမ်းစိတ်ဝင်စားပါတယ်။ ကျွန် တော်ပို့သမျှ ဓာတ်ပုံအားလုံးဟာ ဒေါ်စုဟာအကျယ် ချုပ်အဖြစ် အကြာကြီးနေခဲ့ရတော့ တိုင်းပြည်အတွက် သူ့ဓာတ်ပုံတွေဟာ ကမ္ဘာပေါ်မှာ ပြောလို့မဆုံးအောင် သုံးစွဲကြတာရှိခဲ့ပါတယ်။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစု ကြည် အကျယ်ချုပ်ကလွတ်မြောက်လာချိန်မှာ အောက် ကပရိသတ်တစ်ဦးကပေးတဲ့ ပန်းပွင့်လေးကို သူ့ခေါင်းမှာ ပန်နေတဲ့ပုံဆိုရင် ပြည်တွင်းမှာအများဆုံးသုံးစွဲကြပါ တယ်။ ကမ္ဘာတစ်ခုလုံးကလည်း ဒီပုံကိုသုံးကြပါတယ်။ ကျွန်တော်ကျေနပ်ပါတယ်။ နိုင်ငံတကာသတင်းဓာတ် ပုံဆရာဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ပုံ တွေ ကျွန်တော်အများဆုံးရိုက် ခဲ့ရပါတယ်။ နေအိမ်အကျယ် ချုပ်ဘဝထဲက ရိုက်ခဲ့ရတာပါ။ နှစ် ၅ဝ နီးပါး ကျွန်တော်တို့ တိုင်းပြည်မှာ မငြိမ်းချမ်းခဲ့ပါ ဘူး။
ကေအင်န်ယူနဲ့ အစိုးရ နဲ့ ဆွေးနွေးတဲ့ဓာတ်ပုံတွေ ဒီဟာတွေက အလွန်အရေး ကြီးပါတယ်။ နှစ် ၅ဝ အတွင်း မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို သတင်းဓာတ်ပုံရိုက်ခွင့် ရခဲ့တာပါ။ နိုင်ငံတော်သမ္မတ ကြီးနဲ့ ကေအင်န်ယူခေါင်း ဆောင်တွေ တွေ့ဆုံခဲ့ပုံကိုရိုက် ခဲ့ရပါတယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ချိန်တွေမှာ ကျွန်တော်ရိုက် ထားတဲ့ ဓာတ်ပုံတွေရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၊ နေအိမ်အကျယ်ချုပ်ကျနေပုံတွေကိုလည်း ကျွန် တော်ရိုက်ခွင့်ရခဲ့တယ်။ ဒီလိုဓာတ်ပုံတွေဟာလည်း ကမ္ဘာ တစ်ခုလုံး စိတ်ဝင်စားခံရတဲ့ ကျွန်တော့်လက်ရာတွေပါပဲ။
သတင်းထောက်တစ်ယောက်အနေနဲ့ သက်စွန့်ဆံဖျား အသက်လုပြီး ရိုက်ခဲ့ရတဲ့ ဓာတ်ပုံမျိုးတွေရောရှိလား။
ကျွန်တော်တို့ တိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ ဘိန်းအလွန်ထွက်တယ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ ဘိန်းမီးရှို့တဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ မင်္ဂလာတောင်ညွန့် စက်ဆန်းရပ်ကွက်မှာမီးလောင်ပြီး ပေါက်ကွဲမှုဖြစ်စဉ်တုန်း ကလည်း ဓာတ်ပုံရိုက်ခဲ့ရပါတယ်။ ကျွန်တော့်မိတ်ဆွေမီးသတ်သမားတွေ ဆုံးရှုံးသွားခဲ့ရ ပါတယ်။ ကျွန်တော်တောင် ကံကောင်းလို့ပါ။ မီးလောင် တယ်ဆိုတာကြားရတာ နည်းနည်းနောက်ကျသွားလို့ပါ။
အဲဒီမှာပေါက်ကွဲမှုဖြစ်ပြီးမှ ရောက်သွားလို့ပါ။ နို့မို့ဆိုရင် ကျွန်တော်တောင် ပေါက်ကွဲမှုထဲမှာပါသွားနိုင်ပါတယ်။ ထိခိုက်သွားနိုင်တာပါ။ နိုင်ငံခြားသတင်းထောက် ဓာတ်ပုံ သမားဆိုတာ အမြဲတမ်းနားစွင့်နေရသူပါ။ အဲဒီမီးက ရန်ကုန်တစ်မြို့လုံးသိမ့်သိမ့်ခါသွားတာပါ။
စစ်တွေမြို့မှာ အရေးအခင်းခေါ်ရမလား၊ ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေဖြစ်နေချိန်မှာ ကျွန်တော်သတင်းသွားရောက်ရိုက်ရပါတယ်။ အင်မတန် မှ အန္တရာယ်များပါတယ်။ ဟိုဘက်၊ ဒီဘက်ကြားမှာ ပြဿနာရှိပါတယ်။ ကျွန်တော်က ရခိုင်စကားမတတ်၊ ကုလားစကားမတတ်တော့ ပြဿနာကြီးပါတယ်။ ဟိုဘက် ဒီဘက်မှာ မူဆလင်ဘက် ရောက်လိုက်၊ ရခိုင်တွေ ဘက် ရောက်လိုက်နဲ့ ဒီနှစ်ဖက်ကြားမှာ သတင်းဓာတ်ပုံရိုက် ရတာ အင်မတန်အန္တရာယ်များခဲ့တာပါ။ ကျွန်တော်က ရဲတွေနဲ့ သူတို့နောက်ကိုပဲလိုက်နေရတာပါ။ သူတို့ကူ ညီကြလို့ အဲဒီဓာတ်ပုံတွေကိုကမ္ဘာတစ်ခုလုံး ကျွန်တော် တင်ပြခဲ့တာပါ။
ကျွန်တော်ရောက်တဲ့အချိန်မှာပဲ ဟို ဘက်ရွာ၊ ဒီ ဘက် ရွာဓားတွေနဲ့ခုတ်ကြချိန်မှာ ပါပဲ။ အနားမကပ်ရဲပါ ဘူး။ ကျွန်တော်အသက် စွန့်ပြီး ရိုက်ကူးခဲ့တာ ပါ။ အဲဒါမျိုးတွေ လားရှိုး၊ မိတ္ထီလာ၊ ဥက္ကံ၊ သုံးဆယ်အထိ ကျွန်တော်သွားရောက်ရိုက်ခဲ့ရ တာပါ။
ကျွန်တော်မိတ္ထီလာမှာ သတင်းသွားရောက် ရိုက်ယူတာ ကံကောင်းလို့ အသတ်မခံရတာပါ။ သတင်း သွားယူတဲ့ မီဒီယာအဖွဲ့က ချာတိတ်တစ်ယောက်က ကားပေါ်တက်ပြီး ဓာတ်ပုံလှမ်းရိုက်လိုက်တာ။ မီးရှို့နေ တဲ့လူအုပ်က ကျွန်တော်တို့ကားကိုလာဝိုင်းပြီး သတ်ဖို့ လုပ်တာ အဲဒီကဘုန်းကြီးတွေကောင်းလို့ ကျွန်တော်တို့ လွတ်မြောက်ခဲ့ရတာပါ။ အခုလောက်ဆိုရင် အသက်ရှင် သန်ဖို့မလွယ်ကူလောက်တော့ပါဘူး။ နောက်ပြီးအရင် တုန်းက လူပေါင်းသိန်းကျော်သေဆုံးသွားတဲ့ နာဂစ်မုန် တိုင်းသတင်းတွေ သွားရောက်ရိုက်ကူးခဲ့ရပါတယ်။ ဘို ကလေးဘက်၊ မိန်းမလှကျွန်းဘက်မှာ သွားရောက်ရိုက်ခဲ့ ရတယ်။ အလောင်းတွေက ပုံထပ်နေတာပါပဲ။ နိုင်ငံတ ကာမှအကူအညီလာပေးတဲ့ ယာဉ်တန်းတွေ၊ ရေယာဉ် တွေနဲ့ သွားရောက်သတင်းယူခဲ့တာပါ။ အဲဒီမှာဓာတ်ပုံ တွေသွားရိုက်တာ ပြဿနာတွေအများကြီးတက်ခဲ့ရပါ တယ်။
ကျွန်တော်ဌာနကိုတင်ပြဖို့အတွက် ကျွန်တော်အ လောင်းတွေထည့်တဲ့အခါကျတော့ အနီးကပ်ဓာတ်ပုံ တွေရိုက်ပြီး တင်ပါတယ်။ ကျွန်တော်ဌာနက ဘာဖြစ်လို့ မသုံးတာလဲဆိုပြီးမေးကြည့်တော့ မနက်စောစောစီးစီး မှာ သတင်းစာကြည့်တဲ့သူတွေက ဒီလိုအနိဋ္ဌာရုံဓာတ်ပုံ တွေ မကြည့်ချင်ဘူးတဲ့။ နောင်လည်း ဒီလိုဓာတ်ပုံတွေ ရိုက်တင်မယ်ဆိုရင် ဝေးဝေးလေးမလှမ်းမကမ်းကပဲ ရိုက်ပါဆိုလို့ပညာရခဲ့တာပါ။ အင်မတန်ကို သနားစရာ ကောင်းလှပါတယ်။ သေကျေပျက်စီးဆုံးရှုံးခဲ့ရတာပါ။
နောက်ပြီး သံဃာအရေးအခင်းတုန်းက ဓာတ် ပုံတွေရိုက်ခဲ့ရပါတယ်။ ဂျပန်လူမျိုးနိုင်ငံတကာဓာတ် ပုံသတင်းထောက် နာဂါအိနဲ့လည်း ကျွန်တော်တို့အတူ တူပါပဲ။ ကျွန်တော်တောင် ကံကောင်းလို့ မသေတာပါ။ အပြေးမြန်ခဲ့လို့ပါ။ နောက်ပြီးကျွန်တော်က မြန်မာစကား နားလည်လို့ပါပဲ။ ငါးမိနစ်အတွင်းလူစုခွဲပါ။ ပစ်ရပါ တော့မယ်ဆိုတဲ့ စကားပြောချိန်မှာ နာဂါအိကနောက်ကျ ကျန်ခဲ့တာပါ။ သူကမြန်မာစကားမတတ်တော့ ကျန်ခဲ့လို့ သေနတ်မှန်သေဆုံးသွားခဲ့ရတာပါ။ ကျွန်တော်အင်မ တန်စိတ်မကောင်းပါဘူး။ ဒီလူဟာကမ္ဘာကျော် ပူလစ် ဇာဆုလည်း ရရှိ သွားတာပါ။
ရိုက်တာသတင်းဌာနက ရိုက်ခဲ့တာပါ။ သွေးကွက်တွေပေကျန်နေတဲ့ လမ်းမကြီး ပေါ်မှာပါ။ ဂျပန်သတင်းထောက်နာဂါအိရဲ့ ဆရာရောက် လာပါတယ်။ သူ့တပည့်သေဆုံးတဲ့နေရာမှာ အလောင်း လာသယ်တော့ ပန်းခြင်းနဲ့ဂါရဝလာပြုတာပါ။ သေဆုံး သွားတဲ့နေရာမှာပါ။ သူရောက်လာတဲ့အချိန်မှာ ကျွန် တော်ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။
သူကဒီလမ်းမပေါ်မှာ သူ့တပည့်ရဲ့ သွေးကွက်ကျန်ခဲ့တယ်ထင်လို့ သွေးကွက် လေးကိုကြည့်ပြီးငိုပါတယ်။ အမှန်တကယ်က ကျွန်တော် တို့လူမျိုးတွေဟာကွမ်းစားတတ်တော့ လမ်းမပေါ် ကွမ်း တံထွေးထွေးထားတာပါ။ သူ့တပည့်ရဲ့ သွေးပါဆိုပြီး ချုံးပွဲချငိုတာပါ။ သူတို့ကသိပ်ပြီးတန်ဖိုးထားပါတယ်။
မြန်မာပြည်ထဲက ဓာတ်ပုံသတင်းထောက်တစ်ယောက် ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
သတင်းဓာတ်ပုံရိုက်ရတာ အင်မတန်အန္တရာယ် ကြီးပါတယ်။ ကင်မရာတွေ လုရိုက်နေတော့ အတင်း ထွက်ပြေးရတာတွေနဲ့လည်း ကြုံဆုံခဲ့ရပါတယ်။ အဲဒီ တုန်းက ဘုန်းကြီးတွေကလည်းမယုံ၊ လူတွေကလည်း မယုံနဲ့ကြားက ကျွန်တော်နိုင်ငံတကာသတင်းဓာတ်ပုံ သမားအဖြစ်လုပ်ဆောင်ခဲ့ရတာပါ။ နောက်တော့မှ ခေါင်း ဆောင်သံဃာတော်တွေ သွားလျှောက်ရတာပါ။ နိုင်ငံ ခြားသတင်းထောက်ဆိုရင် မင်းကတ်ပြားဆွဲထားပါလို့ ပြောတာနဲ့ ရိုက်ခွင့်ရခဲ့တာပါ။ သံဃာအရေးအခင်းကို ပခုက္ကူမှာလည်းရိုက်ခဲ့တာပါ။ ပြီးမှရန်ကုန်မြို့မှာ ရိုက် ရတာပါ။ သံဃာအရေးအခင်းဓာတ်ပုံတွေကိုလည်း ကမ္ဘာတစ်ခုလုံးသုံးကြတာပါ။ မျက်ရည်ယိုဗုံးဒဏ်တွေ မခံနိုင်လို့ ထွက်ပြေးခဲ့တာလည်းရှိခဲ့ပါတယ်။ ဘုန်းကြီး တွေထိခိုက်တာမြင်ရတော့ ပြည်သူတွေငိုတဲ့ ပုံတွေလည်း ရခဲ့ပါတယ်။
အဓိကကျွန်တော်ပြောချင်တာက ဓာတ်ပုံ လောကထဲမှာ မြန်မာပြည်မှာ သတင်းထောက်ဖြစ်ရတာ သိပ်ပြီး ခက်ခဲပါတယ်။ ကင်မရာကိုင်ထားလို့ရှိရင် ကျွန် တော်တို့ကို ပြည်သူကလည်းမယုံကြည်၊ အစိုးရကလည်း မယုံပါဘူး။ အဲဒီကြားထဲမှာ ကျွန်တော်တို့အလုပ်လုပ် ရတာ အင်မတန်ခက်ခဲပါတယ်။
ဒါပေမဲ့ တရားဝင်အဖြစ် သတင်းဌာနတွေကခန့်ထားပြီဆိုတော့ မလုပ်ရင်မရပါ ဘူး။ ၂၄ နာရီလုံးလုံးသတိရှိနေရပါတယ်။ တယ်လီဖုန်း တွေကို အမြဲတမ်းရယ်ဒီလုပ်ထားရပါတယ်။ အဆင် သင့်ဖြစ်နေအောင်လို့ပါ။ နိုင်ငံခြားသတင်းထောက်ဖြစ် နေတော့ ဒီမှာဖြစ်ပျက်တဲ့ သတင်းကို ကိုယ်မရလိုက်မှာ စိုးရိမ်နေတယ်။ ပြဿနာအများကြီးတက်နိုင်တယ်။
ဒါကြောင့်ကျွန်တော်က သတင်းထောက်အပိုနှစ်ယောက် ရှိပါတယ်။ သူငယ်ချင်းတွေပါ။ တစ်ခုခုဆိုရင် နောက်ကျ လို့မရပါဘူး။ သတင်းဆိုတာ တိကျရမယ်။ မှန်ကန်ရ မယ်။ သတင်းကတိကျဖို့လိုအပ်ပါတယ်။ အတုလုပ်လို့ မရပါဘူး။ ကျွန်တော်တို့ နိုင်ငံတကာသတင်းဌာနအနေနဲ့ စာရေးတဲ့သူပါတယ်။ ဗီဒီယိုရိုက်သူပါရတယ်။ ဓာတ်ပုံ ရိုက်သူရှိရမယ်။ သတင်းကိုအခြေခံပြီး ဓာတ်ပုံရိုက်ရ တာပါ။ ဓာတ်ပုံရိုက်ရင်း ရောလ်ပလပ်နဲ့ဂျေပက်ဆိုပြီး နှစ်မျိုးရိုက်ပါတယ်။ ဘာလို့နှစ်မျိုးရိုက်တာလဲဆိုရင် ဂျေ ပက်နဲ့က ကိုယ့်ဌာနကိုဒါရိုက်မြန်မြန်ပေါ့လေ။ အီးမေးလ် နဲ့ပို့ဆောင်နိုင်အောင်လို့ပါ။ ရောလ်ကတစ်ခုခု ပြဿနာ တက်လာပြီး ပုံတွေရှင်းစရာရှိလာပြီဆိုရင် မူပိုင်ခွင့်တွေ တစ်ယောက်နဲ့တစ်ယောက်ငြင်းရပြီဆိုရင် အဓိကရောလ် ဖိုင်နဲ့ပဲရှင်းမှာရလို့ပါ။ အဲဒါကြောင့် ဖိုင်နှစ်ခုနဲ့ရိုက်ရပါ တယ်။
အရေးကြီးတဲ့ဓာတ်ပုံတွေဆိုရင် ရောလ်နဲ့ရိုက် ရတယ်။ အပြိုင်အဆိုင်ရိုက်ရတဲ့ပုံဆိုရင် ရောလ်ဖိုင်က ဖတ်တာအားနည်းလို့ တချို့ကိုမရိုက်ဖြစ်ပါဘူး။ ဖြစ်နိုင် ရင် ရောလ်ပလက်နဲ့ ဂျေပက်ဖိုင်ကို အမြဲတမ်းရိုက်ရ တာပါ။ ပြီးတာနဲ့ချက်ချင်း၊ အမြန်ဆုံးမြန်နိုင်သမျှမြန် အောင် နိုင်ငံတကာကိုအချိန်နဲ့တစ်ပြေးညီ ဝါယာလက် သတင်းဌာနတွေဆိုတော့ အမြဲတမ်းသတင်းတက်နေ မှဖြစ်တာ ကိုယ့်ဌာနကိုပို့ရတာပါ။ မပို့လို့မရဘူး။ မပို့ခင်ပုံ စာကို စစ်ရမယ်။ အကြောင်းအရာတွေ စစ်ဆေးရတယ်။ ပုံကိုဖိုတိုရှော့တွေနဲ့လုပ်ခဲ့တာ ပထမဌာနဖြစ်တဲ့ င်္ဗဏ သတင်းဌာနဆိုရင် ဓာတ်ပုံကို နဂိုအော်ရယ်ဂျင်နယ် ပုံတွေပဲ ပို့ခိုင်းတော့တယ်။
ထိုင်းနိုင်ငံဘန်ကောက် မြို့ မှာ ရုံးခွဲရှိတယ်။ အဲဒီရုံးကပြန်ပြီး စိစစ်တယ်။ ဗဏ သတင်း မှာကျတော့ ကိုယ်တိုင်သတင်းကို စစ်ဆေးပြုပြင်ခွင့် ပေးတယ်။ သူတို့ပေးထားတဲ့ ဖိုတိုမက္ကနစ် ဆော့လ်ဝဲလ် တွေနဲ့သုံးရတယ်။ ဖိုတိုရှော့ဆိုရင် င်္ဃ ကတ်ကို လမ်းဘေး မှာသုံးတဲ့ဟာနဲ့မသုံးရဘူး။ တခြားဟာတွေနဲ့ သွားသုံး ရင် တရားစွဲခံရတတ်တယ်။ ဒေါ်လာသန်းချီပြီး လျော်ရ မှာ။ ဒါကြောင့်အပြင် ဆော့လ်ဝဲတွေမသုံးရဘူး။ မရှိ ရင်ဌာနကမေးတယ်။ နိုင်ငံခြားသတင်းသမားတစ်ယောက် ရဲ့ ဓာတ်ပုံတစ်ပုံဟာ အရမ်းအရေးကြီးပါတယ်။ ပုံတစ်ပုံ ဟာ ကိုယ့်ကိုယ်ကိုယ်တာဝန်ခံမှု၊ တာဝန်ယူမှုအများကြီး လိုအပ်ပါတယ်။
ပုံတစ်ပုံကို ပို့လိုက်ပြီး မှားတာနဲ့ချက်ချင်း ဖြေရှင်းရတယ်။ အဓိကမှားတာက ပုံစာတွေပဲ မှားတတ် တာပါ။ သတင်းအတတ်ပညာမှာ အခက်အခဲတွေအများ ကြီးကြုံဆုံရတာပါ။
နိုင်ငံတကာဓာတ်ပုံသတင်းထောက်တစ်ယောက်မှာ ဘယ်လိုအရည်အချင်းမျိုး တွေရှိရမလဲဗျ။
နိုင်ငံတကာမှာ သတင်းထောက်လုပ်မယ် ဆိုရင် လူပေါင်းစုံပေါင်းသင်း ရပါတယ်။ အပေါင်းအသင်း ဆံ့ရတယ်။ ဆိုက်ကားသမားကအစ ဟိုးထိပ်ကသမ္မတကြီး အထိရင်းနှီးနေမှ ဓာတ်ပုံရိုက်ခွင့်အဆင်ပြေမှာပါ။ နို့မို့ ဆိုရင်ကျန်ရစ်ခဲ့မှာ ခုဟာမီးလောင်တယ်ဆိုရင် အဲဒီနား မှာ နေထိုင်တဲ့သူက ကျွန်တော့်ကို ဖုန်းမဆက်သွယ်ရင် မသိနိုင်ဘူး။ ဒါကြောင့်မီးသတ်ဦးစီးဌာနက ကျွန်တော် ကို ဖုန်းမဆက်သွယ်ရင်မသိနိုင်ဘူး။ ဒါကြောင့် မီးသတ် ဦးစီးဌာနက ညီလေးတစ်ယောက်ကို အပေါင်းအသင်း လုပ်ထားရတယ်။ မီးလောင်တာနဲ့ ငါ့ကိုဆက်သွယ်ပါ ကွာဆိုပြီး သူပြောမှပြေးရတာပါ။ တချို့နေရာကျတော့ ရန်ကုန်မှာကားကျပ်တာနဲ့ ကျွန်တော်ရောက်သွားတော့ မီးငြိမ်းသွားတာတွေလည်း ကြုံဆုံခဲ့ရတာတွေရှိခဲ့ပါ တယ်။
အခက်အခဲတွေလည်း ရှိခဲ့တယ်။ အဲဒီကြားထဲက မလုပ်ရင်လည်းမဖြစ်ပြန်ဘူး။ ကိုယ့်သတင်းဌာနမှာ အကောင်းဆုံးဘယ်လိုသတင်းပို့ရမလဲ။ ငါဘယ်လိုအ သုံးချရမလဲဆိုတာ စဉ်းစားနေရတယ်။ တချို့သတင်း ဓာတ်ပုံမရ လိုက်ရင်ဌာနကိုပုံတင်တဲ့အခါ ပုံရဲ့အောက် မှာ မြန်မာသတင်းစဉ်က ပေးပါတယ်ဆိုတဲ့စာကပ်ရ တယ်။ အဲဒီလိုမဟုတ်ရင် တရားစွဲခံရမှာ။ နိုင်ငံခြားသ တင်းထောက်မှာ အဲဒီလိုစိတ်တွေရှိထားရပါတယ်။ အရေး ကြီးတာက ကိုယ့်ဓာတ်ပုံကို ကိုယ်ဂရုစိုက်ရတာပါ။ ဂရုမ စိုက်လို့ရှိရင်တစ်ခုခုဖြစ်ရင် ပြဿနာကကြီး ကျယ်တယ်။ ကျွန်တော်က ကမ္ဘာပေါ်ကိုဓာတ်ပုံတွေပို့နေရလို့ပါ။
အေဂျင်စီဝါယာပေါ်ကို ပုံတွေတင်တဲ့အခါ ပုံမှားသွား တာနဲ့ရှင်းလို့ လင်းလို့မရတာ တွေရှိတတ်လို့ အများကြီး ဂရုစိုက်ရပါတယ်။ ပုံတစ်ပုံဟာ အပေါ်ကိုတက်တိုင်း တက်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံတကာ သတင်းဓာတ်ပုံ သမားတွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတတ် တယ်ဗျာ။
နောက်ဆုံးအနေနဲ့ ကိုခင်မောင်ဝင်းအရိုက်ချင်ဆုံး ဓာတ်ပုံ ရှိခဲ့မယ်ဆိုရင် အဲဒီပုံကဘာဖြစ်မလဲ။
သတင်းမှာတော့ တစ်ခုရိုက်ချင်တယ်။ သတင်း ရိုက်တာ ကျွန်တော်အရိုက်ချင်ဆုံးပုံ က ဒေါ်အောင်ဆန်း စုကြည်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ပုံကိုကျွန်တော်နိုင်ငံခြားသတင်းထောက်ဖြစ်နေတဲ့အချိန်မှာ အရိုက်ချင်ဆုံးပဲဗျာ။ ရှိနေသေးတယ် မနားသေးဘူးဆို ရင်တော့ ဒီပုံကို ကျွန်တော်အရိုက်ချင်ဆုံးပါပဲ။
@Khinmgwin.ap
--------------------------------------------------------------------------
Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၆
Yangon Media Group

No comments:

Post a Comment