ရန်ကုန်၊ ဖေဖော်ဝါရီ-၈
ဖေဖော်ဝါရီ ၄ ရက်မှစ၍ ရွာလုံးကျွတ်ဖျက်ဆီး ခံခဲ့ရသည့် ရန်ကုန်တိုင်း
ဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှ ရွာသူ၊ ရွာသားများက ဖေဖော်ဝါရီ
၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်း၌သတင်းစာ
ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ရာ ယင်းသတင်းစာရှင်းလင်း ပွဲသို့
သွားရောက်သည့် ရန်ကုန်အခြေစိုက် သတင်းမီဒီယာများမှ သတင်းထောက်များအား
သမီးကလေးရွာ မရောက်မီ ရကသလမ်းဆုံ၌ ရကသ (၂) တပ်မှ အရာရှိနှင့် တာဝန်ကျစစ်သား
၁၀ ဦးခန့်က ရင့်သီးစွာပြောဆို တားဆီးကာ ကင်မရာနှင့်လက်ကိုင်ဖုန်းများကို
လုယူ စစ်ဆေးခြင်းများ
ပြုလုပ်ခဲ့ကြသည်။
သမီးကလေးကျေးရွာသို့ သွားရောက်ရာကြီးလေးကြီး လမ်းမကြီးသည် ရွာဖျက်နေစဉ်ကာလ
အတွင်း ယာယီပိတ်ထားခဲ့သည်ဟုသိရပြီး နောက် ပိုင်းတွင် စစ်ဆေးရေးဂိတ်၌
စစ်ဆေးပြီးမှ ဖြတ်သန်းသွားလာ ခွင့်ပြုနေ သော်လည်း မီဒီယာသမားများ
လိုက်ပါလာသော ကားနှစ်စီးကိုသာ တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
' ဒါဟာ မီဒီယာသမားတွေမှန်းသိလို့ ရည်ရွယ်ချက်ရှိရှိနဲ့တားတာ။ အဖြစ်မှန်ကို
မသိစေချင်လို့ သတင်းအမှောင်ချတယ်လို့ ယူဆလို့ရတယ်။ တာဝန်အရတားတယ်ဆိုတောင်မှ
ပွင့်ပွင့်လင်းလင်းရှင်းပြပြီး တားလို့ရတာ
ကိုရင့်ရင့်သီးသီးပြောဆိုခြိမ်းခြောက်ပြီး နောက်ပြန်လှည့်ခိုင်းတာကအာဏာ
ကိုတလွဲအသုံးပြုတာပဲ ' ဟု သတင်းယူရန်လိုက်ပါလာသည့် နေ့စဉ်ထုတ်
သတင်းစာတစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောသည်။
စစ်တပ်က ယင်းသို့ တားဆီးရာတွင် တားဆီးရသည့်အကြောင်းအရင်းအား သိလို၍
မီဒီယာသမားများက မေးမြန်းရာ ' ဒီနေရာက သွားလို့မရဘူး။ ဘယ်သူမသွားခိုင်းလည်း
ဆိုတာလည်း ပြောစရာအကြောင်းမရှိဘူး။ မင်းတို့က မီဒီယာကဆိုတိုင်း ငါက
ထိုင်ကန်တော့ရမှာလား။ ကားကို တပ်ထဲမောင်း၊ ဒီကောင်တွေ အကုန်လုံးကို ဆွဲချ၊
ဓာတ်ပုံရိုက်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေအကုန်ယူ၊ ပုံတွေအကုန်ဖျက် ' ဟု
အရာရှိဟု ယူဆရသူက ရင့်သီးစွာပြောဆို၍ အမိန့်ပေးသည်။
ထို့နောက် လုံခြုံရေးစစ်သားများက ကားပေါ်လိုက်ပါလာသော မီဒီယာ သမားများနှင့်
အလှူရှင်တချို့၏ ကင်မရာနှင့် လက်ကိုင်ဖုန်းများကိုလုယူကာ ၎င်းတို့ရင့်သီးစွာ
ပြောဆိုထားသည့် ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များကို ဖျက်ဆီးကြသည်။
'ကျွန်မတို့က အဖျက်ခံလိုက်ရတဲ့ ရွာတွေကို ရိက္ခာသွားပို့တာ။ လူလူချင်း
ဆက်ဆံတာက နိုင်ထက်စီးနင်းဆန်လွန်းတယ်။ ကျွန်မတို့ကို တိရစ္ဆာန်တွေလို
ဆက်ဆံတာ လုံးဝလက်မခံနိုင်ဘူး ' ဟု ကားပေါ်တွင် မီဒီယာသမားများနှင့်အတူ
လိုက်ပါလာသော အမျိုးသမီးဆရာဝန်တစ်ဦးက ၎င်း၏ ခံစားချက်ကို ပြောပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန် မီဒီယာဂရု(ပ်)မှ သတင်းထောက် တစ်ဦးက
ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးတင်ဝင်းထံ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံရာ
အလုပ်များနေကြောင်းနှင့် ယခု ဖုန်းဖြင့်ဆက်သွယ်သူမှာ မီဒီယာသမားဟု အတည်ပြု၍
မရနိုင်သောကြောင့် ဖြေရှင်းပေးရန် ငြင်းဆန်ပြီး ဖုန်းချသွားခဲ့သည်။
တပ်ပိုင်မြေအပေါ် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်မှ စ၍
ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ ရွာသူရွာသားများသည် လက်ရှိတွင်
အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေရပြီး ယင်းသို့ ဒုက္ခသည်များကို
လက်ခံပေးထားသော ဘုန်းတော်ကြီးကျောင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက
လက်ခံခြင်းမပြုရန် ဖိအားပေးထားကြောင်း သိရသည်။
လတ်တလောတွင် သမီးကလေးကျေးရွာ အရှေ့စုနှင့် အနောက်စုမှ အိမ်ခြေ ၄၀၀အပါအ၀င်
အုတ်ဖို၊ အင်းပတီး၊ ဒေါ်ကာလီနှင့် အနီးဝန်းကျင်ရွာ တချို့မှ အိမ်ခြေ ၁၅၀
ခန့်ကိုလည်း တပ်ပိုင်မြေအပေါ် ကျူးကျော် ဆောက်လုပ်ထား သည်ဟုဆိုကာ
တာဝန်ရှိသူများက ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
အောင်မြင်ရဲဇော်
စံတော်ချိန် နေ့စဉ်သတင်းစာ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 9, 2014
သမီးကလေးရွာ သတင်းစာ ရှင်းလင်းပွဲ သွားသည့် မီဒီယာများအား နယ်မြေခံ စစ်တပ်က တားဆီး၍ ကင်မရာနှင့် ဖုန်းများ လုယူစစ်ဆေး
သမီးကလေးရွာ သတင်းစာ ရှင်းလင်းပွဲ သွားသည့် မီဒီယာများအား နယ်မြေခံ စစ်တပ်က တားဆီး၍ ကင်မရာနှင့် ဖုန်းများ လုယူစစ်ဆေး
Reviewed by VC
on
February 09, 2014
Rating: 5
Reviewed by VC
on
February 09, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment