Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

အသတ်ခံထားရသည့် လူသေအလောင်း လှိုင်သာယာရှိ ရေမြောင်းအတွင်းတွေ့


လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ ရေမြောင်းတစ်ခုအတွင်း အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိသဖြင့် သေဆုံးသူ၏ဇနီးဖြစ်သူက ဇန်န၀ါရီ ၂၈ ရက်တွင် အမှုဖွင့်တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် ညောင်ရွာနေ အသတ်ခံရသူ၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ဝေ (၄၇)နှစ်က အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက် နံနက် ၉ နာရီက ခင်ပွန်းဖြစ်သူ ဦးမြင့်ဆွေ (၅၇)နှစ်သည် စက်မှုဇုန် (၁)၊ ပန်းလှိုင်ဂေါက်ကွင်းလမ်းဘေး၊ ပိုလိုပေါင်မုန့်စက်ရုံရှေ့ရှိ အကျယ်ငါးပေ၊ အနက် တစ်ပေခန့်ရှိ ရေမြောင်း အတွင်း သေဆုံးနေကြောင်းကြားသဖြင့် တရားလိုမှာ သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ခင်ပွန်းဖြစ်သူမှာ လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲရင် အုံထိုးသွင်းဒဏ်ရာ နှစ်ချက်တို့ ရရှိထားသည်ကိုပါ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသူသည် ဇန်န၀ါရီ ၂၇ ရက်က လက်သမားလုပ်ရန် နေအိမ်မှထွက်သွားရာ ပြန်လည်ရောက် ရှိလာခြင်း မရှိဘဲယခုမှ သေဆုံးလျက် ပြန်လည်တွေ့ရှိရသဖြင့် ခင်ပွန်းဖြစ်သူအား သေဆုံးအောင် ပြုလုပ်ခဲ့သူကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာ ရဲစခန်းက (ပ)၁၁၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး လူသတ်မှု ပုဒ်မ ၃၀၂ဖြင့် အရေးယူနိုင်ရန် ပြစ်မှုကျူးလွန်သူကို စုံးစမ်းရှာဖွေလျက် ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့က ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment