Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 26, 2014

အေးခဲနေသည့် ရေခဲပြင်အောက်မှ ထူးခြားသော မြင်ကွင်းဓာတ်ပုံများ




 အေးခဲနေသည့် ရေခဲပြင်အောက်မှ ထူးခြားသော မြင်ကွင်းဓာတ်ပုံများ
ကမ္ဘာပေါ်တွင် အကြီးဆုံး ရေကန်ကြီးဖြစ်သည့် ဘိုင်ကယ်လ်ထဲသို့ ဆင်းသက်ကာ ရေခဲပြင်များအောက်မှနေ၍ ဆန်းကျယ်လှပသော ဓာတ်ပုံများကို ရိုက်ယူခဲ့သည်



အနုတ်(၂၀)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ အေးခဲနေသော ရေပြင်အောက်သို့ ဆင်းသက်ရန် ဆိုသည်မှာ အကြီးအကျယ် စွန့်စားရသည့် အခြေအနေတစ်ခု ဖြစ်နေသည်မှာ အငြင်းပွားစရာ မရှိချေ။ သို့သော်လည်း ယူကရိန်း ဓာတ်ပုံဆရာ အန်ဒရီရာ နက်ကရာဆော့ဗ် အနေဖြင့်မူ ယင်းကဲ့သို့ အန္တရာယ်များလှသည့် ပတ်ဝန်းကျင်မျိုးတွင် ခမ်းနားသော အလှတရားတစ်ရပ် ကိန်းအောင်းနေမည်ဟု အခိုင်အမာ ယူဆခဲ့သည်။

အသက်(၄၂)နှစ်ရှိ အန်ဒရီရာနှင့် ၎င်း၏အဖွဲ့သားများသည် ယူကရိန်းနိုင်ငံရှိ ၎င်း၏ မွေးရပ်မြို့ အိုဒက်ဇာမှ မိုင်ပေါင်း(၃၀၀၀)ကျော် ကွာဝေးသော ဆိုက်ဘေးရီးယားသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေကန်ကြီးဖြစ်သည့် ဘိုင်ကယ်လ်ထဲသို့ ဆင်းသက်ကာ ရေခဲပြင်များအောက်မှနေ၍ ဆန်းကျယ်လှပသော ဓာတ်ပုံများကို ရိုက်ယူခဲ့သည်။ ရေငုပ်ဝါသနာပါသည့် အန်ဒရီရာသည် အိုဒက်ဇာတွင် ရှိနေစဉ်ကလည်း Nemo Dolphinarium ငါးပြတိုက်မှ ဘီလူဂါဝေလငါးလေးများနှင့် အတူရေကူးရင်း ထူးခြားသည့် ဓာတ်ပုံများ ရိုက်ယူခဲ့သေးသည်။

ယခုတစ်ကြိမ်တွင်လည်း အန်ဒရီရာသည် ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ် တစ်ခုအနေဖြင့် သတ်မှတ်ထားသော ဘိုင်ကယ်လ်၏ ရေခဲနေသော မျက်နှာပြင်ကို တူးဆွဖောက်ထွင်းကာ အနုတ်(၂၀)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ အေးစက်နေသော ရေထဲဆင်းပြီး ကြည်လင်ရွှမ်းပသည့် မြင်ကွင်းများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ အန်ဒရီရာသည် ရေခဲပြင်မှ ပေ(၅၀)အနက်ထိ ဆင်းသက်ကာ ဓာတ်ပုံများ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ အေးခဲနေသော ရေအောက်ကမ္ဘာမှ ဆန်းကျယ်သော အလှမျိုးသည် ကမ္ဘာပေါ်တွင် လူပေါင်း အနည်းငယ်သာ တွေ့မြင်ဖူးဖွယ် အခြေအနေရှိပြီး ယင်းကို အန်ဒရီရာက ဓာတ်ပုံပညာဖြင့် မှတ်တမ်းရယူရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။ အန်ဒရီရာ၏ ဓာတ်ပုံများကိုမူ Collection တစ်ခုအဖြစ် ပြသလာခြင်း မရှိသေးပေ။

ဘိုင်ကယ်လ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေကန်ကြီးဖြစ်ပြီး စတုရန်းမိုင် (၁၂၂၀၀)ထိ ကျယ်ဝန်းသည်။ ယင်းသည် မြောက်အမေရိကတိုက်ရှိ နာမည်ကျော် Great Lakes စာရင်းဝင် ရေကန်ကြီး အားလုံးပေါင်း၏ အကျယ်ထက်ပင် ပို၍ကျယ်သေးသည်။ ဘိုင်ကယ်လ်တွင် တိရစ္ဆာန်နှင့် အပင်မျိုးစိတ် (၁၇၀၀)ကျော် မှီတင်းရှင်သန်နေကြောင်းလည်း သိရှိရသည်။

Planet Myanmar network










No comments:

Post a Comment