Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀၀ ကျော်ကို ပလပ်မြေပေါ် ကျူးကျော်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပေးရန် အမိန့်ထုတ်ပြန်


Published on: February 12, 2014
Written by: ကြည်နိုင်၊ ဖြိုးသူရ၀င်း

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်၊ အပိုင်း (၁) ရှိ အိမ်ခြေ ၂၅၀၀ ကျော်ကို ပလပ်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အမိန့်ထုတ်ပြန်ထားကြောင်း ၆၇ ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

အဆိုပါ အိမ်ခြေ ၂၅၉၀ အနက် အိမ်ခြေ ၅၉၂ လုံးမှာ ၂၀၀၈ ခုနှစ် မတိုင်မီကတည်းက နေထိုင်ခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဆန္ဒမဲပေးခဲ့သူများဖြစ်ကာ ကျန် ၁၉၀၈ လုံးမှာ ၂၀၁၂ နောက်ပိုင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနှင်းအောင်ဇော်က ပြောကြားသည်။

“လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဒီနေရာက အိုးအိမ်ပိုင်တဲ့မြေ ဖြစ်ခဲ့တယ်။ အဲဒီနောက် အနုပညာသည်တွေကို တစ်ကွက်ကို နှစ်သိန်းနဲ့ ချရောင်းပေးခဲ့တယ်။ ဒါပေမဲ့ အစိုးရကပဲ အဲဒီနှစ်သိန်းတန်ကွက်တွေ ၀ယ်ပြီးနေတဲ့သူတွေကို နှစ်သိန်းစီပြန်ပေးပြီး ရွာသာကြီးဘက်မှာ မြေကွက်တွေ ပြန်ပေးခဲ့တယ်။ အဲဒီတုန်းက အကြောင်းအမျိုးမျိုးကြောင့် မြေကွက်ပြန်မယူခဲ့တဲ့ ခြံကွက် ၁၁ ကွက်ရှိခဲ့တယ်။ အဲဒါကလွဲရင် ကျန်တာကျူးတွေ ဖြစ်ပါတယ်။ နောက်ဆုံးအချိန်မှာ ကျူးကျော်တဲ ၂၅၀၀ ကျော်ရှိတယ်။ ၅၉၂ လုံးက ၂၀၀၈ မတိုင်ခင်ကတည်းက ရှိတာဖြစ်ပြီး ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲတွေပေးခဲ့တဲ့သူတွေ ဖြစ်တယ်။ ကျန်တဲ့ ၁၉၀၈ လုံးက ၂၀၁၂ နောက်ပိုင်းမှာ ရောက်ရှိလာတာ ဖြစ်ပါတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနှင်းအောင်ဇော်က ဖေဖော်ဝါရီ ၁၁ ရက်က ပြောကြားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သော အမိန့်စာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် ပလပ်မြေပေါ်တွင် တရားမ၀င်ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်လျက်ရှိသည့် ကျူးကျော်တဲများကို ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ရမည်ဖြစ်ကာ အမိန့်စာကို မလိုက်နာပါက အက်ဥပဒေ ပုဒ်မ-၂၁ (၁) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယင်းရပ်ကွက်တွင် နေထိုင်သူ အများစုတွင် ယာယီသန်းခေါင်စာရင်းများ၊ အိုးအိမ်ဌာနမှ သတ်မှတ်ပေးသွားသည်ဟုဆိုသော ခြံနံပါတ်များရှိနေကြောင်း သိရသည်။

“ဒီမှာနေတာ တစ်နှစ်လောက်ရှိပါပြီ။ ဒီနေရာက မြေကွက်တွေ ဈေးချိုတယ်ဆိုလို့ မရှိရှိတာရောင်းချပြီး နေထိုင်နေရတာပါ။ ကျူးကျော်ဆိုပြီး အဖျက်ခံရရင် ဘယ်နေရာပြောင်းရမလဲ မသိသေးဘူး။ လက်ရှိကျောင်းသားတွေနဲ့ဆိုတော့ စိတ်ညစ်တာပဲသိတယ်။ ဆင်းရဲတဲ့ပြည်သူတွေ ဘယ်သူမှမပိုင်တဲ့မြေပေါ်မှာနေတာ နေစရာမရှိလို့ပါ။ အိမ်မှာ မိသားစု ၁၀ ယောက်ရှိပါတယ်” ဟု ၆၇ ရပ်ကွက် အပိုင်း (၁) နေ ဒေါ်စန်းနွဲ့ကဆိုသည်။

အဆိုပါရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဘုန်းကြီးကျောင်း၊ ရပ်ကွက်ဓမ္မာရုံ၊ မီးကင်းတဲ၊ နာရေးကူညီမှုအသင်းတို့ ရှိနေကြောင်း သိရသည်။

အဆိုပါ ဖျက်သိမ်းရမည့် ၆၇ ရပ်ကွက် အပိုင်း (၁) တွင် ပြည်သူ့အိမ်ရာစီမံကိန်း ဆောက်လုပ်ရန်မြေ၊ မကျူးကျော်ရ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနဟူသော ဆိုင်းဘုတ်ကိုတွေ့ရပြီး ကပ်လျက်တွင် ဧရာဝဏ်တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တည်ဆောက်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ပေးရန် အမိန့်စာထုတ်ပြန်ထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်၊ အပိုင်း ၁ ရှိ လူနေအိမ်များကို ဖေဖော်ဝါရီ ၁၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

Eleven Media Group

No comments:

Post a Comment