Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 15, 2014

မြန်မာသည် အာရှ၌ ဆင်စွယ်ရောင်းဝယ်မှု အများဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံသည် အာရှဒေသ တစ်ခွင်၌ ဆင်စွယ်နှင့် ဆင်စွယ်ထွက်ကုန် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားမှု အများဆုံး ပြုလုပ်နေသည့် နိုင်ငံဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် တောရိုင်း တိရစ္ဆာန်နှင့် ပန်းမျိုးနွယ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင်ရှိသော ရှမ်းပြည်နယ် မိုင်းလားမြို့သည် ဆင်စွယ် မှောင်ခို အရောင်းအဝယ် အများဆုံး ပြုလုပ်နေသည့် ဈေးကွက် တစ်ခု ဖြစ်ပြီး ယင်းဒေသတွင်း၌ ဆင်စွယ်နှင့် ဆင်စွယ်ထွက်ကုန် ရောင်းချနေသော ဆိုင်ခန်းပေါင်း ၂၇ ခု အထိ ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းဒေသတွင် ရောင်းချသည့် ဆင်စွယ်များကို နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံသားများက အများဆုံး ဝယ်ယူကြကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

အဆိုပါ အဖွဲ့အစည်း၏ စစ်ဆေးချက်အရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုင်းလားမှ တရုတ်နိုင်ငံ ဂွမ်ဒေါင်းမြို့သို့ တင်ပို့ခဲ့သည့် ဆင်စွယ် ခြောက်တန်ကို တရုတ်အစိုးရက ဖမ်းဆီးရရှိခဲ့ပြီး တရားမဝင် ဆင်စွယ် ရောင်းဝယ် ဖောက်ကားမှု ဆန့်ကျင်ရေး သဘောတူညီချက်အရ အဆိုပါ ဆင်စွယ်များကို ဖျက်ဆီးပစ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု ဆန့်ကျင်ရေး သဘောတူ စာချုပ်တွင် သဘောတူလက် မှတ်ရေးထားပြီး အဆိုပါ သဘောတူညီချက်ပါ စည်းမျဉ်းများကို ချိုးဖောက်သည့်အတွက် သက်ဆိုင်ရာ အစိုးရများထံမှ ဖြေရှင်းချက် တောင်းခံသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ ပါမောက္ခ Nijman က ဆိုသည်။
“အခုလို တစ်နှစ်ထက်တစ်နှစ် တိရစ္ဆာန် ထွက်ကုန် မှောင်ခို ရောင်းချမှု မြင့်တက်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာ သဘောတူညီချက်တွေမှာရော တရားဥပဒေ စိုးမိုးမှု အားနည်းနေလွန်းတယ် ဆိုတာကို မီးမောင်း ထိုးနေတာပါပဲ။ ဒီဈေးကွက်ကြီး ပျောက်သွားဖို့အတွက် မြန်မာအစိုးရမှာ အများကြီး တာဝန်ရှိပါတယ်” ဟု ယင်းအဖွဲ့၏ ဒါရိုက်တာ Dr.Chris R Shepherd က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် အာဆီယံနိုင်ငံများဆိုင်ရာ တောရိုင်း တိရစ္ဆာန်များနှင့် သစ်ပင်မျိုးနွယ်များ အကာအကွယ်ပေးရေး ကွန်ရက်ဥက္ကဋ္ဌ ရာထူးကို ဆက်ခံရတော့မည်ဖြစ်သော ကြောင့် တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ကုန် တရားမဝင် မှောင်ခိုဈေးကွက် ပပျောက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်သင့်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် တောရိုင်း တိရစ္ဆာန်နှင့် ပန်းမျိုးနွယ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (TRAFFIC) သည် အောက်စဖို့ဒ် ဘရွတ်ကီ တက္ကသိုလ်နှင့် ပူးပေါင်း၍ ၂၀၀၆ ခုနှစ်မှစတင်ကာ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ကုန်များ မှောင်ခိုင် ဈေးကွက်ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာများ နှစ်စဉ် ထုတ်ပြန်လျက်ရှိသည်။

အဆိုပါ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်များတွင် မြန်မာနိုင်ငံ၌ ကျား၊ ငှက် အမျိုးမျိုး၊ ဆင်စသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ကုန်များ၏ မှောင်ခို ဈေးကွက်ကြီးတစ်ခု ရှိနေပြီး ဆင်စွယ် ဈေးကွက်သည် အကြီးမားဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment