Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 24, 2014

လူတစ်ယောက်နှင့် သူ၏တဲကုပ်


Written by - အင်ဒရူးဟယ်စလော့

အထင်ကရ မြန်မာအယ်ဒီတာ တစ်ဦးဖြစ်သူ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရင်နှီးသော နိုင်ငံရေးလက်ရုံး တစ်ဦးဖြစ်သူ ဦးဝင်းတင်သည် ဧပြီ ၂၁ ရက်က အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

၂၀၁၃ မေလအကုန်က ကွယ်လွန်သူ ဦးဝင်းတင်ကို ကမ္ဘာ့သတင်းစာ အဖွဲ့ချုပ်မှ ပေးအပ်သော ရွှေကလောင်ဆုကို အပ်နှင်းရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အထူးခရီးစဉ်တွင် သူ့အား ကျွန်တော်တွေ့ဆုံခဲ့ရသည်။ ဦးဝင်းတင်သည် ယင်းဆုကို လွန်ခဲ့သည့် ၁၂ နှစ်က ရရှိခဲ့ပြီး ယင်းဆုကို တက်ရောက်ယူရန် မည်သည့်အခါကမှ အခွင့်အရေး မရရှိခဲ့ပေ။ ကမ္ဘာ့သတင်းစာအဖွဲ့ WAN-IFRA ၏ သတင်းစာလွတ်လပ်ခွင့် သူရဲကောင်းဆုကို ဂျာနယ်လစ် စမ်းစမ်းနွဲ့နှင့်အတူ ရရှိချိန်က ဦးဝင်းတင်သည် နှစ်၂၀ ထောင်ဒဏ်ကို ကျခံနေရသည်မှာ ထက်ဝက်ခန့်သာ ရှိသေးသည်။

ရန်ကုန်မြို့စွန်ရှိ နေအိမ်ဧည့်ခန်းတွင် ပန်ကာအောက်၌ ကျွန်တော်တို့ ကိတ်မုန့်စား အအေးသောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် မကြာသေးခင်က အသွင်ကူးပြောင်းမှုများအပေါ် သူ၏အမြင်ကို ပြောကြားခဲ့သည်။

ကျွန်တော်တို့နှင့် အတူထိုင်နေခဲ့သော ဂျာနယ်လစ်များနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ချိန်တွင် ဦးဝင်းတင်က ခက်ထန်ပြီး ဖီဆန်သည့်အကြည့်ဖြင့် အရိုက်ခံခဲ့သည်။ ကျွန်တော်တို့ တွေ့ဆုံချိန်အတွင်း သူက ပြုံးရုံမျှသာ ပြုံးနေခဲ့ပြီး ကျယ်လောင်စွာ ရယ်မောခဲ့ခြင်း မရှိဘဲ ကျွန်တော့်လက်မောင်းကိုကိုင်ကာ “ဒါကို မင်းသိရမယ်” ဟု ပြောနေခဲ့သည်။

ကျွန်တော်တို့သည် အရပ်သားအစိုးရက စစ်အစိုးရကို အစားထိုး နေရာယူခဲ့မှု၏ မယုံကြည်နိုင်လောက်သော မြန်ဆန်မှု၊ လွန်ခဲ့သော ၁၈ လက ဆူးလေဘုရား လမ်းမပေါ်ရှိ စတိုးဆိုင်များတွင် ၀ယ်သူမရှိခဲ့သော အ၀တ်လျှော်စက်များ မျက်နှာပြင်ပြား တီဗီများ ယခုအခါ ရောင်းကုန်သွားသော ဖြစ်ရပ်တို့အကြောင်း စသည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုများအကြောင်း ပြောဆိုခဲ့ကြသည်။

“တိုးတက်လာတာကတော့ သေချာတယ်။ ဒါပေမဲ့ ဒါတွေက အပြောင်းအလဲလို့ ဆိုနိုင်ရုံပဲရှိပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး စတာတွေကတော့ ထူးထူးခြားခြား တိုးတက်မလာပါဘူး” ဟု သူက သတိပေးခဲ့သည်။

အတိုက်အခံ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ သက်တမ်းရင့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ၊ အထင်ကရ ဂျာနယ်လစ် ဦးဝင်းတင်သည် သုံးကြိမ်ဆက် အကျဉ်းကျခဲ့ပြီးနောက် ချမှတ်ခံခဲ့ရသည့် ထောင်ဒဏ် အနှစ် ၂၀ ၏ ၁၉ နှစ်ကို ကျခံခဲ့သည်။ ထောင်တွင်း၌ နေထိုင်စဉ် အချိန်အများစုတွင် သူ့ကို တစ်ကိုယ်တော် တိုက်ပိတ်ထားခဲ့သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အသက် ၇၉ နှစ်အရွယ်၌ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် ဦးဝင်းတင် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် သူသည် မြန်မာနိုင်ငံ၏ ကာလအရှည်ကြာဆုံး ထောင်ဒဏ်ကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“ကျွန်တော်အသက်ကြီးလို့ သူတို့က ကျွန်တော့်ကို လွှတ်ပေးခဲ့တာပါ။ ကျွန်တော် အပြစ်မရှိလို့ မဟုတ်ပါဘူး” ဟု သူက ကျွန်တော့်ကို ပြောခဲ့သည်။ နာကြည်းမှု သင်္ကေတအဖြစ် သူမချွတ်တန်း ၀တ်ခဲ့သော အကျဉ်းသားဝတ်စုံ အပြာရောင်အင်္ကျီမှာ အရောင်မလွင့်သေးပေ။ “စွဲချက်တွေအားလုံး ရုပ်သိမ်းပေးဖို့ သူတို့ဆုံးဖြတ်တဲ့ အခါကျမှ ကျွန်တော် ဒီအင်္ကျီကို ချွတ်မှာပါ” ဟု သူကပြောခဲ့သည်။

ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဟောင်းအဖြစ် ဦးဝင်းတင်သည် မြန်မာအစိုးရကို ဝေဖန်သော ဆောင်းပါးများကို နှစ်ပေါင်းများစွာ ရေးသားခဲ့သည်။ ထိုဝေဖန်မှုများအတွက် သူအလွန်အမင်း ပေးဆပ်ခဲ့ရသည်။ သူသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရင်းနှီးသော နိုင်ငံရေးအကြံပေးလည်း ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံးအဖြစ်လည်း သတ်မှတ်ခံရသူ ဖြစ်သည်။

ပါတီတည်ထောင်ရာတွင် ကူညီခဲ့ပြီး ပါတီ၏ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ယခင်စစ်ခေါင်းဆောင်များနှင့် ပြန်လည်ရင်ကြားစေ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများသည် သူ့ကိုမည်သည့်အခါမှ စွန့်လွှတ်မည်မဟုတ်သော အဆုံးထိ ဖီဆန်သွားမည့် သူ၏ပြင်းထန်သော စိတ်ဓာတ်က ပေါ်ထွက်လာခြင်း ဖြစ်သည်။

“အရပ်သားအစိုးရလို့ ဖြစ်လာချိန်မှာလည်း တကယ်တော့ ဒီလူတွေနဲ့ပဲ ကျွန်တော်တို့က ဆက်ဆံနေရပါတယ်။ ယုံကြည်မှု တည်ဆောက်တာက အချိန်ယူရပါတယ်” ဟု သူကပြောခဲ့သည်။

ကျွန်တော်ပြန်ဖို့ပြင်တော့ ဦးဝင်းတင်၏ လက်ထောက်များက အိမ်ရှိပန်းခြံအတွင်းမှ အဖီထိုးထားသော တဲကုပ်သာသာနေရာဟု ထင်ရသည့် နေရာအား ကျွန်တော့်ကို အလွန်အမင်း ပြချင်နေခဲ့သည်။ ၀ါရင့်ဂျာနယ်လစ်ကြီးက လေ၀င်လေထွက်ကောင်းသော အိမ်ထဲမှ နှုတ်ဆက်နေခဲ့ပြီး ကျွန်တော်က ပူအိုက်နေသည့် နေလယ်အပူထဲ၌ အားလုံးက အရေးကြီးသည်ဟု ဆိုသည့်နေရာကိုကြည့်ရန် ထိုနေရာသို့ သွားခဲ့သည်။ တံခါးဝကို ကျွန်တော်တို့ ရပ်လိုက်ချိန်တွင် “ဒါက ဦးဝင်းတင်ရဲ့ အိမ်ပါ” ဟု ကျွန်တော့်ကို ဦးဆောင်ခေါ်သွားသော အမျိုးသားက ၀မ်းသာအားရ ပြောကြားခဲ့သည်။ ကျွန်တော် မှင်သက်သွားခဲ့သည်။

ဦးဝင်းတင်သည် သူ့သူငယ်ချင်း၏ အိမ်နောက်ဖေးတွင် စတည်းချကာ ထိုနေရာကို နေစရာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ သူကိုယ်ပိုင်အိမ်နှင့် ပိုင်ဆိုင်မှုအားလုံးနီးပါး အသိမ်းခံခဲ့ရပြီးနောက် ကျန်ခဲ့သည့် စာအုပ်အနည်းငယ်၊ ပန်းချီကားများနှင့် စာရေးစားပွဲ တစ်ခုတို့သာ ဖြစ်သည်။ လှူဒါန်းသူများနှင့် ထောက်ပံ့သူများထံမှ ရရှိသည့် ငွေများကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရန် တည်ထောင်ထားသည့် ဖောင်ဒေးရှင်းအတွက် သုံးစွဲသည်။

-မြန်မာ့သတင်းစာလောက၏ ဂုဏ်ထူးဆောင် ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ဥယျာဉ်ထဲရှိ တဲသာသာနေရာတွင် နေထိုင်နေသော်လည်း သူသည်ပျော်ရွှင်ကြောင်း သူ၏တပည့်များက ပြောကြားခဲ့သည်။

လိုအပ်သမျှအားလုံး သူ့တွင်ရှိနေပြီဖြစ်ကြောင်း ပြောကြားပြီး ထိုနေရာကို အဆင့်မြှင့်ရန် ကမ်းလှမ်းမှုများကို ဦးဝင်းတင်က ငြင်းဆိုခဲ့သည်။ ထူးထူးခြားခြားပင် ယင်းမြင်ကွင်းသည် လွတ်လပ်မှုကို ယုံကြည်သည့်အတွက် ဖိနှိပ်ခံရသော ရေတွက်မဆုံးသည့် အမျိုးသား၊ အမျိုသမီးထု မျိုးဆက်တွင် နှိမ့်ချမှုအရှိဆုံးသူ တစ်ဦးဖြစ်သည့် ထိုအမျိုးသားနှင့် လိုက်ဖက်နေသည်။

ထိုနေရာတွင် တမူထူးခြားသည့် တစ်ခုတည်းသော အရာမှာ သူ့စာရေးစာပွဲအထက် နံရံတွင် ထားရှိသော မျက်နှာပြင်ပြား တီဗွီကြီးဖြစ်သည်။ သူ၏ခုတင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ယင်းတီဗွီတွင် သူချစ်သော မန်ချက်စတာယူနိုက်တက် ဘောပွဲများကို သူကြည့်နိုင်သည်။

တကယ်ဆိုတော့ အပြောင်းအလဲသည် မျှော်လင့်မထားသော ထောင့်များမှပင် ပေါ်ထွက်လာခဲ့သည်။

အင်ဒရူးဟယ်စလော့
Director, Press Freedom
WAN-IFRA


-ရွှေကလောင်ဆုသည် သတင်းစာလွတ်လပ်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းများကို အသိအမှတ်ပြုသည့် အနေဖြင့် WAN-IFRA က နှစ်စဉ်ပေးအပ်သည့်ဆု ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရွှေကလောင်ဆုကို နှစ်စဉ်ပေးအပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ယင်းကဲ့သို့ဆုများတွင် ဂုဏ်သိက္ခာအကြီမားဆုံး ဆုတစ်ဆုဖြစ်သည်။ ဆုရရှိသူများ၏ သတ္တိ၊ စွန့်လွှတ်မှုအကြောင်းများ၊ အကျဉ်းကျခံရသည့် အကြောင်းများ၊ ရိုက်နှက်ညှဉ်းပန်းခံရမှုများ ဗုံးခွဲတိုက်ခိုက်မှုများ၊ စိစစ်တားမြစ်မှုများ၊ ပြည်ပခိုလှုံမှုများ၊ အသတ်ခံရမှုများ အကြောင်းများက ဆုရှင်များ၏ အမည်နှင့်အတူ မှတ်တမ်းရှိနေသည်။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းတွင် သတင်းစာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်မှုများ၏ စစ်မှန်သော သူရဲကောင်းများ ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် WAN-IFRA သည် မြန်မာဂျာနယ်လစ် ဦးစိန်ဝင်း (ဂါးဒီးယန်း) ကို ရွှေကလောင်ဆု ပေးအပ်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ကို ရွှေကလောင်ဆု ပူးတွဲပေးအပ်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ရွှေကလောင်ဆု ပေးအပ်ခဲ့သည်။

၂၀၁၄ ခုနှစ်အတွက် အကျဉ်းကျနေသော အီသီယိုပီးယား ဂျာနယ်လစ် အီစကင်ဒါနီဂါကို ရွှေကလောင်ဆု ပေးအပ်မည်ဖြစ်သည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် မကွယ်လွန်မီက နေထိုင်ခဲ့သော ရန်ကင်းမြို့နယ်အတွင်းရှိ နေအိမ်

No comments:

Post a Comment