Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 12, 2014

သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေ


၁၃.၂.၂၀၁၄၊ ကြာသပတေးနေ့

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်မှုများ ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

သို့သော် ယင်းသို့ဝင်ရောက်လာမှုများ အနေဖြင့် သန်းခေါင်စာရင်း နည်းစနစ်များအရ ပြန်လည်ဝင်ရောက်ရန် မလိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ရှင်းလင်းခဲ့သည်။

“ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ပြန်ဝင်လာမှုတွေ ဖြစ်နေတယ်။ အဓိကတော့ မလိုအပ်ဘူး။ အဓိကအတွက်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တွေ့ပြီး အသိပေးမှုတွေ ပြုလုပ်နေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူခံရရန် မိသားစုလိုက် ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်း အမျိုးအစားများသာ ပြန်လာသင့်ကြောင်း၊ တစ်ဦးတစ်ယောက်တည်း အနေဖြင့် ပြန်လည်ဝင်ရောက်ခြင်း မပြုလုပ်သင့်ကြောင်း ၀န်ကြီးက ပြောကြားသည်။

ယင်းသို့ ပြန်လည်ဝင်ရောက်မှုများ အနေဖြင့် ထိုင်းနိုင်ငံဘက်မှ အများဆုံးပြုလုပ်နေပြီး ထိုင်းနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် အပြီးပြန်လည်နေထိုင်ရန် ၀င်ရောက်လာသော မြန်မာနိုင်ငံသားများ ပါရှိနေပြီး ရောထွေးမှုများ ရှိနေသည့်အတွက် စာရင်းအတိအကျကို ပြုလုပ်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က “၀င်မလာနဲ့ ဆိုတော့လည်း လုပ်လို့မရဘူး။ ဒါက ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်နေတာကိုး။ ဒါပေမဲ့ အလုပ်အကိုင်ရှိတဲ့သူဆိုလည်း ပျက်သွားနိုင်တယ်လေ” ဟု ပြောကြားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက် သန်းခေါင်အချိန်မှ စတင်ကာ ကောက်ယူသွားမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ကောက်ယူမည်ဖြစ်ကြောင်း၊ ယင်းသို့ကောက်ယူမှုမှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြင် နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးဘာသာ စသည်တို့အပေါ် ဖိနှိပ်အမြတ်ထုတ်ရန်တို့နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း အချက်အလက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၊ လက်ရှိနှင့်အနာဂတ် စီမံကိန်းများနှင့် မူဝါဒများရေးဆွဲသည့် လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူမှုအတွက် အမေရိကန်ဒေါ်လာ ၇၄ သန်းကုန် ကျမည်ဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment