CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အပစ်အခတ်ရပ်စဲရေး ဦးစားပေးဆောင်ရွက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
Thursday, March 27, 2014
-ပြည်တွင်းငြိမ်းချမ်းရေးအတွက်
အရင်ဆုံး အပစ်အခတ် ရပ်စဲရေးကိုသာ အကောင်အထည်ဖေါ်ရမယ်လို့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက်
တပ်မတော်နေ့ အခမ်းအနားမှာ ပြော လိုက်ပါတယ်။
၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကို နေပြည်တော်ကာင်စီ နယ်မြေ
ဇေယျသီရီမြို့နယ်က တပ်မတော်စစ်ရေးပြကွင်းမှာ ဒီနေ့မနက် ပိုင်းကကျင်းပရာ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြား ခဲ့တာပါ။
"နိုင်ငံတကာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် ငြိမ်းချမ်းရေးကို လိုလားသူတွေတိုင်း အဆင့်ဆင့်လိုက်နာဆောင်ရွက်သွားဖို့
လိုအပ်သလို အရေးကြီးဆုံးအချက်ကတော့ ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးပဲဖြစ်တယ်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွေ ဦးစွာမဆောင်ရွက်ပဲ
နိုင်ငံရေးဆွေနွေး ပွဲတွေဆောင်ရွက်လေလေ သဘောထားချင်းမတိုက်ဆိုင်တာနဲ့ အချိန်ကြန့်ကြာနိုင်သလို အချင်းချင်းကြား ညှိနှိုင်းသဘောတူညီချက်တွေပါ ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေဆီကိုပဲ ပြန်လည် ဦးတည်နိုင်တယ်ဆိုတာ သတိထားရမှာဖြစ်တယ်"
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့က နိုင်ငံရေးဆွေးနွေးပွဲတွေ အထိ
ရောက်ရှိမှ သာ ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန်ရရှိမယ်လို့
ပြောထားကြပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ
တပ်မတော်အတွက်၊ နိုင်ငံရေးပါတီ တစ်ခုအတွက်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်
ရေးဆွဲထားတဲ့ ဥပဒေမဟုတ်ကြောင်း ၊ ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်း
ရဲ့ဆန္ဒကို လေးစားရမှာဖြစ်ကြောင်းနဲ့ ပြင်ဆင်ဖို့လိုအပ်လာရင်
ဖွဲ့စည်းပုံပြင်ဆင်တဲ့ အခန်း ၁၂ ပါ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ရ
မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
"တစ်ဦးချင်းအတွက်၊
ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊
တပ်မတော် အတွက် ရေးဆွဲပြဌာန်း ထားတဲ့မူ မဟုတ်ဘူး၊
ဒါ့ကြောင့်ထောက်ခံဆန္ဒမဲပေးသူ
၉၂.၄၈ ရာခိုင်နှုန်း ရဲ့ဆန္ဒကို လေးစားရမှာဖြစ်တယ်၊ နိုင်ငံတော်ရဲ့
အချုပ်အချာအာဏာ ခက်မသုံးဖြာတို့ကို နည်းလမ်းတကျ တိုင်းထွာသုံးစွဲခြင်းနဲ့
ပြန်လှန် ထိန်းကျောင်းခြင်းကို အဟန့်အတားဖြစ်စေမဲ့ကိစ္စတွေ အခြေအနေအချိန်
အခါအရ အခြေခံလိုအပ်ချက်များနဲ့ သဟဇာတ မဖြစ်ပါစေ၊ ဖြစ်ပါစေ ပြင်ဆင် ဖို့
လိုအပ်လာရင်လည်း အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းမှာ
ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားရမှာဖြစ်တယ်"
ဖွဲ့စည်းပုံပါ အခန်း ၁၂ မှာ အဲဒီဖွဲ့စည်းပုံကို ပြင်ဆင်ရေး အတွက်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုအပြင်
ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ပြင်ဆင်နိုင်တယ်လို့ ပါရှိပါတယ်။
ဒီနေ့အခမ်းအနားကို ကြည်း၊ ရေ၊ လေတပ်တွေရဲ့ စစ်ရေးပြအခမ်းအနားနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလေးပြုခဲ့ကြသလို ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ သံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
RFA
အပစ်အခတ်ရပ်စဲရေး ဦးစားပေးဆောင်ရွက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
March 27, 2014
Rating:
5
No comments:
Post a Comment