CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 23, 2014
ဖားကန့် ကျောက်စိမ်းမှော် ဒေသကို ဇာတ်အိမ် တည်ထားသည့် ပထမဆုံးသော ကချင် ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးမည်
Monday, February 24, 2014
ကမ္ဘာကျော် ကျောက်စိမ်းတွင်းများ တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ကို ဇာတ်အိမ် တည်ထားသည့် ကျောက်စိမ်း မြို့တော်ဟု အမည် ပေးထားသည့် ပထမဆုံးသော ကချင် တိုင်းရင်းသား ရုပ်သံ ဇာတ်လမ်းတွဲကို လာမည့် သီတင်းပတ် အတွင်း စတင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းဇာတ်လမ်းတွဲ ရိုက်ကူးမည့် ကချင် တိုင်းရင်းသား အနုပညာရှင် ဒါရိုက်တာ သရုပ်ဆောင် အဆိုတော် ဒေါင်လွဏ်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။
ဇာတ်လမ်းအမည် “ကျောက်စိမ်းမြို့တော်” ဟု အမည် ပေးထားသည့် ယင်းရုပ်သံ ဇာတ်လမ်းတွဲတွင် မြန်မာနိုင်ငံအတွက် အခွန်ဝင်ငွေများ ရရှိနေသည့် ကမ္ဘာကျော် ကျောက်စိမ်းများ အကြောင်းနှင့် ကျောက်စိမ်းကို အမှီပြုကာ အသက်မွေး ဝမ်းကျောင်းနေသည့် ဘဝများ အကြောင်း သရုပ်ဖော် ရိုက်ကူးသွားမည် ဖြစ်ပြီး ဇာတ်လမ်းတွင် ပါဝင်သည့် ဇာတ်ဝင်ခန်းများကို မြစ်ကြီးနား၊ ဖားကန့်၊ တနိုင်း၊ ရန်ကုန်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တရုတ်ပြည် နယ်စပ်တို့တွင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ ဒေါင်လွဏ်းက ဆိုသည်။
“ဒီဇာတ်လမ်း ရိုက်ကူးဖို့ အတွက် ၃ လလောက် အချိန်ယူ ပြင်ဆင်ထားတယ်။ ဒီဇာတ်ကားက တစ်နိုင်ငံလုံး မြင်နေကျ ဇာတ်ရုပ် မဟုတ်ဘူး။ ကချင်စကား ပြောမယ်။ မြန်မာ စာတမ်းနဲ့ အင်္ဂလိပ် စားတန်း ထိုးမယ်။ ဇာတ်လမ်း အပိုင်းပေါင်း ၃၂ ပိုင်းထိ ပါမယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် နည်းနည်း ဆန်းမယ်။ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွေ အထိ ရည်ရွယ်ထားတယ်။ ကျွန်တော် ထင်တယ် စိတ်ဝင်စားမှု တစ်ခုတော့ ရလိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းကဆိုသည်။
ဇာတ်လမ်း အစအဆုံး ကချင် ဘာသာဖြင့် ရိုက်ကူးမည့် အဆိုပါ ရုပ်သံ ဇာတ်လမ်းတွင် ဒေါင်လွဏ်း အပါအဝင် ကချင် တိုင်းရင်းသား အနုပညာရှင်များ ဖြစ်သော မရန်ဆိုင်းနော်၊ တိန့်ဆောင်၊ စောမ်စောမ်ပန်၊ Mဂျာအောင်နှင့် အခြား မျက်နှာသစ် အမျိုးသမီး သရုပ်ဆောင် တစ်ဦးတို့ အဓိက ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ “ကျောက်စိမ်းမြို့တော်” ရုပ်သံ ဇာတ်လမ်း ရိုက်ကူးရေးအား Sky Net Channel မှ ထုတ်လုပ်သူ အဖြစ် တာဝန်ယူထားပြီး ရိုက်ကူးမှု ပြီးဆုံးပါက Sky Net ရုပ်သံလိုင်းများတွင် ထုတ်လွင့် ပြသသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ ဒေါင်လွဏ်းက ဖြည့်စွက် ပြောကြားသည်။
ယင်းကဲ့သို့သော တိုင်းရင်းသား ရုပ်သံ ဇာတ်လမ်းတွဲ များအား ကချင် တိုင်းရင်သား အနုပညာ လောကသာမက အခြားသော တိုင်းရင်းသား အနုပညာ လောကတွင်ပါ ရိုက်ကူးခြင်း မရှိသေးသောကြောင့် ယခု ရိုက်ကူးမည့် “ကျောက်စိမ်းမြို့တော်” ရုပ်သံ ဇာတ်လမ်းတွဲသည် တိုင်းရင်းသား အနုပညာ လောကတွင် ပထမဆုံးသော တိုင်းရင်းသား ရုပ်သံ ဇာတ်လမ်းတွဲ ဖြစ်ကြောင်း အဆိုပါ ဇာတ်လမ်းတွဲအား ရိုက်ကူးမည့် ဒါရိုက်တာထံမှ ဆက်လက် သိရှိရသည်။
The Voice Weekly
ဖားကန့် ကျောက်စိမ်းမှော် ဒေသကို ဇာတ်အိမ် တည်ထားသည့် ပထမဆုံးသော ကချင် ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 23, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 23, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment