Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 24, 2014

အင်္ဂလိပ်ခေတ်က အသုံးပြုခဲ့သော ဓာတ်အားကြိုးများကို လက်ရှိအချိန်အထိ အသုံးပြုနေရ၍ ၀န်နှင့်အား မမျှသောကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေဟုဆို


လျှပ်စစ်ဓာတ်အား အသုံးပြုမှုနှင့် ဖြန့်ဝေနိုင်မှုအား မမျှသောကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ရန်ကုန်မြို့အတွင်း လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိနေသော ဓာတ်အားလိုင်းကြိုးများမှာမူ အင်္ဂလိပ်လက်ထက်ကတည်းက အသုံးပြုခဲ့သော ဓာတ်အားလိုင်းကြိုးများကို အသုံးပြုနေရဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုဖြစ်နေတာက အသုံးပြုမှုနဲ့ ဖြန့်ဝေပေးနေတဲ့ ဓာတ်အားလိုင်းကြိုးက မနိုင်ဘဲဖြစ်နေတယ်။ အဲဒီအတွက် မီးကမကြာခဏ ပြတ်တောက်တာပါ။ အဲဒီအတွက်လည်း ကျွန်တော် တို့ဘက်က ဘာလုပ်သလဲဆိုတော့ ထရန်စဖော်မာတွေကို ပြန်ချိန် တယ်။ လောက်နိုင်အောင် ပြန် လုပ်တယ်။ အဓိကတော့ လူနေများတဲ့ ရန်ကုန်မြို့မှာ မီးပြတ်တာက အင်္ဂလိပ် လက်ထက်ကတည်းက အသုံးပြုနေရတဲ့ ဓာတ်အားလိုင်းကြိုးတွေကို အသုံးပြုနေရဆဲ ဖြစ်ပါတယ်” ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးပြတ်တောက်မှုမှာ လူနေထူထပ်သော ရန်ကုန်၊ မန္တလေး အပါအ၀င်၊ အခြားဒေသ အချို့၌လည်း ဖြစ်ပေါ်နေကြောင်း၊ ယင်းသို့ဖြစ်ပေါ်ရခြင်းမှာ လျှပ်စစ်ဖြန့်ဝေနေသည့် ဓာတ်အားလိုင်းကြိုး နိုင်နင်းမှုမရှိခြင်း၊ ရာသီဥတု ပြောင်းလဲလာချိန်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှု တိုးမြင့်လာခဲ့ခြင်းတို့မှာ အဓိကဖြစ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က ဖြေရှင်းချက် ပေးထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကလည်း “မီတာခတွေ တိုးတဲ့အတွက် ဒီနွေမှာလျှပ်စစ်မီး မပြတ်တောက်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အခုလက်ရှိမှာတော့ မဂ္ဂါဝပ် ၂၀၀၀ ကျော် ဖြန့်ဖြူးနေပါတယ်။ သဘာဝဓာတ်ငွေ့ကနေ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။ ရေအားကနေ ၁၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပါတယ်။ လျှပ်စစ်မီးသုံးစွဲသူက တစ်နှစ်ကို ၁၅ ရာခိုင်နှုန်းခန့် တိုးလာတယ်။ မနှစ်က မီတာသုံးစွဲသူဦးရေ ၂၅ သိန်း၊ ဒီနှစ်မှာတော့ ၂၈ သိန်းကျော် သုံးစွဲလျက်ရှိတယ်။ နွေရာသီမှာ ရေပြတ်ရင်တော့ လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းနိုင်ပါတယ်။ ဒါပေမဲ့လည်း မီးမပြတ်ဖို့အတွက် ကြိုးစားနေပါတယ်” ဟု ပြောကြားထားသည်။

မီးမကြာခဏ ပြတ်တောက်မှုများမှာ လျှပ်စစ်ဓာတ်အားခ တိုးမြင့်မည်ဟု ကြေညာပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး တိုးမြှင့်ခဲ့သည့် အချိန်ထိပင် ပြတ်တောက်မှုများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ပြောကြားခဲ့သည်။

မီးပြတ်တောက်မှုများကြောင့် အပိုအသုံးစရိတ်များ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံသည့် အရေအတွက်မှာလည်း ယခင်ပေးဆောင်ရသည့် နှုန်းထားထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း လျှပ်စစ်မီး အသုံးပြုသူများက ဆက်လက်ပြောကြားသည်။

အင်းစိန်မြို့နယ်အတွင်း နေထိုင်သူ ဦးရဲဝင်းက “လျှပ်စစ်မီးက မကြာခဏ ပြတ်နေတော့ မီးသွေးဝယ်ရတယ်။ ဖယောင်းတိုင် ၀ယ်ရတယ်။ အချိန်ကုန်တယ်။ ဘာပဲပြောပြော ဒါလည်း အပိုအသုံးစရိတ်လို ဖြစ်လာတာပဲ။ နောက်ပြီး အခုဒီလက အိမ်ကိုလာပေးတဲ့ လျှပ်စစ်မီတာခနှုန်းက ၆၀၀၀ ကျော်ဖြစ်နေတယ်။ မီးတာခ မတိုးခင်က သုံးထောင်ကျော်လောက်ပဲ ကျတာ။ အရင်လက အသုံးပြုတဲ့ လျှပ်စစ်နှုန်းထားလောက်ပဲ အသုံးပြုတာပါ။ ပြီးတော့ ဒီလအတွင်းက မီးပြတ်တာတွေလည်း ရှိတယ်လေ” ဟု ပြောကြားသည်။

သို့သော် လျှပ်စစ်မီးကို နွေရာသီအတွင်း အပြည့်အ၀ရရှိအောင် ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာမှု ပြုလုပ်ထားသည့်အပြင် မီတာခနှုန်းထား တိုးမြှင့်ကောက်ခံခြင်းများ ရှိနေသော်လည်း လက်ရှိအချိန်ထိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ အားနည်းချက် ရှိနေခြင်းအပေါ် ပြည်သူများမှ ဝေဖန်မှုလည်း ရှိနေသည်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်ကမူ လျှပ်စစ်ဓာတ်အား တိုးမြှင့်ခြင်းမှာ အရှုံးပေါ်နေခြင်းကြောင့်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးမြင့်မှုနှုန်းမှာ လုပ်ငန်းရှင်ကြီးများကိုသာ ထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

“မီးပျက်တာများမယ်၊ မီးအားမပြည့်ဘူး ဆိုရင်တော့ မီတာခတက်တဲ့အတွက် ကျွန်တော်တို့က နှစ်ခါနာ ဖြစ်နေတာပေါ့။ မီတာခ တိုးကောက်တဲ့အတွက် ၀န်ဆောင်မှု ကောင်းကောင်းတော့ ပြန်ပေးရမှာပေါ့။ ကျွန်တော့်အထင် ပြောရရင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာမယ့် ပြည်တွင်းပြည်ပက ကုမ္ပဏီတွေကို ထိန်းထားနိုင်အောင် မီတာခတိုးတာလို့ ထင်တယ်။ ရေအားလျှပ်စစ်က ထုတ်လုပ်မှု ကုန်ကျစရိတ်က တစ်ယူနစ်ကို ၃၀ လောက်ပဲရှိတယ် ကြားတယ်။ မရှုံးနိုင်ပါဘူး” ဟု ပျဉ်းမနားမြို့ ရန်အောင် ၁ ရပ်ကွက်မှ အလူမီနီယံလုပ်ငန်းရှင် ဦးစိုးလင်းက ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘက်ဂျက်နှစ်အတွင်း ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောကြားထားခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်တစ်တိုင်တွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

Eleven Media Group

No comments:

Post a Comment