CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 14, 2014
မြတ်ရတနာ ပုဂ္ဂလိက ကျောင်းသားများ အပန်းဖြေ ခရီးအပြန် ယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
မန္တလေး၊ ဖေဖော်ဝါရီ ၁၃
မန္တလေး မြို့တော်ရှိ မြတ်ရတနာ ကိုယ်ပိုင် ပုဂ္ဂလိက အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒီးဒုတ် ရေတံခွန်သို့ အပန်းဖြေခရီး သွားရောက်ပြီး အပြန် အေသုံးလုံး ဘိလပ်မြေ စက်ရုံအနီးတွင် ကျောင်းသားများ လိုက်ပါလာသည့် လိုက်ထရပ်ယာဉ်သည် အခြား ယာဉ်တစ်စီးကို ကျော်တက်ရာမှ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကာ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာတစ်ဦးက ပြောကြားသည်။
အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရရှိသူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီတွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိ လာကြောင်း အဆိုပါ ဆေးရုံ မှတ်တမ်းများအရ သိရသည်။
အဆိုပါ အထက်တန်း ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ ဖြေချိန်အနီး အပန်းဖြေခရီးအဖြစ် ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ဒီးဒုတ် ရေတံခွန်သို့ ကျောင်းသူများ ပါဝင်သည့် ကားတစ်စီးနှင့် ကျောင်းသားများ ပါဝင်သည့် ကားနှစ်စီး စုစုပေါင်း ကားသုံးစီးတို့ဖြင့် သွားရောက်ခဲ့ကြရာမှ အဆိုပါ ကျောင်းကားများ အချင်းချင်း ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဖြစ်စဉ်များအရ သိရသည်။
“တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး သေဆုံး သွားခဲ့ရပါတယ်။ အရမ်း ဝမ်းနည်းဖို့ ကောင်းပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသား မိဘတွေနဲ့လည်း ဖြစ်တဲ့နေ့က ချက်ချင်း တွေ့ဆုံပြီးပါပြီ။ သူတို့ဘက်က လိုတာတွေ အားလုံး ဖြည့်ဆည်းပေးမှာပါ။ ကားသမားလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်လို့ သိရတယ်။ အခုထိတော့ အမှုဖွင့်တာတို့ ဘာတို့တော့ မလုပ်ရသေးဘူး။ ဆေးရုံပေါ်မှာ ရောက်ရှိနေတဲ့ ကလေးတွေ အတွက်ပဲ အာရုံစိုက်နေပါတယ်။ ကလေးတွေ အမြန်ဆုံး သက်သာအောင်၊ လိုအပ်တဲ့ အကူအညီအားလုံး ကျောင်းက လုပ်ဆောင် ပေးနေပါတယ်” ဟု မြတ်ရတနာ ကိုယ်ပိုင်အထက်အတန်း ကျောင်းဆရာ တစ်ဦးက ဆိုသည်။
အဆိုပါ ဒဏ်ရာရသူ ၁၄ ဦးတွင် ပါဝင်သည့် အဆောင်မှူး ဖြစ်သူမှာလည်း ဦးခေါင်းပိုင်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး ကျောင်းသား နှစ်ဦးလည်း ဦးခေါင်းပိုင်း ဒဏ်ရာ ရရှိခဲ့ကာ တစ်ဦးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ခွဲစိတ်ခန်း ဝင်နေပြီး ကျန်တစ်ဦးမှာမူ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှ လွတ်မြောက်လာပြီ ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
“သားက ဦးခေါင်းခွံ နည်းနည်း ချိုင့်ဝင်သွားတယ်။ အခုထိတော့ သတိကောင်းကောင်း မရသေးဘူး။ ကားတိမ်းစောင်း မှောက်သွားတဲ့ အခြမ်းဘက်မှာ သူက ထိုင်ခဲ့တော့ မှောက်တဲ့အချိန် တစ်ဖက် လူတွေက သူ့အပေါ် ပိကုန်တယ်။ သူနဲ့အတူ ဘေးမှာထိုင်တဲ့ သူ့သူငယ်ချင်း ကောင်လေးကတော့ ဦးနှောက် သွေးခဲသွားတယ် ကြားတာပဲ။ အခုတော့ ခွဲခန်း ဝင်နေတယ်။ ကားသမားတွေက ပြိုင်မောင်းကြတာ။ ပြီးတော့ ကားသမားတွေက အရက်မူးနေတယ်လို့လည်း ကလေးတွေက ပြောကြတယ်။ ကံမကောင်းစွာနဲ့ပဲ ကလေးတစ်ဦးလည်း သေဆုံးသွားတယ်လို့ ကြားတယ်။ ကျောင်းက ဆရာ၊ ဆရာမကြီးတွေက ကလေးတွေအပေါ် ကောင်းကြပါတယ်။ အခုဆို ဆေးရုံ မှာ လိုအပ်သမျှကို သူတို့အကုန် လုပ်ပေးနေတာ” ဟု တိမ်းမှောက်သည့် ကားတွင် ပါဝင်သူ နဝမတန်း ကျောင်းသား အောင်မြင့်မြတ်၏ မိခင်ဖြစ်သူက ဆိုသည်။
အဆိုပါ ခရီးစဉ်မှာ မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အပတ်စဉ် ဂုဏ်ထူးရသူ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို လိုက်ပို့ပေးခြင်း ဖြစ်ပြီး ကျန်ကျောင်းသား၊ ကျောင်းသူ အချို့လည်း ပါဝင်သဖြင့် ခရီးစဉ်တွင် ပါဝင်သည့် လူဦးရေကို အတိအကျ ပြောကြားခြင်း မရှိပေ။
The Voice Weekly
မြတ်ရတနာ ပုဂ္ဂလိက ကျောင်းသားများ အပန်းဖြေ ခရီးအပြန် ယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
Reviewed by VC
on
February 14, 2014
Rating: 5
Reviewed by VC
on
February 14, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment